တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့မှာ ယခုတပတ် ကျင်းပပြုလုပ်နေတဲ့ CES Asia ပွဲမှာ Huawei က MateBook အသစ်တလုံး မိတ်ဆက်ဖို့ စီစဉ်ထားခဲ့ပါတယ်။ ဒါပေမယ့် အမေရိကန်အစိုးရရဲ့ ပိတ်ပင်မှုစာရင်းထဲပါနေတာကြောင့် ဒီပွဲကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း Huawei Consumer Business Group ရဲ့ CEO ဖြစ်သူ Richard Yu က CNBC ကို ယနေ့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အမေရိကန်ရဲ့ ပိတ်ပင်မှုခံရပြီးနောက် ပထမဆုံး ဖျက်သိမ်းလိုက်ရတဲ့ Huawei ပစ္စည်းမိတ်ဆက်ပွဲဆိုလည်း မမှားပါဘူး။

Richard Yu က US နည်းပညာကုမ္ပဏီတွေအနေနဲ့ Huawei ထံ နည်းပညာ၊ ထုတ်ကုန်တွေ မရောင်းဖို့ အမေရိကန်အစိုးရက တားမြစ်ထားတာကြောင့် အခု MateBook အသစ် မိတ်ဆက်ပွဲကို ဖျက်လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ အမေရိကန်ရဲ့ ကုန်သွယ်မှုပိတ်ပင်တဲ့စာရင်းထဲ Huawei နာမည်ပါနေသရွေ့ ဒီ MateBook အသစ်လည်း ထွက်လာဖို့မရှိဘူးလို့ ဝန်ခံပြောကြားခဲ့ပါတယ်။

Microsoft removes Matebook X (idgesg)

Huawei MateBook စီးရီးဟာ အမေရိကန်နည်းပညာတွေဖြစ်တဲ့ Microsoft Windows နဲ့ Intel Processors တွေကို အသုံးပြုထုတ်လုပ်ထားတဲ့ Laptop တွေ ဖြစ်ပါတယ်။ ဒါကြောင့် အခုလို အခြေအနေမှာ MateBook အသစ် မိတ်ဆက်ဖို့ ခဲယဉ်းနေတာပါ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ၊ MWC 2019 ပွဲမှာ မိတ်ဆက်ခဲ့တဲ့ MateBook 14 နဲ့ MateBook X Pro Update မော်ဒယ်အသစ်တွေဆိုရင်လည်း အခုအချိန်ထိ တင်ပို့ ရောင်းချရခြင်း မရှိသေးပါဘူး။

Huawei ကုမ္ပဏီမှာ ဝင်ငွေအများဆုံးက Network ပစ္စည်းထုတ်လုပ်ရောင်းချမှုကနေ ဖြစ်တာကြောင့် Laptop မရောင်းရလည်း ဘာမှမဖြစ်ဘူးလို့ ထင်ချင်စရာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာတော့ စမတ်ဖုန်း၊ Laptops နဲ့ Wearables ပစ္စည်းတွေ ထုတ်လုပ်ရောင်းချတဲ့ Consumer Business လုပ်ငန်းက ဝင်ငွေအများဆုံး ဖြစ်သွားခဲ့ပါတယ်။ ကုမ္ပဏီ ဝင်ငွေစုစုပေါင်းရဲ့ တဝက်နီးပါး၊ ကန်ဒေါ်လာ ၁၀၇ ဘီလျံလောက်ကို ဒီလုပ်ငန်းကနေ ရှာပေးခဲ့တာပါ။ ဒီထဲမှာမှ စမတ်ဖုန်းရောင်းရတဲ့ငွေက အများဆုံးဆိုပေမယ့်လည်း Huawei က ကမ္ဘာ့အကြီးဆုံး PC ထုတ်လုပ်သူကုမ္ပဏီဖြစ်ဖို့ ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်။ အခုအခြေအနေအတိုင်းဆိုရင်တော့ ဖြစ်လာဖို့ မလွယ်ကူပါဘူး။

Photo: Allue Media

MateBook မိတ်ဆက်ပွဲကို ဖျက်သိမ်းလိုက်ရပေမယ့်၊ Huawei ဖုန်းအသစ်တွေကတော့ ဒီကြားထဲ ဆက်တိုက် ထွက်နေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် Google ရဲ့ Android Services လို အမေရိကန်နည်းပညာတွေ သုံးခွင့်မရတော့ရင် ကုမ္ပဏီအတွက် တချိန်မှာ ထိခိုက်နိုင်ခြေရှိကြောင်း ကျွမ်းကျင်သူတွေက သတိပေးထားကြပါတယ်။ အင်္ဂါနေ့တုန်းကလည်း Huawei Consumer Business Group ရဲ့ ထိပ်တန်းအမှုဆောင်အရာရှိတဦးဖြစ်သူ Shao Yang က ကမ္ဘာ့အကြီးဆုံးဖုန်းကုမ္ပဏီဖြစ်ဖို့ ဆိုတဲ့ ရည်မှန်းချက်ကို ပြည့်မီဖို့ အချိန်ပိုယူရတော့မှာ ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။ Huawei ဟာ လက်ရှိမှာ Samsung အောက် ဒုတိယနေရာမှာ ရပ်တည်လျက်ရှိပါတယ်။

Huawei MateBook စီးရီးကို ၂၀၁၇ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့တာ ဖြစ်ပြီး၊ ကောင်းမွန်တဲ့ Reviews တွေ ရရှိထားတဲ့ Laptop စီးရီးတခု ဖြစ်ပါတယ်။

Ref: The Information, The Verge, CNBC
Ye Wint Aung (Akhayar)
www.akhayar.com