Foldable ဖုန်းတွေ စမိတ်ဆက်တော့ ‘အဟုတ်ဟ’ ဆိုပြီး အရမ်း Hype ခဲ့ကြသူတွေထဲမှာ ကျနော် ရှေ့ဆုံးက ပါတယ်ဆိုတာ မမေးလည်း ဝန်ခံရမှာပါ။ ဒီနှစ်၊ ဖေဖော်ဝါရီလထဲမှာတင် Royole ၊ Samsung နဲ့ Huawei စတဲ့ နာမည်ကြီးဖုန်းကုမ္ပဏီတွေကနေ ပထမဆုံး Foldable ဖုန်းတွေကို မြင်ခဲ့ရသလို၊ Xiaomi လို တရုတ်ဖုန်းကုမ္ပဏီတွေကလည်း Foldable ဖုန်းတွေ အမြည်းပြခဲ့ကြတော့ “ဒီနှစ်ကတော့ Foldable ဖုန်း နှစ်ပဲဟ” လို့တောင် ထင်မိပါသေးတယ်။ ဒါပေမယ့် အခုအချိန်ထိတော့ မှန်းချက်နဲ့ နှမ်းထွက်လွဲနေတုန်းပါ။

Samsung Galaxy Fold ဖုန်းကို လာမယ့် ဂျူလိုင်လမှာ ထုတ်မယ်ပြောပြီးမှ Reviewer တွေ လက်ထဲရောက်ချိန်မှာ Display ပြဿနာလေးတွေ ကြုံခဲ့တာကြောင့် ထုတ်မယ့်ရက် ရွှေ့ဆိုင်းခဲ့ရပါတယ်။ အခုဆို ဒီဖုန်း စတင်ရောင်းချမယ့်ရက်ကို အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားပါတယ်။

Image – The Verge

ကမ္ဘာ့ပထမဆုံး ဈေးကွက်ဝင် ခေါက်ချိုးဖုန်းလို့ ပြောနိုင်တဲ့ Royole ရဲ့ FlexPai Foldable ဖုန်းဆိုရင်လည်း အသုံးပြုသူအားလုံးအတွက် အသင့်မဖြစ်သေးဘဲ Developer တွေအတွက်ပဲ ‘Developer Model’ ဆိုပြီး ထုတ်ပေးထားတာပါ။ အခုလည်း Foldable ဖုန်းအသစ်တွေထဲမှာ နာမည်အကောင်းဆုံးရခဲ့တဲ့ Huawei Mate X ဖုန်းက ထုတ်မယ့်ရက် နောက်ဆုတ်သွားပြန်ပါပြီ။ ဒီဂျွန်မှာ ထုတ်မယ်ဆိုပြီး စီစဉ်ထားပြီးမှ စက်တင်ဘာအထိ ရွှေ့လိုက်တာပါ။

Huawei ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက Mate X Foldable ဖုန်းကို ကမ္ဘာ့ဈေးကွက်အတွင်း ထုတ်လုပ်ရောင်းချဖို့ ကြိုးစားနေတယ်လို့ CNBC သတင်းဌာနကို သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။ 5G လည်း သုံးနိုင်တဲ့ဖုန်းဖြစ်တာကြောင့် 5G ကွန်ရက်သစ် ရတဲ့ ဈေးကွက်တွေမှာ အဓိက ထုတ်လုပ်ရောင်းချသွားမှာလို့ ဆိုပါတယ်။ ဒါပေမယ့် ကုမ္ပဏီက မူလ ပြောထားသလို ၂၀၁၉ အလယ်၊ ဧပြီ-ဂျွန်လောက်မှာ ထုတ်မှာ မဟုတ်တော့ဘဲ၊ စက်တင်ဘာလကျမှ တရားဝင် ထုတ်လုပ်ရောင်းချသွားမယ်လို့ အတည်ပြု ပြောကြားလိုက်ပါတယ်။

Mate X ဖုန်းကို ကမ္ဘာအနှံ့အပြားက မိုဘိုင်းဆက်သွယ်ရေး ကုမ္ပဏီတွေနဲ့ ထပ်မံစမ်းသပ်မှုတွေ လုပ်နေပြီး၊ ဖုန်းကို အပြည့်ဖြန့်ထားချိန်မှာ Apps တွေ ကောင်းကောင်း အလုပ်လုပ်ဖို့အတွက် Developers တွေနဲ့ ပြင်ဆင်စမ်းသပ်လျက် ရှိတယ်လို့ ဆိုပါတယ်။

Mate X ရောင်းမယ့်ရက် နောက်ဆုတ်လိုက်ရတဲ့ နောက်အကြောင်းပြချက်တခုကတော့ Samsung Galaxy Fold ပြဿနာကြောင့်ပါ။ Galaxy Fold တုန်းက Display ပိုင်း ပြဿနာလေးတွေ ကြုံခဲ့ရတာကြောင့် Huawei ကလည်း သူ့ဖုန်းကို ပို ‘သတိထား’ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ Samsung အပါအဝင် Carrier အချို့ဟာ Galaxy Fold Pre-order တင်ထားတာတွေကိုလည်း ပြန်ပယ်ဖျက်လိုက်ပြီး ဖြစ်ပါတယ်။

“ကျနော်တို့ ကုမ္ပဏီရဲ့ နာမည်ဂုဏ်သတင်းကို ဖျက်ဆီးနိုင်တဲ့ ထုတ်ကုန်မျိုးကို မထုတ်ချင်ပါဘူး”

လို့ ကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူက CNBC ကို ပြောကြားခဲ့ပါတယ်။

Mate X ဖုန်း ရောင်းမယ့်ရက် ရွှေ့လိုက်ရတဲ့ အကြောင်းရင်းတွေထဲမှာ အခုကြုံနေရတဲ့ အမေရိကန်အစိုးရရဲ့ ပိတ်ပင်မှုတွေလည်း ပါမယ်လို့ ထင်ချင်စရာပါ။ အမေရိကန်အစိုးရက Huawei ကို ကုန်သွယ်မှုပိတ်ပင်တဲ့ “Entity List” ထဲ ထည့်သွင်းခဲ့တာကြောင့် Google က Huawei ကို Android Apps နဲ့ Services တွေ သုံးခွင့် ပိတ်ပင်ခဲ့ပါတယ်။ အမေရိကန်မှာ လောလောဆည် ရက် ၉၀ ယာယီလိုင်စင်ရထားတယ်ဆိုပေမယ့်၊ သြဂုတ်လဆို လိုင်စင်သက်တမ်းကုန်တော့မှာပါ။ Mate X ဖုန်းက စက်တင်ဘာလမှ ထွက်မှာဆိုတော့ အခြေအနေ မရေမရာ ဖြစ်နေပါတယ်။

အထက်ပါကိစ္စနဲ့ ပတ်သတ်ပြီး Huawei ပြောရေးဆိုခွင့်ရှိသူကတော့ Blacklist ထဲ ပါနေသည့်တိုင် Mate X ဖုန်းကို Consumer တွေလက်ထဲ အရောက်ထည့်ပေးဖို့ ယုံကြည်ချက်အပြည့်ရှိတယ်လို့ ဆိုပါတယ်။ ဒီဖုန်းကို Entitiy List ထဲ အထည့်မခံရခင်မှာ မိတ်ဆက်ခဲ့တာဖြစ်တာကြောင့် Google ရဲ့ Android OS နဲ့ပဲ လာမယ်လို့ ပြောထားပါတယ်။

တကယ်တော့ Huawei မှာ Android OS ပိတ်ခံရရင် သုံးဖို့ အစားထိုး ကိုယ်ပိုင် OS တခု အဆင့်သင့်ရှိပါတယ်။ အဆိုပါ OS အသစ်ကို တရုတ်ပြည်တွင်းမှာ ဒီနှစ်အတွင်း မိတ်ဆက်ဖို့ ရှိကြောင်း Huawei Consumer Business Group ရဲ့ CEO Richard Yu က ထုတ်ဖော်ပြောကြားထားပါတယ်။ ဒါပေမယ့် ဒီ OS က Huawei ရဲ့ “Plan B” ပါ။ သုံးခွင့်ရရင် Google ရဲ့ Android ကိုပဲ သုံးချင်ကြောင်း ကုမ္ပဏီကိုယ်တိုင် ထုတ်ဖော်ပြောကြားဖူးပါတယ်။ ဒီအကြောင်းကိုလည်း Huawei ပြောရေးဆိုခွင့်ရှိသူက CNBC ကို အောက်ပါအတိုင်း ထပ်လောင်းအတည်ပြု ပြောကြားခဲ့ပါတယ်။

“ကျနော်တို့ ကိုယ်ပိုင် OS တွေ မသုံးချင်ပါဘူး။ လွန်ခဲ့တဲ့ ငါးနှစ်အတွင်း Google နဲ့ ပူးတွဲလုပ်ဆောင်ခဲ့တာကိုပဲ အခုထိ သဘောကျနေဆဲပါ။ တကယ်လို့ မဖြစ်မနေ ကျနော်တို့ ဘာသာ လုပ်ရတော့မယ်ဆိုရင်လည်း Ready ပါပဲ။ လာမယ့် ၆ လ ကနေ ၉ လအတွင်း လုပ်နိုင်ပါတယ်”

Huawei ဟာ Mate X ခေါက်ချိုးဖုန်းကို Android OS နဲ့ပဲ ထုတ်ချင်နေပုံပေါ်ပြီး၊ အမေရိကန်အစိုးရရဲ့ နောက်ထပ်ဆုံးဖြတ်ချက်တခုကို စောင့်ဖို့အတွက် Mate X ထုတ်မယ့်ရက်ကို စက်တင်ဘာလအထိ ရွှေ့ဆိုင်းလိုက်ပုံပေါ်ပါတယ်။

Ref: CNBC