ကျောင်းသူဘဝအမှတ်တရ

ကျောင်းမှာဆိုရင် အနုပညာနဲ့ပတ်သက်တာ အားကစားနဲ့ပတ်သက်တာတွေဆို အမြဲတမ်းပါဝင်ဖြစ်တယ်။ စာနဲ့ပတ်သက်ရင်ထားထက်က အရမ်းတော် အရမ်းညံ့တဲ့ထဲ မပါပါဘူး။ ကိုယ်က အားကစားပြိုင်ပွဲတွေပြိုင်နေရတော့ စာမေးပွဲနီးမှ စာအသဲအသန်ကျက်ပြီး ဖြေရတာများတယ်။ ကျောင်းတုန်းကတော့ ထားထက်ထက်လို့ခေါ်ရတာခက်လို့ ထားထက်၊ ထားထားထက်ထက် ဆိုပြီးခေါ်ကြတယ်။ တက္ကသိုလ်တက်တုန်းကတော့ ထက်ကျဲ ဆိုပြီးခေါ်တယ်။

အနုပညာခရီးအစ

ထားထက် တက္ကသိုလ်ကျောင်းသူဘဝမှာ ကျောင်းတက်နေရင်းနဲ့ Miss ပြိုင်ပွဲတွေအများကြီးဝင်ပြိုင်ဖြစ်တယ်။ ကျောင်းပြီးတဲ့အချိန်မှာလည်း ပြိုင်ပွဲတွေဆက်ပြိုင်နေရင်းနဲ့ ၂၀၁၃ ခုနစ်မှာ Miss Grand Myanmar ဆုကိုရခဲ့ပါတယ်။ အဲဒီကနေမှတဆင့်အနုပညာအလုပ်တွေ ထဲထဲဝင်ဝင်လုပ်ဖြစ်လာတာပါ။

Miss ပြိုင်ပွဲနဲ့ပတ်သက်တဲ့ အမှတ်တရ

Miss ပြိုင်ပွဲတွေစပြိုင်တဲ့အချိန်တုန်းက ကိုယ်ကကိုယ့်အလှအပေါ်အရမ်းကြီး ယုံကြည်မှုမရှိဘူး။ ပြီးတော့ ဒေါက်ဖိနပ်နဲ့လမ်းလျှောက်ရတာလည်း အဆင်မပြေဘူး။ ကြောက်လည်းအရမ်းကြောက်ခဲ့တယ်။ အဲဒါလေးတွေက အခက်အခဲတစ်ခုပါ။ ကျွမ်းဘားကစားတုန်းကဆိုရင် လူတွေအများကြီးရှေ့မှာ ကစားရတယ်ဆိုပေမယ့် အဲဒီလောက်အထိ မကြောက်ခဲ့ဖူးဘူး။

ထားထက်ထက်ဆိုပြီး သိသွားစေတဲ့အရာများ

ကိုယ့်ကို ထားထားထက်လို့ပရိသတ်သိသွားစေတာက မြင့်မိုရ်အောက်ကစိန် ဆိုတဲ့ဗီဒီယိုကားလေးပါ။ အဲဒီဇာတ်ကားက အက်ရှင်ကားလေးဖြစ်တာမို့ ထားထက်နဲ့လည်းလိုက်ဖက်တယ်ထင်ပါတယ်။ ဒီကားလေးထွက်ပြီးချိန်မှာ နယ်ဘက်ကပရိသတ်တွေက ထားထက်ကိုအားပေးကြတယ်။ နောက်ထပ်တစ်ခုကတော့ ပရဟိတပွဲတစ်ခုမှာ ထားထက်မပြောတဲ့စကားကိုပြောတယ်ဆိုပြီး နာမည်ကြီးသွားတဲ့အချိန်မှာ လူတွေပိုပြီးသတိထားမိသွားတယ်လို့ထင်ပါတယ်။

မဖြစ်သေးတဲ့ ရည်မှန်းချက်များ

ပရိသတ်ကို လုပ်ဆောင်ပြချင်တဲ့အရာမျိုးတွေ အများကြီးရှိပါတယ်။ ခုချိန်မှာတော့ ကိုယ့်ဆီကိုရောက်လာတဲ့အခွင့်အရေးတွေကိုပဲ လက်ခံနေရတာပါ။ ပရိသတ်ရင်ထဲမှာကျန်နေစေမယ့်ဇာတ်ကားမျိုးလေးတွေ ရိုက်ချင်ပါတယ်။ အားကစား၊ ပရဟိတနဲ့ပတ်သက်တဲ့ဇာတ်ကားလေးတွေ ရိုက်ချင်တယ်။ ကိုယ့်ဇာတ်ကားကိုကြည့်လိုက်ရင် စိတ်ဓာတ်တက်ကြွသွားတာမျိုး မက်ဆေ့ခ်ျ်တစ်ခုခုရသွားတာမျိုး ဖြစ်စေချင်ပါတယ်။ မင်းသမီးဆိုတာထက် သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ချင်တာက အပြင်းပြဆုံးဆန္ဒပါပဲ။

အားလပ်ချိန်ဖြတ်သန်းမှု

အားလပ်ချိန်တွေဆိုရင် ထားထက် သီချင်းနားထောင်တယ်။ ရုပ်ရှင်ကြည့်တယ်။ သရုပ်ဆောင်တာကို လေ့လာတယ်။ လေ့ကျင့်တယ်။ စိတ်ပင်ပန်းတဲ့အချိန်ဆိုရင် တရားထိုင်ပါတယ်။ အားလပ်ရက်များရင်တော့ ခရီးတွေသွားလေ့ရှိပါတယ်။

www.akhayar.com