International Data Cooperation (IDC) ကနေ ဒီနှစ် ၂၀၁၉ ခုနှစ်ရဲ့ ပထမ ၃လပတ် စမတ်ဖုန်းတွေရဲ့ ရောင်းအားကို ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ပါတယ်။ ယခုထုတ်ပြန်ချက်အရ Overall စမတ်ဖုန်းတွေရဲ့ တင်ပို့ရောင်းချမှုက မနှစ်ကနဲ့ယှဉ်ရင် ၆.၆ ရာခိုင်နှုန်းကျဆင်းသွားပေမယ့် စိတ်ဝင်စားစရာအချက်တစ်ချို့ကို တွေ့လာရပါတယ်။

ဒီနှစ်ရဲ့ ပထမ ၃လပတ်တာ ကာလမှာဆိုရင် စုစုပေါင်း စမတ်ဖုန်းအလုံးရေ ၃၁၀.၈ သန်းတင်ပို့ရောင်းချခဲ့ရပြီးတော့ ၆ကြိမ်ဆက်တိုက် ၃လပတ်တာ ကာလအတွင်း ရောင်းအားဆက်တိုက်ကျဆင်းနေခဲ့တာပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီရောင်းအားကျဆင်းမှုက Huawei အတွက်တော့ ပြောင်းပြန်ဖြစ်နေတဲ့ပုံစံပါပဲ။

ဘာကြောင့်လဲဆိုရင် လက်ရှိစမတ်ဖုန်းဈေးကွက်မှာ နံပါတ် (၁) ဖြစ်နေတဲ့ Samsung က ဒီ ပထမ ၃လပတ်မှာ စမတ်ဖုန်းအလုံးရေ ၇၁.၉ သန်း ရောင်းချရထားပြီးတော့ မနှစ်ကအရေအတွက်ဖြစ်တဲ့ ၇၈.၂ သန်း ရောင်းချရတာနဲ့ ယှဉ်ရင် ၈.၁ ရာခိုင်နှုန်း အနှုတ်ပြနေတာဖြစ်ပါတယ်။

မနှစ်တုန်းက ဒီအချိန်မှာ စမတ်ဖုန်းဈေးကွက်ရဲ့ နံပါတ် (၂) နေရာအပိုင်စီးထားတဲ့ Apple က ဒီနှစ်မှာအခြေအနေတော်တော်ဆိုးနေပြီး မနှစ်တုန်းက အလုံးရေ ၅၂.၂ သန်း ရောင်းချရခဲ့ပေမယ့် ဒီနှစ်မှာ ၃၆.၄ သန်း ပဲ ရောင်းထားရပြီး အနှုတ်က ၃၀.၂ ရာခိုင်နှုန်း တောင် ပြနေတာဖြစ်ပါတယ်။

ဒီလိုမျိုး အဓိကစမတ်ဖုန်းကုမ္ပဏီကြီး ၂ ခုက ရောင်းအားကျဆင်းနေပေမယ့် Huawei ကတော့ မနှစ်တုန်းက ၃၉.၃ သန်း ရောင်းချရတာကနေ အခုနှစ်မှာ ၅၉.၁ သန်း အထိရောင်းချထားရပြီးတော့ အနှုတ်ပြဖို့နေနေသာသာ မနှစ်ကထက် ၅၀.၃ ရာခိုင်နှုန်း တောင် တိုးတက်လာတာပဲဖြစ်ပါတယ်။ ဒီလို ၅၉.၁ သန်းသော စမတ်ဖုန်းတွေရောင်းချခဲ့ရတယ်ဆိုတာ Apple ထက် ၂ ဆနီးပါး ပိုရောင်းချရတာဖြစ်ပြီးတော့ Samsung ကိုမှီဖို့ အလုံးရေ ၁၀ သန်းလောက်ပဲ ထပ်ရောင်းနိုင်ဖို့လိုတော့တာပါ။

အဲ့ဒီအတွက် Huawei ရဲ့ ဈေးကွက်ပိုင်ဆိုင်မှုကလည်း မနှစ်က ဒီအချိန်မှာ ၁၁.၈ ရာခိုင်နှုန်း ပဲရှိတာကနေ ဒီနှစ်မှာ ၁၉ ရာခိုင်နှုန်း နဲ့ ဒုတိယနေရာကို ရယူထားလိုက်ပါပြီ။ Apple ကတော့ ဒီနှစ်မှာ ၁၅.၇ ရာခိုင်နှုန်း ကနေ ၁၁.၇ ရာခိုင်နှုန်း ကို ပြုတ်ကျသွားတဲ့အတွက် Huawei ကို လိုက်မှီဖို့ကတော့ လုံးဝမဖြစ်နိုင်သလောက်ကို ဖြစ်သွားပါပြီ။

ဒါ့အပြင် Huawei ကလည်း နံပါတ် (၁) နေရာကို ရယူဖို့အတွက် Samsung ရဲ့ ၂၃.၁ ရာခိုင်နှုန်း သော ဈေးကွက်ပိုင်ဆိုင်မှုကို လာမယ့်လတွေမှာ အမှီလိုက်နိုင်ဖို့ လိုအပ်ဦးမှာပါ။ ဒါပေမယ့် မနှစ်တုန်းက ၁၁.၈ ရာခိုင်နှုန်း ကနေ ဒီနှစ်မှာ ၁၉ ရာခိုင်နှုန်း အထိ ခုန်တက်လာတဲ့ Huawei ရဲ့ စွမ်းဆောင်ရည်က တကယ်အထင်ကြီးစရာဖြစ်နေပြီးတော့ ဒီအတိုင်းဆက်သွားမယ်ဆိုရင် Huawei အနေနဲ့ Samsung ကို ကျော်တက်ဖို့ ၂၀၂၀ ထိတောင် စောင့်နေဖို့ မလိုတော့ဘဲ ဒီနှစ်ထဲမှာတင် နံပါတ် (၁) နေရာကို သိမ်းပိုက်နိုင်တော့မှာပါ။

ကျန်တဲ့ စမတ်ဖုန်းထုတ်လုပ်သူတွေအနေနဲ့တော့ Xiaomi ကလည်း မနှစ်ကထက် ၁၀ ရာခိုင်နှုန်းရောင်းအားကျဆင်းသွားပြီးတော့ Vivo ကတော့ ထူးထူးခြားခြား မနှစ်ကထက် ၂၄ ရာခိုင်နှုန်းတောင် ရောင်းအားတက်လာခဲ့ပါတယ်။

Huawei P30 Pro

ဘာပဲဖြစ်ဖြစ် Huawei ကတော့ တကမ္ဘာလုံးက စမတ်ဖုန်းရောင်းအားတွေ ကျဆင်းနေတာတောင် ဈေးကွက်နံပါတ် (၁) နေရာကို ထင်ထားတာထက်တောင် စောပြီး အပိုင်သိမ်းတော့မယ့်ပုံစံပါပဲ။

Ref : IDC