မာလာရှမ်းကောဆိုင်တွေ ရောက်တိုင်း တစ်ယောက်စာကို တစ်သောင်းကျော်လောက် အမြဲကုန်နေလို့ မာလာရှမ်းကော စားရမှာကြောက်နေတဲ့သူတွေ ရှိလား ? ကိုယ်ကြိုက်ရာရွေးစားလို့ ဈေးကြီးမှာကြောက်တာနဲ့ပဲ Set တွေရွေးရွေးပြီး မဟာရွှေဂျင်း ကို အောင့်သက်သက်နဲ့ အထည့်ခံနေရတဲ့သူတွေရော ရှိလား?

ပရိသတ်ကြီးထဲမှာ ဒီအချက်တွေထဲက တစ်ချက်လောက်နဲ့ ကိုက်ညီနေတယ်ဆိုရင်တော့ ဒီစာလေးကို ဆုံးအောင်ဖတ် သင့်နေပြီနော်။

အရင်တုန်းက ကိုယ်မာလာရှမ်းကော သွားစားတော့မယ်ဆိုရင် ဘယ်လောက်ထည့်ထည့် ဈေးသက်သာအောင် ထည့်တတ်တဲ့ ဘော်ဒါတစ်ယောက်လောက်တော့ အနည်းဆုံးလိုက်ရှာနေရတာပဲ။ မဟုတ်ရင် စိတ်အလိုလိုက်ပြီး ပွဲတော်ကြီးလို ထည့်ခဲ့သမျှ ငွေရှင်းချိန်နီးမှ သွေးတိုးနေရရော။ အခု Admin စမ်းသုံးကြည့်တဲ့ နည်းလေးက Admin အတွက် အိုခေမှာစိုပြည်နေတာပဲ။ ဒီနည်းလမ်းလေးကို သိချင်နေကြပြီမလား။

ပထမဦးဆုံး အနေနဲ့ ကိုယ်ကြိုက်တတ်တဲ့ အသီးအရွက်ကို သုံးမျိုးလောက် တစ်မျိုးကိုနည်းနည်းစီပဲ ယူပါ။ တစ်မျိုးကို နည်းနည်းလောက် နဲ့ သုံးမျိုးဆိုရင် များသွားတာမို့ပါ။ ပုံမှန် ပန်းဂေါ်ဖီစိမ်း၊ မုန်လာဥ၊ အာလူး စတာတွေကို ကြိုက်တတ်ရင်တောင် နှစ်ဖက်သုံးဖတ်လောက်ပဲ ထည့်ပေးပါ။

ဒုတိယ အဆင့်အနေနဲ့ ရေစိမ်ခေါက်ဆွဲများကိုလည်း တစ်မျိုးကို နည်းနည်းစီနဲ့ တစ်မျိုးမှ နှစ်မျိုးအထိ ထည့်နိုင်ပါတယ်။ ရေစိမ်ခေါက်ဆွဲကို နည်းနိုင်သမျှ နည်းနည်းသာထည့်ပါ။ သူက ရေအလေးချိန်ပါ ပါနေတော့ တခြားဟာတွေထက် အလေးချိန်ပိုစေးနိုင်ပါတယ်။

တတိယ အဆင့်အနေနဲ့ မှိုတွေထည့်ပါမယ်။ ပုံမှန်ဆိုရင် Admin တို့ အပ်မှိုနဲ့ ကြွက်နားရွက်မှိုတို့ပဲ အထည့်များပါတယ်။ တစ်ခြားကြိုက်နှစ်သတ်တဲ့ မှိုထည့်ချင်လည်းရပါသေးတယ်။ နည်းနည်းပဲ ထည့်ဖို့ မမေ့နဲ့နော်။ ကြွက်နားရွက်မှိုကိုတော့ အတက်နိုင်ဆုံးလျှော့ထည့်ပါနော်။ ရေ အလေးချိန်လည်း ပါနေတတ်လို့ပါ။

စတုတ္ထအဆင့် အနေနဲ့ အသားတွေ အသားလုံးတွေ လာပါပြီ။ ကိုယ်က အသားလုံးများများ ကြိုက်တတ်ရင် နှစ်မျိုး သုံးမျိုးလောက် ကို နှစ်လုံးစီလောက်ပဲ ထည့်ပါ။ အသားကိုတော့ ကိုယ်ကြိုက်သလောက် သဘောရှိ ထည့်နိုင်ပါတယ်။

နောက်ဆုံးအဆင့် အနေနဲ့ ကိုယ်က ဗိုက်အဝစားချင်တယ်ဆိုရင် ခေါက်ဆွဲနှစ်ထုပ်လောက် ထည့်ပါ။ တစ်ထုပ်လောက်ပဲ ထည့်ပြီး ထမင်းတစ်လုံးနဲ့ တွဲစားလည်း အဆင်ပြေပါတယ်။

အခုပြောခဲ့တဲ့ နည်းလမ်းဟာ ၅,၀၀၀ ကနေ ၇,၀၀၀ လောက်ပဲကျမှာပါ။ Set တစ်ပွဲကို ၆,၀၀၀ လောက်ပေးပြီး ဂေါ်ဖီတွေ ချည်းပဲ စားနေမယ့်အစား အခုလို ကိုယ်ကြိုက်တာလေးတွေ ရွေးထည့်ပြီး ၇,၀၀၀ လောက်နဲ့ ပါးစပ်အရသာ ခံကြည့်လို့ ရပါတယ်နော်။ အရေးအကြီးဆုံးက အရမ်းကြိုက်တယ်ဆိုတိုင်း တစ်မျိုးတည်းကို အများကြီးမထည့်ပါနဲ့နော်။

ဒါကတော့ Admin စားခဲ့တဲ့ နည်းအတိုင်းလေး ပြောပြပေးခဲ့တာပါ။ ဆိုင်ရဲ့ ဈေးနှုန်းထားတွေကတော့ တစ်ဆိုင်နဲ့တစ်ဆိုင် မတူညီတော့ ပုံမှန်ကိုယ်စားနေကျဆိုင်မှာပဲ ဒီနည်းလေးသုံးကြည့်ရင် ကိုယ်မှန်းထားတဲ့ နှုန်းထက် အများကြီးသက်သာ စေမှာတော့ အာမခံပါတယ်နော်။ အခုဆိုရင် မာလာရှမ်းကောကို ဘယ်လိုတန်အောင် စားရမလဲ ဆိုတာကို နည်းလမ်းလေး ပေးပြီးပြီဆိုတော့ သူငယ်ချင်းတွေနဲ့သွားတဲ့အခါကျ ငါထည့်ပြမယ်ဆိုပြီး ဆရာကြီးလုပ်လို့ရပြီပေါ့။

ချစ်သော
Lwin Moe Htyke ( Akhayar )