တစ်ခါတလေ လူတွေမှာ ဘာပြောပြောဘာလုပ်လုပ် အဆင်မပြေတဲ့အချိန်မျိုး ရှိတတ်ကြပါတယ်။ “ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ” “နူရာဝဲစွဲ လဲရာသူခိုးထောင်း” ဆိုသလို ကိုယ်တစ်ယောက်ပဲကွက်ပြီး အဆင်မပြေဖြစ်နေသလိုမျိုးအချိန်တွေကို ဘယ်လိုကျော်ဖြတ်ကြမလဲဆိုတာ အချင်းချင်းမျှဝေ ကြည့်ရအောင်လား။

မကောင်းတာဆို အဝေးဆုံးရှောင်

ကံမကောင်းချိန် အဆင်မပြေချိန်မျိုးမှာ မကောင်းမှုလို့ သတ်မှတ်ထားတာမှန်သမျှ ဘာမှမလုပ်ဖို့ ရှောင်ရှားဖို့လိုပါတယ်။ စိတ်ညစ်လို့အရက်သောက်လိုက်တာ အထိန်းအကွပ်မရှိ လုပ်ချင်ရာလုပ်လိုက်တာမျိုးက  ကိုယ့်ကို ပိုဆိုးတဲ့အနေအထားကိုသာ ဆွဲချသွားစေတာဖြစ်ပါတယ်။ “စိတ်ညစ်စရာတွေမေ့လိုက် လာကွာ နတ်ဘုံနတ်နန်း ရောက်စေရမယ်” လို့ခေါ်တတ်တဲ့ သူတွေကိုတော့ ခဏရှောင်နေပါ။ ဘယ်လောက်ပဲ ခင်မင်ရတဲ့ အရင်းနှီးဆုံးသူငယ်ချင်းတွေဖြစ်နေပါစေ သူတို့တွေနဲ့ ဒီလိုအချိန်မှာ လုံးဝ လုံးဝမတွေ့သင့်တာမို့ပါ။   ဒါကြောင့် ငါကံမကောင်းပါလားလို့ ခံစားမိချိန်မှာ ကောင်းတဲ့အတွေးအကြံ ကောင်းတဲ့အလုပ်တွေကိုသာ အပြည့်အဝအာရုံစိုက်ဖို့လိုအပ်ပါတယ်။

ကိုယ်တစ်ယောက်တည်းလို့မတွေးနဲ့

ကိုယ်မှန်နေရက်နဲ့ အဆင်မပြေတဲ့အချိန်မျိုးတွေ၊ ဘာလုပ်လုပ် ခက်ခဲနေတဲ့ အချိန်မျိုးတွေဆိုတာ ကိုယ်တစ်ယောက်တည်းဖြစ်တတ်တာ မဟုတ်ပါဘူး။ လူတိုင်းကြုံကြရ ဖြတ်သန်းကြရတယ်လို့ နှလုံးသွင်းဖို့လိုပါတယ်။ ဆိုးတာလည်းမမြဲ ကောင်းတာလည်းမမြဲဘူးဆိုတဲ့ မမြဲသောတရားကိုများများဆင်ခြင်တတ်လေ စိတ်သက်သာရာရလေ ကောင်းသောအလုပ်ကို ပိုလုပ်နိုင်လေပါပဲ။ ဒါကြောင့် လူတိုင်းဒီအခြေအနေကို ဖြတ်သန်းကြရဖူးတယ်လို့တွေးပါ။

စိတ်ခွန်အားဖြည့်ပါ

ကိုယ် ကိုးကွယ်ရာ ဘာသာတရားကို ပိုဆည်းကပ်ပါ။ ဆုတောင်းပါ။ ဗုဒ္ဓဘာသာမှာတော့ ကံသည် အလုပ်ပါ။ ကိုယ့်အတွေးအကြံ ၊ အလုပ်ကောင်းနေရင် အဆင်ပြေတဲ့အနေအထားတစ်ခုက မလွဲမသွေရောက်လာမှာပါ။ ဘုရားရှိခိုးတာ ဘုရားဆုတောင်းတာကလည်း ကိုယ့်စိတ်ခွန်အားကိုတည်ဆောက်တာပါပဲ။ ကိုးကွယ်ယုံကြည်မှုကနေ စိတ်ခွန်အားတွေရလာပြီး ရှေ့ဆက်ဖို့ အင်အားတွေ ရှိလာမှာသေချာပါတယ်။ ပြဿနာတွေတိုင်းမှာ ဖောက်ထွက်နိုင်တဲ့ လမ်းတစ်ခုဆိုတာအမြဲရှိနေပါတယ်။ ဒါကို မမေ့ပါနဲ့။

You May Also Like:အသက် ၂ဝကျော်လာရင် ဘာတွေလုပ်ရမလဲ

ကောင်းသောအကြံဥာဏ်ပေးနိုင်သူတွေနဲ့တွေ့ပါ

ဘဝကို သုညကနေစရင်း အောင်မြင်လာသူတွေအကြောင်း ဖတ်ပါ၊ အတုယူပါ။ သူတို့တွေ ဘယ်လိုအခြေအနေမှာ ဘယ်လိုစိတ်ထား ဘယ်လိုလုပ်ဆောင်မှုမျိုးနဲ့ ဖြတ်ကျော်လာခဲ့တယ်ဆိုတာမျိုးကို သိလာရပါလိမ့်မယ်။ ဒါမှမဟုတ် ကိုယ့်ကိုအကြံဥာဏ်ကောင်းပေးနိုင်တဲ့ စိတ်ခွန်အားပေးနိုင်တဲ့  လူကြီးသူမ ၊မိတ်ဆွေ ၊သူငယ်ချင်းတွေနဲ့ တွေ့ဆုံပါ။ ကိုယ့်ပြဿနာကိုကိုယ်တိုင်ကိုယ်ကျ လိုက်ဖြေရှင်းပေးတာမျိုး မဟုတ်ပေမယ့် ဖြေရှင်းလို့ရမယ့်လမ်းစကို ရှာတွေ့လာပါလိမ့်မယ်။

ခွန်အားဖြည့် မိငယ်

ကံဆိုးနေပါတယ် စိတ်ညစ်နေပါတယ်ဆိုမှ Suicide Room လိုဇာတ်ကားမျိုး ၊ Gloomy Sunday လိုသီချင်းမျိုးတွေနဲ့ မထိတွေ့မိပါစေနဲ့။ ကိုယ်ကပဲ လက်လျှော့အရှုံးပေးရတော့မလို ဖြစ်နေပါဦးမယ်။  ကိုယ့်ကို စိတ်ခွန်အားပေးတဲ့ သီချင်းမျိုးတွေ တက်ကြွစေတဲ့သီချင်းမျိုးတွေသာ ရွေးနားထောင်ပါ။ Motivation Movies တွေ ရွေးကြည့်ပါ။ ကျန်တဲ့အချိန်မှာ အားကစားလုပ်တာ ၊ ယောဂလေ့ကျင့်တာမျိုးကလည်း သင့်ကို ဥာဏ်ပွင့်စေပြီး ပြဿနာတွေကနေ ဖောက်ထွက်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။

အခရာပရိသတ်ကြီးလည်း ကိုယ့်အတွက်စိတ်ညစ်စရာအကောင်းဆုံးအချိန်တွေကို ဘယ်လိုအောင်အောင်မြင်မြင် ကျော်လွှားခဲ့သလဲဆိုတာ မျှဝေပေးခဲ့ပါဦးနော်။

ဂျူဂျူး (အခရာ)

www.akhayar.com