Huawei က ကုမ္ပဏီရဲ့ ပထမဆုံး ခေါက်ချိုးဖုန်းဖြစ်တဲ့ ‘Mate X’ ရောင်းမယ့်ရက်ကို ထပ်ရွှေ့လိုက်ပြန်ပါပြီ။ တရုတ်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတခုမှာ စက်တင်ဘာလမှာ ရောင်းဖို့ “လုံးဝမဖြစ်နိုင်တော့ဘူး” လို့ ကုမ္ပဏီကိုယ်တိုင် TechRadar ကို ပြောကြားခဲ့တာဖြစ်ပါတယ်။

Huawei ဟာ Mate X ဖုန်းကို မူလက ဇူလိုင်လမှာ စရောင်းဖို့ စီစဉ်ထားတာပါ။ ဒါပေမယ့် Samsung ရဲ့ Galaxy Fold ဖုန်းမှာ Display ပိုင်းဆိုင်ရာ ပြဿနာလေးတွေ ကြုံခဲ့ရတာကြောင့် Huawei ကလည်း သူ့ဖုန်းကို အချိန်ယူပြင်ဆင်ဖို့အတွက် စက်တင်ဘာကျမှ ရောင်းတော့မယ်လို့ ပြန်ကြေညာလိုက်ပါတယ်။ အခုတော့ စက်တင်ဘာလမှာလည်း မရောင်းနိုင်တော့ဘူးလို့ ပြောလိုက်ပြန်ပါပြီ။ ဘယ်လကျမှ ရောင်းမလဲဆိုတာတောင် မပြောတော့ပါဘူး။

သိရသလောက်တော့ Mate X ကို နိုဝင်ဘာလမှာလည်း ရောင်းနိုင်ဦးမှာ မဟုတ်ပါဘူးတဲ့။ ဒီနှစ်ထဲတော့သေချာပေါက် ရောင်းမှာပါလို့ အာမခံထားပါတယ်။

Huaewi အနေနဲ့ Mate X ဖုန်းကို ဘာကြောင့် ရက်ထပ်ရွှေ့လိုက်လဲဆိုတာတော့ သေချာမပြောသွားခဲ့ပါဘူး။ Galaxy Fold လို တာထွက်မကောင်းမှာ စိုးတာကြောင့်လား ဒါမှမဟုတ် Google ရဲ့ Android သုံးခွင့် ရ၊ မရ မသေချာသေးတာကြောင့်လား သို့လော၊ သို့လော တွေးစရာပါ။ ခေါက်ချိုးဖုန်း (Foldable Phone) ဆိုတာကလည်း နည်းပညာအသစ်အဆန်းဖြစ်တာကြောင့် ကုမ္ပဏီတွေအနေနဲ့ သေချာ အချိန်ယူနေပုံ ပေါ်ပါတယ်။

Photo: Samsung

Mate X နဲ့ Galaxy Fold ကို ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာ အတူတူမိတ်ဆက်ပေးခဲ့တာ ဖြစ်ပေမယ့် အခုထိတော့ ဘယ်ဖုန်းမှ တကယ်ထွက်မလာသေးပါဘူး။ ဒါကြောင့် ဈေးကွက်ထဲမှာ တကယ်ဝယ်နိုင်တဲ့ Foldable Phone ဆိုတဲ့ Royole FlexPai ပဲ ရှိဦးမှာပါ။

Photo: Royole

Samsung ကတော့ Galaxy Fold ဖုန်းရဲ့ ပြဿနာလေးတွေကို ပြင်ပြီးသွားပြီ ဖြစ်တာကြောင့် ရှေ့လ၊ စက်တင်ဘာမှာ သေချာပေါက် ထုတ်ရောင်းမယ်လို့ အပိုင် ကြေညာထားပါတယ်။ အခုထိတော့ ရက်မရွှေ့သေးပါဘူး။

ပထမဆုံး ခေါက်ချိုးဖုန်းကို Samsung နဲ့ Huawei ဘယ်သူအရင်ရောင်းနိုင်မယ် ထင်ပါသလဲ?

Ref: The Verge, GSM Arena