ဒီနေ့ခေတ်မှာတော့ ကမ္ဘာ့လူဦးရေရဲ့ ၃ ပုံ ၂ ပုံလောက်ဟာ မိုဘိုင်းဖုန်းတွေ အသုံးပြုနေသလို လူတစ်ယောက်ဟာ ပျမ်းမျှတစ်နေ့ကို ၄ နာရီလောက် အင်တာနက် အသုံးပြုဖြစ်နေတယ်လို့လည်း စစ်တမ်းတွေက ဆိုကြပါတယ်။ မြန်မာပြည်မှာလည်း မိုဘိုင်းဆက်သွယ်ရေးနည်းပညာ တိုးတက်လာမှုတွေကြောင့် မိုဘိုင်းဖုန်းအသုံးပြုသူ အရေအတွက် အလျှင်အမြန်တိုးတက်လာနေသလို အင်တာနက်နဲ့ လူမှုကွန်ယက်အသုံးပြုမှုနှုန်းကလည်း ထပ်ချပ်မကွာ လိုက်ပါတိုးတက်လာနေပါတယ်။

ဒီလို အင်တာနက် ဝက်ဘ်ဆိုက်တွေ၊ Mobile Banking စနစ်တွေနဲ့ လူမှုကွန်ယက် Account တွေ အားလုံးဟာ လုံခြုံရေးအတွက် Password စနစ် တစ်မျိုးမျိုးကို အသုံးပြုထားလေ့ရှိပါတယ်။ Password တွေဟာ သုံးစွဲသူတွေရဲ့ ဘဏ္ဍာရေးအချက်အလက်၊ အကြွေးဝယ်ကတ် အချက်အလက်နဲ့ ကိုယ်ရေး အချက်အလက်တွေကို ကာကွယ်ပေးနိုင်တဲ့ ခံစစ်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လူအများရဲ့ ပေါ့လျော့မှုတွေကြောင့် ဒီလို Password တွေ အသုံးပြုပြီး ကာကွယ်ထားကြတယ်ဆိုပေမယ့်လည်း Password ကျိုးပေါက်မှုတွေ မကြာခဏဖြစ်ပေါ်နေပါတယ်။ Hacker တွေပြောနေကြစကားလေးကတော့ “Password တိုင်းဟာ ချိုးဖျက်လို့ရတယ်” ဆိုတာပါပဲ။

ကျွန်တော်တို့အနေနဲ့ အွန်လိုင်းအသုံးပြုတဲ့အခါမှာ အန္တရာယ်ရှိတဲ့ အပြုအမူတွေနဲ့ လက်မခံနိုင်လောက်တဲ့ အမှားအယွင်းတွေကို ပြုလုပ်မိနေတယ်ဆိုရင် အခုအချိန်ကစပြီး ရပ်ဆိုင်းသင့်ပါပြီ။ မိမိတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေနဲ့ Account တွေကို ကာကွယ်ဖို့ သတိထားပြုမူသင့်တဲ့အချက်တွေကို Akhayar က အကြံပေးဖော်ပြချင်ပါတယ်။

() လုံခြုံမှုမရှိတဲ့ Password ကို မရွေးပါနဲ့

လူအများက password တွေကို မမေ့အောင် ခပ်လွယ်လွယ် နဲ့ မှတ်ရလွယ်တဲ့ စာသားမျိုးတွေ၊ မိမိနဲ့ ပတ်သတ်တဲ့ နေ့စွဲမျိုးတွေနဲ့ ဖန်တီးထားလေ့ရှိပါတယ်။ အချို့တွေဆိုရင် “123456” နဲ့ “password” တို့လိုမျိုး အလွန်လွယ်ကူလွန်းတဲ့ Password မျိုးတွေကိုတောင် အသုံးပြုနေကြပါတယ်။ မိမိရဲ့ ကိုယ်ရေးအချက်အလက်တွေနဲ့ Online Account တွေကို စိတ်ချလက်ချ အသုံးပြုချင်တယ်ဆိုရင် ခန့်မှန်းရလွယ်ကူတဲ့ Password တွေကို ရှောင်ကျဉ်ရမှာဖြစ်ပြီးတော့ စာလုံးရေ ၁၂ လုံးထက် ရှည်ပြီး အက္ခရာ၊ နံပါတ်နဲ့ အခြားသင်္ကေတတွေပါ ပါဝင်တဲ့ Password မျိုးကို ဖန်တီးပြီး ရွေးချယ်အသုံးပြုသင့်ပါတယ်။

() Two-Factor Authentication သုံးပါ

အခုနောက်ပိုင်း Facebook အပါအဝင် နာမည်ကျော် လူမှုကွန်ယက်တွေ၊ Mobile Banking စနစ်တွေနဲ့ အင်တာနက် ဝက်ဘ်ဆိုက်တွေဟာ ၎င်းတိုရဲ့ Log In စနစ်မှာ Two-Factor Authentication စနစ် ထည့်သွင်း အသုံးပြုလာပါတယ်။ ဒီစနစ်က Login ဝင်ရောက်ချိန်မှာ Password မှန်ကန်ရုံနဲ့ Account ထဲကို ဝင်ရောက်ခွင့်မပြုပဲ မိမိဖုန်းဆီကို Code နံပါတ်ပေးပို့ပြီး အဲဒီ Code နံပါတ်မှန်ကန်အောင် ဖြည့်နိုင်မှ အထဲကို ဝင်ရောက်ခွင့်ပြုတဲ့ စနစ်တစ်မျိုးပါ။ ဒီနည်းလမ်းကို အချို့က အလုပ်ရှုပ်တယ်လို့ ယူဆပြီး အသုံးမပြုကြပါဘူး။ ဒါပေမယ့် ဒီနည်းလမ်းဟာ စိတ်ချရတဲ့ ကာကွယ်ရေးစနစ်တစ်ခုဖြစ်ပြီးတော့ မိမိ Account ကို တစ်စုံတစ်ယောက်က ဝင်ဖို့ ကြိုးစားနေရင်လည်း အလွယ်တကူ သိနိုင်မှာဖြစ်ပါတယ်။

() Account အမျိုးမျိုးအတွက် မတူညီတဲ့ Password တွေ သတ်မှတ် အသုံးပြုပါ

ကျွန်တော်တို့ဟာ ဝက်ဘ်ဆိုက်အများအပြားအပြင် လူမှုကွန်ယက် account တစ်ခုတွေရော E-mail စနစ်တွေပါ အများအပြား အသုံးပြုနေတာဖြစ်တာကြောင့် Account တစ်ခုစီတိုင်းမှာ Password တစ်ခုစီ သတ်မှတ်ထားကြပါတယ်။ ဒါပေမယ့် မှတ်ရလွယ်အောင် အကောင့်အားလုံးကို Password တစ်ခုတည်းသာ ဖန်တီးပြီး အသုံးပြုကြတဲ့ သူတွေလည်း မနည်းပါဘူး။ ဒါဟာ အွန်လိုင်းအသုံးပြုရာမှာ အလွန်မှားယွင်းတဲ့ အကျင့်တစ်ခုဖြစ်ပါတယ်။ ဒီလိုပြုလုပ်ခြင်းကြောင့် မိမိရဲ့ Password ကို ဟက်ကာတွေ ရရှိသွားရင် အခြားအရေးကြီး Account တွေပါ အကုန်ဆုံးရှုံးရမှာဖြစ်ပါတယ်။

() Password ကို မဝေမျှပါနဲ့

လက်ရှိ ကမ္ဘာပေါ်က အင်တာနက်နဲ့ စမတ်ဖုန်းအသုံးပြုသူ ၃၁ ရာခိုင်နှုန်းဟာ သူတို့ရဲ့ Password တွေကို အခြားသူတွေနဲ့ အကန့်အသတ်မရှိ မျှဝေထားကြပါတယ်။ အများစုကတော့ ချစ်သူရည်းစား၊ အိမ်ထောင်ဖက်နဲ့ မိသားစုဝင်တွေဆီကိုပါ။ ဒါဟာ အန္တရာယ်များတဲ့ အပြုအမူတစ်ခုဖြစ်တယ်လို့ အွန်လိုင်းလုံခြုံရေးပညာရှင်တွေက သတ်မှတ်ထားကြပါတယ်။

() Software ကို အမြဲတစေ Update ပြုလုပ်ပါ

ဖုန်း OS တွေ၊ ဆော့ဖ်ဝဲလ်တွေနဲ့ ကွန်ပျူတာ ပရိုဂရမ်တွေဟာ မကြာခဏ Update Version တွေ ပြုလုပ်ပေးနေပါတယ်။ Update တိုင်းမှာ လုံခြုံရေးစနစ်ကို အဆင့်မြှင့်တင်မှုတွေ မကြာခဏ ထည်သွင်းပေးထားတတ်တာမို့ အမြဲတစေ Update ပြုလုပ်နေဖို့လိုပါတယ်။ တစ်ချို့သော အသုံးပြုသူတွေက ငွေကြေးကုန်ကျမှာကို နှမျောတာကြောင့် Update ပြုလုပ်ဖို့ ဝန်လေးတတ်ကြပါတယ်။ အသစ်အသစ်သော Virus တွေ နေ့စဉ်နဲ့အမျှပေါ်ထွက်လာနေတာကြောင့် Update ပုံမှန်မလုပ်တာက အန္တရာယ်များတဲ့ အလေ့အထတစ်ခုဖြစ်ပါတယ်။

() Public Wi-Fi ကွန်ယက်တွေကို သတိထား အသုံးပြုပါ

လူတိုင်းဟာ အခမဲ့ရရှိတဲ့ Public Wi-Fi တွေကို အသုံးပြုရတာကို သဘောကျကျပါတယ်။ သုံးစွဲသူတွေဟာ ကော်ဖီဆိုင်၊ စားသောက်ဆိုင်တွေ၊ အများပြည်သူနဲ့ သက်ဆိုင်တဲ့ သက်ဆိုင်တဲ့နေရာတွေနဲ့ လေဆိပ်တွေမှာရှိတဲ့ Public Wi-Fi ကွန်ရက်တွေကနေတဆင့် လူမှုကွန်ယက် ဝက်ဘ်ဆိုက်တွေ သုံးတာ၊ Email တွေ စစ်ဆေးတာ၊ အင်တာနက်သုံးတာ၊ ဈေးဝယ်တာတွေကို ပြုလုပ်တတ်ကြပါတယ်။ ဒါပေမဲ့ ဒီ Wi-Fi ကွန်ရက်တွေဟာ လုံခြုံရေးအားနည်းတာကြောင့်  ကွန်ယက်အသုံးပြုနေသူအချင်းချင်းရဲ့ အချက်အလက်တွေကို ချိုးဖောက်ဝင်ရောက်ပြီး ခိုးယူလို့ရပါတယ်။ ဒါကြောင့် Public Wi-Fi ကို သုံးတော့မယ်ဆိုရင် ချိတ်ဆက်မှုကို လုံခြုံမှုရှိစေဖို့ encrypt လုပ်ပေးမယ့် Virtual Private Network (VPN) တစ်ခုကို ဖန်တီး အသုံးပြုတာက အကောင်းဆုံးပါပဲ။

Ref: CNBC၊ CNet၊ USToday

www.akhayar.com