Huawei ဟာ အမေရိကန်ဆက်သွယ်ရေးကုမ္ပဏီ Verizon ထံကနေ မူပိုင်ခွင့်ပေါင်း ၂၃၀ ကျော်အတွက် လိုင်စင်ကြေး ဒေါ်လာ ၁ ဘီလျံကျော် တောင်းခံထားတယ်လို့ အတွင်းလူတဦးက Reuters သတင်းဌာနကို ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။

Huawei ရဲ့ ဉာဏမူပိုင်ခွင့်ဆိုင်ရာ တာဝန်ခံအရာရှိချုပ်တဦးကလည်း “မူပိုင်ခွင့်လိုင်စင်ပြဿနာတွေကို ပြေလည်စေဖို့အတွက်” လျော်ကြေး ပေးသင့်ကြောင်း Verizon ထံ ဖေဖော်ဝါရီလကတည်းက စာရေးသား ပေးပို့ထားပြီး ဖြစ်တယ်လို့ The Wall Street Journal က ဖော်ပြခဲ့ပါတယ်။ အငြင်းပွားနေတဲ့ မူပိုင်ခွင့်အများစုဟာ Network ပစ္စည်းနဲ့ သက်ဆိုင်တဲ့ မူပိုင်ခွင့်တွေဖြစ်ပါတယ်။

Verizon ဟာ Huawei နဲ့ တိုက်ရိုက် ဆက်သွယ်လုပ်ဆောင်မှုမရှိပေမယ့်၊ Verizon ထံ ဝန်ဆောင်မှုပေးအပ်နေတဲ့ Vendors ကုမ္ပဏီ ၂၀ ကျော်ရဲ့ Network ပစ္စည်းတွေက Huawei မူပိုင်ခွင့်နဲ့ သွားငြိနေတာပါ။ ဒီ ကုမ္ပဏီ ၂၀ ကျော်ထဲမှာ နာမည်ကြီး အမေရိကန်နည်းပညာကုမ္ပဏီတွေ ပါဝင်တယ်လို့ သိရပါတယ်။ ဒီကုမ္ပဏီတွေအနေနဲ့ Verizon ကို လျော်ကြေးပြန်ပေးရမှာ ဖြစ်ပြီး၊ ကုမ္ပဏီအချို့ကို Huawei ကိုယ်တိုင် တိုက်ရိုက်ဆက်သွယ်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ အငြင်းပွားနေတဲ့ မူပိုင်ခွင့်တွေထဲမှာ အဓိက Network ပစ္စည်းတွေ၊ ကေဘယ်ကြိုးပြေးဆွဲရေးဆိုင်ရာ အခြေခံအဆောက်အအုံတွေ နဲ့ IoT (Internet of things) ပစ္စည်းတွေ ပါဝင်တယ်လို့ Wall Street Journal က ဆိုပါတယ်။ မူပိုင်ခွင့်ပေါင်း ၂၃၀ ကျော်အတွက် ဒေါ်လာ ၁ ဘီလျံကျော်ကို Huawei က Verizon ထံကပဲ တောင်းခံထားပါတယ်။

အမေရိကန်အစိုးရရဲ့ ပိတ်ပင်မှုခံရပြီးမှာ Huawei က အခုလို အမေရိကန်ကုမ္ပဏီတွေကို မူပိုင်ခွင့်ချိုးဖောက်မှုနဲ့ လျော်ကြေးပြန်တောင်းလိုက် ဖြစ်ပါတယ်။ ဒီအမှုမှာ ပါဝင်နေတဲ့ Verizon နဲ့ အခြားနည်းပညာကုမ္ပဏီတွေကတော့ ဒီကိစ္စကို အမေရိကန်အစိုးရထံ အကြောင်းကြားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

Huawei ဟာ အမေရိကန်အစိုးရနဲ့ ထိပ်တိုက် ရင်ဆိုင်ခဲ့တာ တနှစ်ကျော် ကြာမြင့်ခဲ့ပါပြီ။ အစိုးရလုံခြုံရေးကျွမ်းကျင်ပညာရှင်တွေက Huawei Routers ၊ Network Switches တွေနဲ့ အခြား Huawei ပစ္စည်းတွေမှာ ‘Back Doors’ တွေ ရှိနေနိုင်ပြီး၊ အမေရိကန်ကို တရုတ်အစိုးရက ထောက်လှမ်းရေးလုပ်နိုင်တယ်ဆိုပြီး စိုးရိမ်နေကြပါတယ်။ Huawei ကတော့ ဒါတွေအားလုံးကို ငြင်းချက်ထုတ်ထားပါတယ်။ ဒါပေမယ့်လည်း အမေရိကန်အစိုးရက Huawei ကို ကုန်သွယ်မှုပိတ်ပင်တဲ့စာရင်းထဲ လွန်ခဲ့တဲ့လက စတင် ထည့်သွင်းခဲ့ပါတယ်။

Huawei နဲ့ Verizon ကိုယ်စားလှယ်တွေဟာ လွန်ခဲ့တဲ့အပတ်က New York မြို့မှာ စတင် တွေ့ဆုံခဲ့ပြကြတယ်လို့ သိရပါတယ။ Verizon အနေနဲ့ Huawei မူပိုင်ခွင့်ကို ချိုးဖောက်ထားတဲ့ အခြားကုမ္ပဏီတွေရဲ့ ပစ္စည်းတွေကို အသုံးပြုထားခြင်း ရှိ၊မရှိနဲ့ အခြား မူပိုင်ခွင့်ဆိုင်ရာ ပြဿနာအချို့ကို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

Verizon ရဲ့ ပြောရေးဆိုခွင့်ရှိသူ Rich Young ကတော့ Huawei နဲ့ ဆက်စပ်တဲ့ ပြဿနာတိုင်းဟာ ဆက်သွယ်ရေးလုပ်ငန်းကြီးတခုလုံးအပေါ် သက်ရောက်မှုရှိပြီး၊ နိုင်ငံတကာရေးရာ ပြဿနာတွေ ဖြစ်လာနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ယခု Huawei နဲ့အမှုဟာ တရားလမ်းကြောင်းပေါ် ရောက်လာနိုင်တဲ့အတွက် လောလောဆည် မှတ်ချက်ပေးဖို့ ငြင်းဆန်သွားခဲ့ပါတယ်။

Ref: Reuters, The Wall Street Journal