ငါးမိနစ်စာ ဘဝနေထိုင်နည်း
ဟုတ်ကဲ့…ငါးမိနစ်လောက် အချိန်ရရင် ဖတ်ကြည့်ပေးပါခင်ဗျာ။ ငါးမိနစ် တည်းပါ။ Op အနေနဲ့ အားလုံးအတွက် အသုံးဝင်မယ်လို့ထင်ရတဲ့ ငါးမိနစ်စာ ဘဝနေထိုင်နည်းလေးကို မျှဝေပေးချင်လို့ပါ။ လူရယ်လို့ ဖြစ်တည်လာပြီးနောက်ပိုင်းမှာ အားလုံးဟာ ဒုက္ခကိုယ်စီ၊ သုခကိုယ်စီတွေနဲ့ နေရာအသီးသီး၊ ပတ်ဝန်းကျင်အမျိုးမျိုးတွေမှာ ကျင်လည်ဖြတ်သန်းနေကြရသူတွေချည်းပါပဲ။ ဘဝ အမျိုးမျိုး၊ အတတ်ပညာအမျိုးမျိုးနဲ့ ရှင်သန်နေထိုင်မှု အမျိုးမျိုးတွေနဲ့ပေါ့။ ကိုယ်စီ၊ ကိုယ်စီမှာ ရည်မှန်းချက်တွေ၊ အိပ်မက်တွေ နဲ့ ကိုယ်လိုချင်တဲ့ ဘဝမျိုးရောက်အောင် ကြိုးစားကြရတဲ့အခါ စိတ်ညစ်စရာတွေ၊ စိတ်ရှုပ်စရာတွေ၊ ပျော်ရွှင်စရာတွေ၊ ဝမ်းနည်းစရာတွေ ကြုံမှာကတော့ အသေအချာပါပဲ။ အတိတ်က ဆိုးခဲ့လို့ လက်ရှိဘဝအထိ အရိပ်မည်းကြီးလိုက်နေလို့ စိတ်ညစ်ရတာတွေရှိသလို ဖြစ်မလာသေးတဲ့ အနာဂတ်အတွက် ကြိုတွေးပြီး စိတ်ပူရင်မောနေရတာတွေလည်းရှိပါတယ်။ အားလုံးက ကိုယ့်အပူ နဲ့ ကိုယ် ဆိုတာကိုတော့ ငြင်းဆန်မရတာ အမှန်ပါပဲ။ အဲဒီ အပူတွေကို နည်းနည်းလေးဖြစ်ဖြစ် လျော့သွားစေချင်တဲ့ ဆန္ဒလေး တစ်ခုတည်းနဲ့ ဒီ စာစုလေးကိုရေးဖြစ်တာပါခင်ဗျ။ ငါးမိနစ် လောက်အချိန်ပေးရုံပါပဲ။

အသက်မှန်မှန် ရှူ {ပထမမိနစ်}
အရင်ဆုံး အရေးကြီးတာကတော့ အသက်မှန်မှန် ရှုဖို့ပါ။ အသက်ရှုနေလို့ပဲ အသက်ရှင်နေတာပဲလေလို့ မထင်လိုက်ပါနဲ့။ ဒေါသ၊မောဟတွေနဲ့ စိတ်တွေရှုပ်ထွေးနေတဲ့အခါမှာ အသက်ကိုမှန်မှန် ရှုဖို့ မေ့လျောနေတတ်ကြလို့ပါပဲ။ စိတ်အာရုံစုစည်းဖို့အတွက် အသက်မှန်မှန် ရှုတတ်ဖို့ လိုပါတယ်။ လေကို ရှု သွင်းလိုက်ပါ။ ပြီး ပြန်ထုတ်ပါ။ နရီမှန်လာတဲ့အခါ စိတ်အာရုံကိုစုစည်းလို့ရလာပါလိမ့်မယ်။ စိတ်အာရုံ စုစည်းနိုင်မှသာ အရာရာကို ကွက်ကွက်ကွင်းကွင်း တွေ့နိုင်မှာဖြစ်ပြီး ပြဿနာ တွေဖြေရှင်းလို့ရပါလိမ့်မယ်။

မိမိ {ဒုတိယမိနစ်}
ပြဿနာ တစ်ခုထဲမှာ ကိုယ်ပါဝင်နေပြီး စိတ်ရှုပ်နေရပြီဆိုရင် အရင်ဆုံး သတိပြုရမှာက မိမိကိုယ်ကိုယ်ပါပဲ။ ငါဘာ့ကြောင့် ဒီလိုပူလောင်နေရတာလဲ…ငါဘာ့ကြောင့် ဒီပြဿနာ တက်နေတာလည်းဆိုတာ မေးခွန်းအရင်ထုတ်ကြည့်ပါ။ တစ်ခါတစ်လေ ကိုယ်နဲ့မဆိုင်ပဲ တက်တဲ့ ပြဿနာလို့ ထင်မှတ်မှားကြပါတယ်။ တကယ်တော့ ပြဿနာဟာ မိမိကိုယ်တိုင်ပါပဲ။ Op ဟာ ဗုဒ္ဓဘာသာဝင် တစ်ဦးဖြစ်တဲ့အလျှောက် အကျိုးရှိလို့ အကြောင်းရှိတာကို အကြွင်းမဲ့ လက်ခံယုံကြည်ပါတယ်။ ပြဿနာတစ်ခုတက်နေပြီဆိုကတည်းက ကိုယ့် ပယောဂ မကင်းပါဘူး။ ဒီ ပြဿနာ ဖြစ်လာဖို့အတွက် တစ်နည်းမဟုတ်တစ်နည်းနဲ့ သင်ပြုလုပ်ခဲ့မိလို့ ဖြစ်တာလို့သာ မှတ်ယူပါ။ အရှိကို အရှိအတိုင်းလက်ခံပြီးသွားရင်  ပြဿနာ ဖြေရှင်းဖို့ တစ်ဆင့်လွယ်သွားပါပြီ။

အမှား – အမှန် {တတိယမိနစ်}
ငါအခု ဘာလုပ်နေတာလဲ၊ဘာဖြစ်နေတာလည်း ဆိုတာ အရင်ဆုံးအဖြေရှာပါ။ သိရပြီဆိုရင် လုပ်နေတာ၊ဖြစ်နေတာသည် မှန်လား၊မှားလား ဆန်းစစ်ပါ။ Ok…မှားတယ်လို့ သံသယရှိပြီဆိုရင်တော့ ရှေ့တိုးမလား..နောက်ဆုတ်မလား ဆိုတာ သင့်အပေါ် လုံးဝမူတည်သွားပါပြီ။ ဖြစ်လာမယ့် အကျိုးဆက်တွေရဲ့ တာဝန်တွေ၊ ဒုက္ခတွေကို သင်လက်ခံနိုင်မှာပါလား။ တန်ရဲ့လား။ တစ်ချို့ ပြဿနာတွေဟာ ကိုယ်နဲ့တင်မပြီးပဲ ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင်ကိုပါ ထိခိုက်စေနိုင်တယ်ဆိုတာ သတိချပ်ပါ။ တစ်ချို့ ပြဿနာတွေဟာ ကိုယ့်ဘက်ကမှ စမဖြတ်ရင် ဘယ်တော့မှ ပြတ်မှာမဟုတ်ပါဘူး။ ကိုယ့်ဘက်က စဖြတ်လိုက်ရလို့ သူရဲဘောကြောင်တယ်တို့..ရှုံးတာပေါ့တို့လို့လည်း မတွေးစေချင်ဘူး။ ပြဿနာ တစ်ခုကိုမဖြစ်အောင်ပြုလုပ်နိုင်တာ၊ ဒါမှမဟုတ် ရပ်တန့်နိုင်တာကသာ အောင်မြင်မှု ပါ။

လူ ၅ ယောက် {စတုတ္ထမိနစ်}  
လူရယ်လို့ဖြစ်လာရင် မိသားစု ၊ အပေါင်းအသင်း၊ လုပ်ဖော်ကိုင်ဘက် တွေနဲ့နေထိုင်ကြရတာပါပဲ။ လူတွေအားလုံးနဲ့ အဆင်ပြေအောင်နေနိုင်ဖို့ဆိုတာကတော့ တကယ်ကို မလွယ်ကူတဲ့ ကိစ္စပါ။ ဆိုတော့ လွယ်တဲ့ ကိစ္စကိုပြောပါ့မယ်။ ကျနော်ကိုယ်တိုင် ကျင့်သုံးနေဖြစ်တာလေးပါ။ ရှည်ရှည်ဝေးဝေးတော့မဟုတ်ပါဘူး။ အဲဒါကတော့ ကိုယ်နဲ့ အနီးဆုံးမှာ ရှိနေတဲ့ လူ ၅ ယောက်နဲ့ အဆင်ပြေအောင်နေကြည့်ပေးဖို့ပါ။ ကျောင်းဆိုလည်းကျောင်း၊ အလုပ်ဆိုရင်လည်း အလုပ် စသဖြင့်ပေါ့။ အနီးဆုံးမှာ ရှိနေတဲ့ လူ ၅ ယောက်နဲ့ ငါးမိနစ်လောက်ပဲ အဆင်ပြေအောင် နေကြည့်ကြည့်ပါ။ သူတို့ပြောရင် နားထောင်ပေးပါ။ တတ်နိုင်သလောက် ဂရုစိုက်ပါ။ ကိုယ် နဲ့အနီးဆုံးမှာ ရှိနေတဲ့ လူ ၅ ယောက်ရှိတဲ့ နေရာမှာ အကြည်ဓာတ်လေး ရှိနေအောင် ဖန်တီးယူပါ။ တကယ်လို့ အခန့်မသင့်လို့ တစ်ခုခုမကောင်းတာဖြစ်တော့မယ်လို့ ခံစားမိပြီဆိုရင် ကိုယ်ကသာ ထထွက်သွားလိုက်ပါ။ အလုပ်မှာ ကိုယ် နဲ့အနီးဆုံးမှာ ရှိနေတဲ့ လူ ၅ ယောက် နဲ့ အဆင်ပြေအောင်နေပြီးရင် အိမ်ပြန်ရောက်ရင်လည်း ကိုယ် နဲ့အနီးဆုံးမှာ ရှိနေတဲ့ မိသားစုဝင် ၅ ယောက်ကို ဂရုစိုက်ပါ။လူတွေကို ဂရုစိုက်ဆက်ဆံပါမှ လူတွေကလည်း ပြန်ဂရုစိုက်မှာကို မှတ်လို့သာထားပါလေ။ကိုယ်ရှိနေတဲ့ ပတ်ဝန်းကျင်လေး အေးချမ်းဖို့ကလည်း ကိုယ့်အပေါ်မှာပဲ မူတည်ပါတယ်။

ငါးမိနစ်စာ ဘဝနေထိုင်နည်း {ပဉ္စမမိနစ်}
Op ဒီစာစုလေးကို ရေးရတဲ့ ရည်ရွယ်ချက်က အားလုံးကို ပစ္စုပန် မှာနေစေလိုတာပါပဲ။ အတိတ်မှာ ဘယ်လိုတွေပဲ မှားခဲ့၊မှားခဲ့… နောက်နေ့တွေ့ကြုံရမယ့်  ပြဿနာတွေဟာ ဘယ်လောက်ဆိုးဆိုး ပစ္စုပန် ကိုတော့ သင် ပိုင်သေးတယ်ဆိုတာ အမြဲသိထားပါ။ အခု သင် ဒီ ငါးမိနစ်မှာ ဘာတွေလုပ်နေပါသလဲ။ Ok..ကျနော့ရဲ့ ဒီစာစုလေးဖတ်လို့ ငါးမိနစ် ကုန်သွားပြီ။ နောက်လာမယ့် ငါးမိနစ်မှာ ဘာလုပ်မှာပါလဲ။ အားလုံးမှာ ငါးမိနစ် တွေ ကိုယ်စီရှိနေကြပါတယ်။ တကယ်လက်ရှိနေထိုင်နေရတဲ့ ငါးမိနစ်လေးမှာ ကိုယ် နဲ့အနီးဆုံးမှာ ရှိနေတဲ့ လူ ၅ ယောက်နဲ့ အဆင်ပြေအောင်နေထိုင်ပြီး ကောင်းတာလေးတွေပဲ တွေး၊ ကောင်းတာလေးတွေပဲ လုပ်ကြည့်ပါ။ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မှာ အမှန်ပါပဲ။ ကောင်းတာလေးကို စလုပ်လိုက်ဖို့ပဲ လိုတာပါ။ အခုလက်ရှိဘဝက အရမ်းဆိုးနေတယ်လို့ ခံစားနေရရင်တောင် အခုလက်ရှိ ပစ္စုပန် ငါးမိနစ်လေးမှာ ကျနော်ပြောခဲ့တဲ့အတိုင်း နေကြည့်ကြည့်ပါ။ အနည်းဆုံးတော့ အေးချမ်းမှုလေး စတင်ခံစားရပါလိမ့်မယ်။ ငါးမိနစ်ပါပဲ။ အားလုံး အေးချမ်းနိုင်ပါစေ။
သကောင့်သား(အခရာ)