HTC ဟာ HTC Bolt လို့ခေါ်တဲ့ HTC 10 evo ဖုန်းကို ပြီးခဲ့တဲ့နှစ်တုန်းက ထုတ်ဖော်ခဲ့ပြီး လာမယ့် ၃၁ရက်နေ့မှာ တစ်ကမ္ဘာလုံးကို ဖြန့်ချိမှာ ဖြစ်တာကြောင့် မြန်မာနိုင်ငံကိုလည်း မကြာခင်ရောက်လာတော့မှာပါ။

ဈေးနှုန်း ဒေါ်လာ ၆၀၀လို့ ကပ်ထားပြီး ဂျမေကာ အပြေးသမား အူစိန်ဘော့လို့ မြန်ဆန်မယ်လို့ အာမခံပြီး ထုတ်လုပ်ခဲ့တဲ့ ဖုန်းအနေနဲ့ HTC 10 နဲ့ ဘာတွေကွာခြားသွားလဲ။ တခြား Brand Flagship စမတ်ဖုန်းတွေထက်ကောင်းမွန်သလား၊ ဈေးနှုန်းနဲ့ လျော်ညီတဲ့ Performance ရှိရဲ့လား? ဆိုတာကို ဖုန်းကောင်းကောင်းတစ်လုံးလဲချင်သူတွေအတွက်၊ အထောက်အကူဖြစ်အောင် သုံးသပ်တင်ပြပေးလိုက်ရပါတယ်။

 

ဒီဇိုင်း

အရင်ဆုံး အပြင်ဒီဇိုင်းပိုင်းကို ပြောချင်ပါတယ်။ HTC Bolt ရဲ့ ဒီဇိုင်းဟာ HTC ကပဲထုတ်တဲ့ ညီအကိုဖုန်းဖြစ်တဲ့ HTC 10 နဲ့ ဆင်တူပါတယ်။ လုပ်ဆောင်ချက်တွေကတော့ Premium Metal ဘော်ဒီလိုပါပဲ။ HTC 10 နဲ့ ဒီဇိုင်းဆင်တူသလိုပဲ တခြား အရောင်ရရှိမှုတွေလည်း အတူတူပါပဲ။

Bolt ရဲ့ တည်ဆောက်ထားပုံဟာ လက်ထဲမှာ 10 ကို ကိုင်နေရသလိုကို ခံစားရမှာ ဖြစ်ပါတယ်။ ဘေးအနားသတ်တွေကိုလည်း ခပ်ပြေပြေနဲ့ ချောမွေ့မှုရှိအောင်ပြုလုပ်ထားကာ အသံတိုးလျှော့ကီးတွေ၊ ပါဝါကီးတွေကလည်း နှိပ်ရတာ Smooth ဖြစ်ပါတယ်။ ဒီဇိုင်းပိုင်းကတော့ HTC ရဲ့ ထုံးစံအတိုင်းပဲ ပြောစရာမရှိအောင် Credit ပေးနိုင်ပါတယ်။

နည်းနည်းပြောစရာရှိတာကတော့ ကျောဘက်မှာ ကွေးထားတဲ့ Curve ဟာ အရမ်းများနေသလားလို့ပါ။ နည်းနည်း ခပ်ပြေပြေနဲ့ ခပ်သေးသေးလောက်သာ ကွေးထားလိုက်ရင် ပိုမိုအဆင်ပြေနိုင်ပါရက်နဲ့ HTC ကတော့ 10 နဲ့ တစ်ပုံစံတည်း ဖြစ်မသွားအောင် တမင်များလုပ်လိုက်တာလားလို့တောင် တွေးနိုင်ပါတယ်။ မျက်နှာပြင်အကျယ်ဟာလည်း အတူတူပဲဖြစ်ပြီး ၅.၅လက်မ ရှိပါတယ်။

ထပ်တိုးအနေနဲ့ တခြား အသေးစားပြောင်းလဲမှုလေးတွေလည်း ရှိပါသေးတယ်။ Bolt ဟာ အားလုံးမေးနေကြတဲ့ ရေစိမ်ခံတဲ့လုပ်ဆောင်ချက် ပါဝင်လာပြီး IP57 အဆင့်ရှိပါတယ်။ ဒါကြောင့် ရေအောက်အနက် ၁မီတာမှာ မိနစ်သုံးဆယ်ကြာ ထားနိုင်ပါတယ်။ ဒါပေမယ့် HTC ရဲ့ဖုန်းဟာ ရေကြောင့်ဖြစ်တဲ့ ထိခိုက်မှုတွေအတွက် အာမမခံထားပါဘူး။

HTC Bolt ရဲ့ IP57 ဟာ Samsung Galaxy S7 ရဲ့ IP68 Rating ကိုလိုက်မှီခြင်းမရှိပါဘူး။ ဒါပေမယ့် HTC ဖုန်းတွေထဲမှာ ပထမဆုံး ဖုန်ဒဏ်ခံရာမှာ ပထမအဆင့်နဲ့ ရေဒဏ်ကိုတော့ ဒုတိယအဆင်ကနေ ခံနိုင်ရည်ရှိအောင် လုပ်ထားပါတယ်။ Bolt ဟာ S7 ကိုလိုက်မမှီပေမယ့် ပြုလုပ်ထားတဲ့ စနစ်ကတော့ စိတ်ကျေနပ်ဖွယ်ရာပါပဲ။

အောက်ခြေမှာရှိတဲ့ Navigation Keys တွေဟာလည်း Standard Layout အတိုင်း နေရာချထားပြီး အလယ်က Home Button ကတော့ မြန်ဆန်၊ တိကျတဲ့ Fingerprint Reader ပါဝင်ပါတယ်။ Galaxy S7 ထက်တောင် ပိုမိုတိကျသေးတယ်လို့ ဆိုပါတယ်။

 

မျက်နှာပြင်

HTC Bolt ဟာ ၅.၅လက်မအရွယ် QHD Super LCD 3 Display ကို ထည့်သွင်းထားပြီး အံ့အားသင့်ဖွယ်ပါပဲ။ မျက်နှာပြင်ဟာ HTC 10 နဲ့ နည်းနည်းလေး ကွဲပါတယ်။ ဒါပေမယ့် အမိုက်စား Contrast တွေ၊ ကာလာလန်းလန်းတွေနဲ့ စည်စည်ကားကားရှိပါတယ်။ မျက်နှာပြင်ကို Gorilla Glass 5 ကိုအသုံးပြုထားတာကြောင့် ခြစ်မိ ပွန်းမိမှာတွေ မပူရတော့ပါဘူး။

 

စွမ်းဆောင်ရည်

HTC Bolt ဟာ Qualcomm Snapdragon 810 Processor ကိုအသုံးပြုထားပြီး Snapdragon 820 နဲ့ Snapdragon 821 တို့ထက်တောင် ပိုကောင်းတယ်လို့ ထင်ရပြီး Heat တက်တဲ့ ပြဿနာလည်း ကင်းသွားမှာပါ။

RAM အနေနဲ့ 3GB ပါဝင်ပြီး အသုံးပြုသူအများစုအတွက်တော့ လုံလောက်တဲ့ ပမာဏပါပဲ။ HTC 10 အပါအဝင် HTC ရဲ့ Premium Price ဖုန်းတွေမှာ RAM 4GB ပါဝင်ပြီး ဝမ်းနည်းစွာနဲ့ပဲ ဒေါ်လာ ၈၀၀တန် Bolt မှာတော့ ပါဝင်လာခြင်းမရှိပါဘူး။

 

Hardware

Hardware တွေကတော့ SIM ကတ်ပေါက်တစ်ပေါက်နဲ့ 32GB Internal Storage ကိုချဲ့ထွင်အသုံးပြုနိုင်ဖို့အတွက် microSD ကတ်ကိုလည်း ထည့်သွင်းအသုံးပြုနိုင်ဖို့ နောက်တစ်ပေါက် ထပ်ပါဝင်ပါတယ်။

HTC Bolt ဟာ HTC ရဲ့ BoomSound နည်းပညာကို အသုံးပြုထားပြီး အသံကျယ်မှု၊ အသံပြန့်လွှင့်မှုနှုန်းနည်းပါးမှုတွေကြောင့် Galaxy S7 စပီကာထက် ကောင်းမွန်တယ်လို့ သုံးသပ်ရပါတယ်။

ပြောစရာဖြစ်ခဲ့တဲ့ အချက်ကတော့ Apple ရဲ့ ခြေရာကိုနင်းတဲ့ အနေနဲ့ HTC Bolt ဟာ 3.5mm နားကြပ်ပေါက် ပါဝင်လာခြင်းမရှိပဲ အောက်ဖက်မှာ Charging Port သာပါဝင်လာပါတယ်။ ဒါကြောင့် သီချင်းနားထောင်ဖို့ USB Type-C Headphones ဒါမှမဟုတ် Bluetooth Headphones လိုအပ်မှာ ဖြစ်လို့ သင့်အတွက်တော့ နည်းနည်းစိတ်ခုစရာအချက်တစ်ချက်တော့ ဖြစ်နိုင်မှုာပါ။

Apple တစ်ခုခု လုပ်ရင် နောက်ကနေ လိုက်လုပ်ကြတဲ့ ထုံးစံအတိုင်းပဲ နောက်ပိုင်းမှာ Headphone Jack မပါတော့မယ့် လုပ်ဆောင်ချက်က နောက်ပိုင်းမှာ ကျော်ကြားလာဦးမှာဖြစ်တာကြောင့် ဒီအပေါ်ကိုတော့ ပြသနာတစ်ခုအနေနဲ့ မပြောချင်တော့ပါဘူး။

တစ်ခုတော့ရှိပါတယ်။ HTC အနေနဲ့ Bolt ဝယ်ယူသူတွေကို Headphone adapter တွေ Free အနေနဲ့ ထည့်သွင်းပေးမှာ ဖြစ်တာပါပဲ။ ဒါကိုပဲ ကျေးဇူးတင်ရမလို ဖြစ်နေပါတယ်။ Bolt ကို ကုမ္ပဏီက လာမယ့် ဇန်နဝါရီလ ၃၁ရက်နေ့မှာ တစ်ကမ္ဘာလုံးကို ဖြန့်ချိမှာပါ။

 

ဘက်ထရီသက်တမ်း

ဒီဘက်ခေတ်ဖုန်းတွေမှာတော့ ဘက်ထရီသက်တမ်းက အရေးပါလာပါပြီ။ လူတိုင်းကလူမှုကွန်ယက်တွေ၊ ဂိမ်းတွေ၊ ရုပ်ရှင်ကြည့်တာတွေ၊ စတဲ့ မနားတမ်း လုပ်ဆောင်ချက်တွေကို လုပ်ဆောင်နေတာကြောင့် ဖုန်းတစ်လုံးရဲ့ ဘက်ထရီသက်တမ်းဟာ စကားပြောလာပါတယ်။

HTC Bolt မှာ 3200mAh  ရှိတဲ့ ဘက်ထရီကိုအသုံးပြုထားပြီ HTC 10 ရဲ့ 3000mAh နဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။ ဒါပေမယ့် အပြင်ကစမ်းသပ်ကြည့်တဲ့ ဘက်ထရီသက်တမ်းရလဒ်ကတော့ စိတ်ပျက်စရာပါပဲ။ Android Authority ရဲ့ စမ်းသပ်ချက်အရ HTC Bolt ကို အသုံးပြုရာမှာ Full Day Use အနေနဲ့ အသုံးပြုရမှာ ဘက်ထရီဟာ ခြောက်နာရီကျော်သာ ခံခဲ့ကြောင်း စာရင်းဇယားတွေနဲ့တကွ ပြသထားခဲ့ပါတယ်။ ဒါဟာဆိုရင်တော့ ဘက်ထရီ အသုံးကြမ်းတဲ့သူတွေအတွက်တော့ အဆင်ပြေနိုင်မှာ မဟုတ်ဘူးဆိုတာ သိနိုင်ပါတယ်။

ဒါပေမယ့် ပစ္စည်းဟာ Quick Charge 2.0 ကို အသုံးပြုထားပါတယ်။ ဒါပေမယ့် ဒါဟာလည်း သိပ်မြန်ဆန်မှုမရှိပါဘူး။ နာရီဝက်အားသွင်းရာမှာ ဘက်ထရီက ၂၅ရာခိုင်နှုန်းသာတက်ခဲ့ပါတယ်။

Samsung နဲ့ တန်ဖိုးကြီးဖုန်းတွေထားလို့ တခြား Quick Charge အသုံးပြုထားတဲ့ တန်ဖိုးနည်းဖုန်းတွေတောင် နာရီဝက်အတွင်းမှာ ဘက်ထရီအား ၅၀ရာခိုင်နှုန်းတောင်ဝင်အောင်သွင်းနိုင်ပါတယ်။ ဒါကြောင့် Bolt ဟာ ဘက်ထရီမှာတော့ နာမည်နဲ့လိုက်အောင် စွမ်းဆောင်နိုင်မှုမရှိပါဘူး။

 

ကင်မရာ

HTC Bolt ဟာ ကျောဘက်ကင်မရာကို Optical Image Stabilization ကို အသုံးပြုထားတဲ့ 16 MP f/2.0 shooter ကို ထည့်သွင်းထားပါတယ်။ ဒါဟာဆိုရင် HTC 10 နဲ့ တူညီတဲ့ ကွာလတီနဲ့ ပုံတွေကို ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ ကင်မရာကတော့ အတော်ကောင်းပါတယ်။ ရိုက်ကူးထားတဲ့ ရလဒ်တွေကို တစ်ချက်ကြည့်ကြည့်ပါဦး။

ရှေ့ဘက်ကင်မရာဟာဆိုရင်လည်း 8MP f2.4 shooter ကိုအသုံးပြုထားတာပါ။ အတော်မိုက်တဲ့ ရလဒ်တွေထွက်အောင် ရိုက်နိုင်ပါတယ်။ Selfie ချစ်သူတွေအတွက်ကတော့ သင့်လျော်တဲ့ ဖုန်းပါ။

Video Recording အနေနဲ့ဆိုရင်လည်း HTC Bolt ဟာ 30p မှာ 4K ရုပ်ထွက်နဲ့ ဗီဒီယိုတွေကို ရိုက်ကူးနိုင်တာောကာင့် အလွန်အရည်အသွေးကောင်းတဲ့ ဗီဒီယိုတွေထွက်အောင် ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီ Recoding အတွက် ခြောက်မိနစ်သာရိုက်ကူးနိုင်အောင် Limit လုပ်ထားပါတယ်။ ဒါကြောင့် ဒီထက်ရှည်ရှည်ရိုက်ချင်ရင်တော့ တစ်မျိုးစဉ်စားရမှာပါ။

Software

HTC Bolt ဟာ Software ပိုင်းမှာဆိုရင် OS အနေနဲ့ နောက်ဆုံးထွက် Android 7.0 (Nougat) ဗားရှင်းကို အသုံးပြုထားပါတယ်။ UI မှာဆိုရင်လည်း HTC ရဲ့ Sense UI ကိုအသုံးပြုထားတာပါ။

 

ဈေးနှုန်း

ဆိုခဲ့သလိုပဲ ဈေးနှုန်းကတော့ ဒေါ်လာ ၆၀၀ ရှိပြီး တရားဝင်အနေနဲ့ လာမယ့် ၃၁ရက်နေ့ကျရင် တစ်ကမ္ဘာလုံးကို ဖြန့်ချိမှာပါ။

 

သုံးသပ်ချက်

HTC Bolt ဟာ အတော်ကောင်းမွန်တဲ့ ဖုန်းတစ်လုံးဆိုတာ သံသယဖြစ်စရာမလိုပါဘူး။ ဒါပေမယ့် ဒီဇိုင်း၊ မျက်နှာပြင်၊ ကင်မရာစတာတွေကိုဖယ်လိုက်ရင် HTC Bolt ဟာ ဒေါ်လာ ၆၀၀ နဲ့ တန်တဲ့ ဖုန်းတစ်လုံးဆိုတာကို သံသယဖြစ်စရာရှိနေပါတယ်။ (မြန်မာနိုင်ငံအတွက် ဈေးနှုန်းကိုအတိအကျ မသိရသေးပါ)

သူ့ရဲ့ ဈေးနှုန်းထက်ဝက်ခန့်သာရှိပြီး လုပ်ဆောင်ချက်ပိုမို ကောင်းမွန်တဲ့ ZTE Axon 7 နဲ့ OnePlus 3T တို့ကို မေ့ထားလို့မရပါဘူး။ တကယ်လို့ ဈေးနည်းနည်းမြင့်တာကို ကိုင်ချင်တယ်ဆိုရင်တော့ HTC 11 နဲ့ Samsung Galaxy S8 ကိုစောင့်ဆိုင်းဖို့အတွက် အကြံပေးချင်ပါတယ်။ ဈေးနှုန်းတူတာဝယ်မယ်ဆိုရင်တော့ HTC 11 ထွက်လာရင် လုပ်ဆောင်ချက် အမိုက်စားတွေနဲ့ HTC 10 ဟာလည်း ဒေါ်လာ ၆၀၀လောက်ဖြစ်သွားနိုင်ပါတယ်။

ကျွန်တော့် Review ကို စိတ်ရှည်လက်ရှည်ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်။ HTC Bolt တကယ်ထွက်လာရင်ရော ဘယ်လိုလာဦးမယ်၊ ဈေးနှုန်းဘယ်လောက်ရှိမယ်ဆိုတာ ဖော်ပြပေးပါမယ်။ Review ကို ကြိုက်နှစ်သက်ရင် Like, Share, Comment နဲ့ ကျွန်တော့်ကို အားပေးသွားနိုင်ပါတယ်။ ကျေးဇူးပါ။ 🙂

Ref: Android Authority, GSM Arena