တစ်ခါတစ်ရံ ပရိသတ်ကြီးရော ပေါက်ပေါက်ရှာရှာ အတွေးလေးတွေ တွေးဖူးကြလား။ စာရေးသူကတော့ တွေးဖူးပါတယ်။ စာရေးသူတွေးမိတဲ့ အတွေးမျိုးကတော့ ပေါက်ပေါက်ရှာရှာဆိုပေမယ့် လက်တွေ့မှာလည်း ကြုံနိုင်တာမို့လို့ တွေးမိတဲ့ အတွေးလေးနဲ့ ဆက်စပ်ပြီး ပြောပြရင်း ပရိသတ်ကြီးရဲ့အတွေးအမြင်ကိုလည်း သိချင်မိပါတယ်။ ရာသီဥတုပူအိုက်လာရာကနေ ဒီအတွေးစလေးဟာ စာရေးသူရဲ့ ဦးနှောက်ထဲကို ဝင်ရောက်လာတာ ဖြစ်ပါတယ်။

အခုချိန်ဟာ ပူအိုက်တဲ့ ရာသီဥတုဖြစ်တဲ့ နွေရာသီကို ရောက်ရှိလာပြီဖြစ်လို့ ဘယ်သွားသွား ပူအိုက်တဲ့ဒဏ်ကို ခံစားကြရပါတယ်။ ပူအိုက်တဲ့အတွက်ကြောင့် လူတိုင်းဟာ အေးမြတဲ့နေရာကိုပဲ ရှာပြီး နေချင်ကြပါတယ်။ အိမ်ရောက်ပြီဆိုတာနဲ့ လူတိုင်းဟာ အဲကွန်းလေးကိုဖွင့်ပြီး အဲကွန်းလေအေးအေးလေးနဲ့ နှပ်ပြီး နေကြပါတယ်။

အဲ့ဒီအချိန်မှာ အဲကွန်းလေအေးအေးကိုခံရင်း ကျွန်မတွေးမိတာကတော့ ဒီခေတ်ကြီးထဲမှာ အဲကွန်းတွေရှိလို့သာ အပူဒဏ်ကို အေးအေးလူလူရှောင်ရှားနိုင်တာဖြစ်ပါတယ်။ သေချာတာကလည်း အဲကွန်းတပ်ထားတဲ့အိမ်ကလူတွေကသာ အေးအေးလူလူ အပူဒဏ်ကို ရှောင်နိုင်လို့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေလည်း မဖြစ်ဘဲ ပူလောင်တဲ့ နွေဥတုကို အေးအေးဆေးဆေးကျော်ဖြတ်နိုင်ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အိမ်တိုင်းအိမ်တိုင်းမှာကလည်း အဲကွန်းဆိုတာကြီးက ရှိနိုင်မှာမဟုတ်ပါဘူးနော်။ ဒါဆိုရင် အဲကွန်းမရှိတဲ့အိမ်က လူသားတွေကရော ပူလောင်တဲ့ နွေနေပူပူကို ဘယ်လိုဖြတ်သန်းပြီး ရှင်သန်ကြလဲဆိုတာကို တွေးမိရာကနေ နည်းလမ်းကောင်းတွေကို ရှာဖွေတွေ့ရှိလို့ တစ်ဆင့်ြ့ပန်လည် မျှဝေပေးလိုက်ပါတယ်။

Ceiling Fans တွေနဲ့ Exhaust Fan တွေကို အိမ်လေဝင်လေထွက်ကောင်းစေဖို့ တပ်ဆင်ပါ

Exhaust Fans တွေက အိမ်ထဲကို လေပူတွေကို အပြင်ရောက်အောင် ကူညီထုတ်ပေးပါတယ်။ နေထွက်လာရင်တော့ တံခါးတွေနဲ့ ပြတင်းပေါက်တွေကိုတော့ ပိတ်ဖို့ မမေ့ပါနဲ့။ ဒါ့အပြင် နေပူနေရင် အိမ်တွင်းအေးမြနေအောင် တတ်နိုင်သမျှ ခန်းဆီးတွေကို ပိတ်ထားပေးပါ။ အပြင်ဘက် နေအပူချိန်ကျသွားရင်တော့ အိမ်တွင်းက အပူချိန်ကလည်း လိုက်ပြီးကျသွားလို့ တံခါးတွေအားလုံးနဲ့ ပြတင်းပေါက်တွေအားလုံးကို ပြန်ဖွင့်ပြီး Exhaust ကိုလည်း ဆက်ဖွင့်ထားပါ။ အပူချိန်ကျတဲ့ ညနေခင်းဘက်မှာ ပြတင်းပေါက်တွေကို ဖွင့်ထားခြင်းဟာ အိမ်ကို ပိုပြီး လေဝင်လေထွက်ကောင်းစေပါတယ်။

ရေကိုအကျိုးရှိရှိအသုံးချပါ

အထပ်မြင့်မှာနေရင် (သို့) လသာဆောင်တွေရှိရင် ကြမ်းပြင်ပေါ်ကို ရေတစ်ပုံး၊နှစ်ပုံးလောက် ပက်ဖျန်းပေးပါ။ အထပ်မြင့်တွေ ၊လသဆောင်တွေရှိမှ မဟုတ်ပါဘူးနော်။ ကိုယ်အိမ်ရှေ့ကိုလည်း ရေလေးတွေနဲ့ ပက်ဖျန်းပေးလို့ ရပါတယ်။ဒီလိုမျိုး လူကြီးတွေလုပ်တာကို ကလေးဘဝတုန်းက တွေ့ဖူးခဲ့ကြမှာပါ။ အဲ့ဒီတုန်းကတော့ လူကြီးတွေ ဘာလို့ အဲ့လိုလုပ်တာလဲဆိုပြီး နားမလည်ဖြစ်ခဲ့ဖူးရင် အခုဒီမှာ ပြောပြထားတာကို ဖတ်ကြည့်လိုက်ရင် အဖြေပေါ်သွားမှာပါ။ အမှန်မှာတော့ အဲ့ဒီလို ကြမ်းပြင်နဲ့ မြေကြီး ရေဖြန်းလိုက်ရင် အပူတွေက အပေါ်ကို တက်သွားပြီး လျော့ကျသွားတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ ရာသီဥတုက အရမ်းပူလာလို့ အေးချင်တယ်ဆိုရင်တော့ တစ်နေ့ကို ရေနှစ်ကြိမ်ကနေ သုံးကြိမ်လောက် ချိုးပေးလို့ ရပါတယ်။ ရေချိုးမယ်ဆိုရင် တစ်ခုသတိပြုရမှာက နေပူထဲက ပြန်လာလာချင်း တန်းမချိုးမိဖို့၊မနက်ပိုင်းနဲ့ ညနေပိုင်းအချိန်တွေမှာသာ ချိုးပေးပါကို မမေ့ပါနဲ့။

အောက်ထပ်မှာပြောင်းနေပါ

ရန်ကုန်လို့ မြို့ကြီးပြကြီးမှာ နေတဲ့သူတွေအတွက် လုံးချင်းအိမ်နဲ့ မနေကြရတဲ့အတွက် ဒီအချက်ကိုတော့ လုပ်လို့ မရလောက်ပါဘူး။ လုံးချင်းအိမ်နဲ့ နေသူတွေဆိုရင်တော့ အိမ်နှစ်ထပ်ရှိရင် အပေါ်ထပ်မှာ မနေဘဲ အောက်ထပ်မှာ ရွှေ့ပြီးနေပါ။ဘာကြောင့်လဲဆိုတော့ အပေါ်ထပ်က အပူကို တိုက်ရိုက်ထိတွေ့တဲ့အတွက် အောက်ထပ်ထက် ပိုပြီး ပူနေတတ်လို့ပါ။ အောက်ထပ်ကို ပြောင်းရွှေ့နထိုင်ခြင်းနဲ့ မွန်းတည့်ချိန်အပူကို ကောင်းကောင်းရှောင်ရှားနိုင်မှာပါ။

အပိုထွက်ရှိနေတဲ့အပူတွေကို ဖယ်ရှားပေးပါ

အပူချိန်တွေ တရိပ်ရိပ်တက်တဲ့ နွေရာသီကို ရောက်ပြီဆိုရင်တော့ မလိုအပ်ဘဲ အပူတွေ ထွက်ရှိနေတာမျိုး မဖြစ်အောင် လုပ်ဆောင်သင့်ပါတယ်။ မီးသီးတွေ၊ ကွန်ပျူတာတွေနဲ့ တခြားလျှပ်စစ်ပစ္စည်းတွေကနေ မလိုအပ်ဘဲ အပူတွေထွက်ရှိတာမျိုးမဖြစ်ရအောင် မသုံးရင် ပိတ်ထားတာမျိုးလုပ်ကာ အပူချိန်ကို လျော့ချလို့ရပါတယ်။ ဟင်းချက်တဲ့အခါမျိုးမှာလည်း မီးအပူတွေသိပ်မသုံးဘဲနဲ့ စားလို့ရတဲ့ လတ်ဆတ်တဲ့အစားအစာမျိုးကို တတ်နိုင်သမျှ ရွေးစားတာမျိုး လုပ်ခြင်းနဲ့ အပူချိန်တွေ မတိုးလာအောင် လုပ်ယူလို့ရပါတယ်။

ရေဓာတ်ပြည့်ဝအောင်နေပါ

ရာသီဥတုပူလာရင် ရေများများ ပိုသောက်ပေးသင့်ပါတယ်။ ဘာကြောင့် ရေများများသောက်သင့်တာလဲဆိုတော့ ချွေးတွေအများကြီးထွက်ရင် ခန္ဓာကိုယ်က Electrolytes တွေ ဆုံးရှုံးသွားနိုင်တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။

Cooler ထဲမှာ ရေခဲထည့်ပြီး သုံးကြည့်ပါ

အိမ်မှာ Cooler အသုံးပြုတဲ့ လူတွေရှိရင် Cooler ထဲကို ရေနဲ့အတူ ရေခဲတုံးတွေပါ ရောပြီးထည့်ပြီး သုံးပါ။ အဲဒီလိုထည့်သုံးလိုက်ရင် အဲကွန်းကထွက်တဲ့ လေလိုမျိုး အေးလာပါလိမ့်မယ်။

ပရိုတိန်းတွေကို အရမ်းကြီးမစားပါနဲ့

ပရိုတိန်းတွေကို အလွန်အကျူးစားမိရင် ဇီဝဖြစ်ပျက်မှုနှုန်းမြင့်တက်လာကာ ခန္ဓာကိုယ်ကို ပူနွေးလာစေလို့ နွေရာသီမှာတော့ အများကြီး မစားသုံးပါနဲ့နော်။

နွေရာသီမှာ အဲကွန်းမရှိလည်း စိတ်ဓာတ်ကျနေစရာ မလိုပါဘူးနော်။ဒီနည်းလမ်းလေးတွေကိုသာ သုံးပြီး အပူဒဏ်ကို ရှောင်ရှားကြည့်လိုက်ကြပါတော့နော်။ ပရိသတ်ကြီးသိတဲ့ နည်းလမ်းကောင်းတွေရှိရင်လည်း ပြန်လည်မျှဝေပေးခဲ့ ဖို့ မမေ့ပါနဲ့နော်။

H.H(Akhayar)

www.akhayar.com