HTC ဟာ ၂၀၁၇ခုနှစ်မှာ အမြှင့်ပျံခရီးနဲ့ စတင်လိုက်ပြီ ဖြစ်ပါတယ်။ ထိုင်ဝမ်ကုမ္ပဏီအနေနဲ့ ဒီနေ့အစောပိုင်းမှာ နောက်ထပ် အဓိကစမတ်ဖုန်း အမျိုးအစားတစ်မျိုးဖြစ်တဲ့ “U Ultra” ကို ထုတ်ဖော်ခဲ့ပါတယ်။ မျက်နှာပြင်အကျယ် ၅.၇ လက်မရှိတဲ့ ပစ္စည်းသစ်ဟာ စီးရီး Title အသစ်ဖြစ်တဲ့ U Series နဲ့ ထွက်လာမှာ ဖြစ်တဲ့အပြင် ၅.၂လက်မအရွယ် အနည်းငယ်သေးငယ်သွားတဲ့ “U Play” ဆိုတဲ့ ဖုန်းကိုလည်း တစ်ပါတည်း ပူးတွဲ ထုတ်လုပ်ခဲ့ပါတယ်။

HTC ဟာ Sense Companion ဆိုတဲ့ လုပ်ဆောင်ချက်ကို ထည့်သွင်းခဲ့ပြီး အဆိုပါလုပ်ဆောင်ချက်ဟာဆိုရင် ဖုန်းထဲမှာ AI assistant ကို ထည့်သွင်းထားနိုင်မှာ ဖြစ်ပါတယ်။ အဲ့ဒီအပြင် U Ultra ဟာ Second Screen လုပ်ဆောင်ချက်ကိုလည်း မိတ်ဆက်ခဲ့ပါတယ်။ အဲ့ဒီအပြင် နောက်ဆုံးထွက် iPhone 7 ၊ Lenovo ရဲ့ Moto Z ၊ HTC Bolt တို့မှာ ဖြုတ်ချခဲ့တဲ့ နားကြပ်ပေါက်မပါဝင်တဲ့ အချက်ကိုလည်း လိုက်နာပြီး 3.5mm Headphone Jack ကို ဖြုတ်ချခဲ့ပါတယ်။

အဲ့ဒီအပြင် နောက်ထပ်သတိပြုစရာဖြစ်စေခဲ့တာ တစ်ခုကတော့ U Ultra နဲ့ U Play တို့ဟာ ကိုယ်ပိုင်ဒီဇိုင်း ပုံစံအသစ်နဲ့ ထွက်လာခဲ့တာပါ။ ပုံစံသစ်ဒီဇိုင်းမှာ HTC ဟာ အပြင်ကိုယ်ထည် တစ်ခုလုံးကို Glass ပုံစံနဲ့ ထုတ်လုပ်ခဲ့တာပါ။ ဒီလိုပုံစံကို HTC က Liquid Surface construction လို့ နာမည်ပေးထားပြီး ကုမ္ပဏီအနေနဲ့ ဖုန်းအတွက် ပုံစံကိုသာမက ကြည့်လိုက်ရင် အရည်လဲ့နေတဲ့ ပုံစံတစ်မျိုးထွက်အောင် အချိန်များစွာပေးပြီး ဖန်တီးခဲ့ရကြောင်း ဆိုခဲ့တာပါ။ ဖုန်းအမျိုးအစား နှစ်ခုလုံးရဲ့ မျက်နှာပြင်ဟာ ချောမွေ့တဲ့အပြင် လက်ထဲကနေလည်း အလွယ်တကူချောကျနိုင်တဲ့ ပုံစံမျိုးပါပဲ။

တခြားကြီးမားတဲ့ အပြင်ပိုင်း ပြောင်းလဲမှုတစ်ခုကတော့ U Ultra ရဲ့ Second Screen ပဲဖြစ်ပါတယ်။ ၂လက်မလောက်အကျယ်နဲ့ ရှေ့မျက်နှာကင်မရာရဲ့ ဘယ်ဘက်မှာရှိနေမှာဖြစ်ပြီး Super LCD 5 မျက်နှာပြင်နားမှာ အပိုသဘောမျိုးထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။ Second Screen ဟာ Notification ၊ Remiders ၊ Shortcuts နဲ့ Frequent Contact ၊ Music Playback Controls စတာတွေကို ပြုလုပ်နိုင်မှာပါ။

HTC U Ultra and its second screen

U Ultra မှာပါဝင်တဲ့ အချက်အလက်တွေကတော့ နောက်ပိုင်းထွက်စမတ်ဖုန်းတွေရဲ့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လိုဖြစ်နေတဲ့ Snapdragon 821 Processor, 4GB RAM, 64GB သို့မဟုတ် 128GB Storage တွေပါဝင်ပါတယ်။ HTC ဟာ MicroSD ကတ်ကို အံ့အားသင့်ဖွယ်ကောင်းအောင်ပဲ 2TB အထိ ထည့်သွင်းအသုံးပြုနိုင်တဲ့ Extra Storage ဗားရှင်းကို အသုံးပြုထားပါတယ်။ ကျွန်တော်ထင်တာမမှားရင် ဒီဗားရှင်းဟာ လက်ရှိစမတ်ဖုန်းတွေထဲမှုာ အများဆုံးထည့်သွင်းနိုင်တဲ့ ပမာဏပါပဲ။ ကင်မရာအနေနဲ့ကတော့ HTC 10 တုန်းကလိုပဲ 12-MP UltraPixel ကို အသုံးပြုထားပြီး Laser Autofocus စနစ်၊ Large Pixels ၊ f/1.8 aperture နဲ့ Optical Image Stabilization တွေကို အသုံးပြုထားပါတယ်။ HTC ဟာ ရှေ့မျက်နှာကင်မရာကို ပိုမိုမြင့်မားတဲ့ Resolution ဖြစ်တဲ့ 16-MP ဗားရှင်းကို အသုံးပြုထားပါတယ်။

HTC U Ultra in blue and white

ဘက်ထရီကတော့ 3,000mAh ဆိုတာကြောင့် မျက်နှာပြင်ကြီးပြီး လုပ်ဆောင်ချက်များတဲ့ U Ultra အတွက် အနည်းငယ်သေးတယ်လို့ ဆိုနိုင်ပါတယ်။ U Play ဖုန်းအသေးမှာလည်း 2,500mAh ဘက်ထရီကို အသုံးပြုထားတာပါ။ ၅.၂လက်မ ဖုန်းတွေဟာ မျာသေားအားဖြင့် 3000mAh ဘက်ထရီကိုအသုံးပြုကြပေမယ့် HTC U Series အတွက်ကတော့ ဒီတစ်ချက်က အနည်းငယ်ထောက်ပြစရာဖြစ်ခဲ့ပါတယ်။

U Play ဖုန်းမှာတော့ MediaTek က Helio P10 Processor ကိုအသုံးပြုထားပြီး 32GB နဲ့ 64GB ဆိုပြီး ဗားရှင်းနှစ်မျိုးနဲ့ ထွက်လာတာပါ။ U Ultra ထက်ပိုများတဲ့ 16MP ကျောဘက်ကင်မရာကို တပ်ဆင်ထားပြီး Ultra မော်ဒယ်ထက် ပိုများတာကို တွေ့ရပါတယ်။ မျက်နှာပြင်ကတော့ 1080p Resolution ရှိပါတယ်။ U Play ဟာ Android Marshmallow ဗားရှင်းကို အသုံးပြုထားတာဖြစ်ပြီး U Ultra ကတော့ နောက်ဆုံးထွက် Android ဗားရှင်း Nougat ကိုအသုံးပြုထားတာပါ။

Software ပိုင်းအနေနဲ့ U Series မှာ HTC က အကောင်းဆုံးထည့်သွင်းပေးလိုက်တာကတော့ AI စနစ်ပါပဲ။ AI စနစ်အနေနဲ့ သင်ပြုလုပ်စေချင်တဲ့ ပုံစံတွေကို Suggestion ပေးနိုင်ပြီး သင့်ရဲ့ အမူအကျင့်တွေကိုလည်း သင်ယူနိုင်ပါတယ်။ ဥပမာဆိုရင်သင်က ပါဝါကုန်အောင်သုံးပြီး အားသွင်းဖို့မေ့သွားရင် ပြန်လည်အားသွင်းဖို့ အကြံဥာဏ်ပေးတာမျိုးပါ။

 

နောက်တစ်ခု အနေနဲ့ ရာသီဥတုအချက်အလက်တွေ ပေါ်မူတည်ပြီး ပူပြင်းတဲ့အခါ၊ အေးတဲ့အခါ သင့်အနေနဲ့ ဘယ်လိုမျိုး ဝတ်ဆင်သင့်တယ်၊ ထီးယူသွားသင့်တယ် စသည်ဖြင့် အကြံဥာဏ်ပေးနေမှာလည်း ဖြစ်ပါတယ်။ လုပ်ဆောင်ချက် အမိုက်စားတစ်မျိုးလည်း ပါဝင်လာသေးပြီး ဖုန်းရဲ့ Display ကို Off လုပ်ထားရင်တောင် အမိန့်ပေးစေခိုင်းနိုင်မယ့် Always on Voice ပဲ ဖြစ်ပါတယ်။

ဖုန်းအနေနဲ့ Headphone Jack ပေါက်ကိုတော့ ဖြုတ်ချထားခဲ့ပြီး USonic Earphones တွေကို ထည့်သွင်းထုတ်လုပ်သွားမှာဖြစ်ပြီး USB – C နဲ့လည်း ဆက်သွယ်နိုင်အောင် ပြုလုပ်ထားမယ်လို့ ဆိုပါတယ်။ ဒါကြောင့် Headphone Jack ကို ဖြုတ်ချခဲ့တဲ့ ခေတ်စားမှုဟာ မိုဘိုင်းလ်လောကတစ်ခုလုံးကို ရိုက်ခတ်လာဖွယ်ရှိနေပြီး 3.5mm Jack နေရာမှာ USB – C အမျိုးအစားနဲ့ နားကြပ်တွေ အစားထိုးလာမလားဆိုတာလည်း စောင့်ကြည့်ချင်စရာ ဖြစ်လာခဲ့ပါတယ်။

HTC ဟာ U Ultra ဟဟဟာ 64GB ဗားရှင်းကို ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၇၄၉ ရှိမှာဖြစ်ကြောင်း HTC.com ကဆိုခဲ့ပြီး အပြာ၊ အနက်၊ အဖြူ နဲ့ ပန်းရောင်ဆိုပြီး အရောင်လေးမျိုးနဲ့ ရရှိနိုင်မှာပါ။ ဒီဖုန်းကို လာမယ့် ဇန်နဝါရီလကုန်မှာ ထိုင်ဝမ်နိုင်ငံမှာ စတင်ထုတ်လုပ်မှာဖြစ်ပြီး တစ်ကမ္ဘာလုံးကိုတော့ လာမယ့် မတ်လမှာ ရရှိမှာပါ။ U Play ကိုတော့ ဖေဖော်ဝါရီလကုန်မှာ ရရှိနိုင်ပြီးဈေးနှုန်းအသေးစိတ်ကိုတော့ ထပ်မံ ထုတ်ဖော်သွာျးွှာဖြစ်တယ်လို့ သိရပါတယ်။

ထပ်တိုးအနေနဲ့ HTC ဟာ U Ultra ကို Limited Edition အနေနဲ့ Sapphire Glass မျက်နှာပြင်၊ 128GB Storage တွေနဲ့ ထုတ်လုပ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

Ref: The Verge