[Zawgyi]

နာကျင်ကိုက်ခဲမှုတွေကြောင့် အပြင်မထွက်နိုင်ဖြစ်နေရင်

လကုန်ရက်ကိုရောက်လာပြီဆိုရင် မိန်းကလေးတွေ သဘာဝအလျောက် တစ်လတစ်ခါခံစားရမယ့် ကျန်းမာရေးအရ ဓမ္မတာလာတာကို အသီးသီးခံစားကြရတော့မှာပါ။ တချို့တွေကတော့ ဒီလိုအချိန်အခါမှ စကပ်အရောင်နုလေးတွေဝတ်ပြီး ဘာမှမဖြစ်သလို နေနိုင်ကြပေမယ့် တစ်ယောက်နဲ့တစ်ယောက်က ဟော်မုန်းနဲ့ အသွေးအသားဖွဲ့စည်းမှုတွေ ကွာခြားတဲ့အတွက်ကြောင့် တချို့တွေကျပြန်တော့ အလုပ်ပျက်၊ ကျောင်းပျက်နဲ့ အိပ်ရာထဲကမထနိုင်လောက်အောင် နာကျင်ကိုက်ခဲမှုဒဏ်ကို ခံစားကြရပါတယ်။ အခုလို သောကြာနေ့မျိုးဆိုရင်တော့ TGIF လေးကလည်း လုပ်ချင်ပေမယ့် တစ်နေကုန် မလှုပ်နိုင်အောင် ခံစားနေရတဲ့ဝေဒနာကြောင့် စိုးရိမ်သောကရောက်နေရမယ်ဆိုရင်တော့ မတန်ပါဘူးနော်။ ဒီလိုဝေဒနာတွေကို သက်သာသွားအောင် ဆေးဝါးတွေမသောက်သုံးဘဲနဲ့ ကုသလို့ရပါတယ်။

ရေနွေးပူလေးတွေပဲ အသုံးပြုပါ

ဒီအချိန်က ရေနွေးသောက်လို့အကောင်းဆုံးအချိန်ပါပဲ။ ရေဆာရင် ရေနွေးနွေးလေးကိုပဲ သောက်ပေးပါနော်။ နောက်ပြီးတော့ စူးအောင့်နေတဲ့နေရာကို ရေနွေးအိတ်လေးကပ်ထားမယ်ဆိုရင်လည်း အမြန်ဆုံးသက်သာသွားပါလိမ့်မယ်။ အပြင်သွားစရာကလည်း ရှိနေတယ်။ ဗိုက်ထဲကလည်း မအီမသာနဲ့ အရမ်းစူးအောင့်နေတယ်ဆိုရင်တော့ ရေနွေးလေးသောက်လိုက်၊ ရေနွေးအိတ်လေး ဗိုက်မှာကပ်ထားလိုက်လုပ်ရင်း ခဏမှိန်းနေလိုက်ပါ။ မကြာခင်သက်သာသွားပါလိမ့်မယ်နော်။

ငှက်ပျောသီးစားပါ

ဗိုက်ကလည်းဆာနေတယ်။ ဘာမှလည်း စားဖို့ထမလုပ်နိုင်ဘူးဆိုရင်တော့ အကောင်းဆုံးအစားအစာက ငှက်ပျောသီးပါပဲ။ ငှက်ပျောသီးစားရင် ဒီလိုဝေဒနာတွေသက်သာမယ်လို့ ဘယ်သူမှထင်မထားလောက်ပါဘူး။ ဒါပေမယ့် ငှက်ပျောသီးမှာပါဝင်တဲ့ ပိုတက်စီယမ်ဟာ ဗိုက်အောင့်ခြင်းကို ကုသနိုင်စွမ်းရှိလို့ပါပဲ။ အလုံးစုံပျောက်ကင်းသွားစေမယ်လို့တော့ မပြောနိုင်ပေမယ့်လည်း တစ်ဖက်တစ်လှမ်းက အထောက်အကူပြုမှာပါ။ ဒီအတိုင်းမစားချင်ရင် Milkshake တွေဘာတွေလုပ်သောက်လည်း အဆင်ပြေပါတယ်။

စိတ်အပြောင်းအလဲလုပ်ပေးပါ

ပုံမှန်ဆိုရင် နေရင်းထိုင်ရင်း ကိုယ်ဘာတွေလုပ်နေမိမှန်းတောင် မသိလိုက်တာမျိုးတွေရှိပါတယ်။ ဒီလိုကိုက်ခဲနေတဲ့နေ့တွေမှာတော့ စာအုပ်ဖတ်တာပဲဖြစ်ဖြစ်၊ ရုပ်ရှင်ကြည့်တာပဲဖြစ်ဖြစ် စိတ်ဝင်စားတဲ့အလုပ်တစ်ခုခုကို လုပ်နေလိုက်ပါနော်။ တချိန်လုံးကြီး အောင့်နေတဲ့ဗိုက်ကို အာရုံစိုက်မနေပဲ အာရုံလွှဲပေးထားလိုက်ပါ။ ပိုပြီးသတိထားနေရင်လည်း ကိုက်ခဲတာကို အသေးစိတ်သိနေပြီး ပိုပြီးခံစားရတတ်ပါတယ်။

ရာသီစက်ဝန်းကို ဂရုစိုက်ပါ

တချို့မိန်းကလေးတွေက ကိုယ့်ရဲ့ အပြောင်းအလဲနဲ့ ရာသီစက်ဝန်းကိုတောင် ဂရုမစိုက်တဲ့သူတွေရှိပါတယ်။ ရုတ်တရက်ကြီး ဖြစ်လာတော့မှ သိလိုက်တဲ့အခါ ကြိုတင်စီစဉ်ထားခြင်းလဲမရှိဘဲ ပိုပြီးဒုက္ခရောက်တတ်ပါတယ်။ အဲဒါကြောင့် ရာသီစက်ဝန်းကို အမြဲဂရုစိုက်ကြည့်ပါ။ အနားနီးမှ မတည့်တဲ့အစာတွေစားမိတာတွေမဖြစ်အောင် ထိန်းပါ။ ကိုယ့်ရဲ့ ရာသီရက်တည့်တည့်ကြီးမှာ အရေးကြီးတဲ့တွေ့ဆုံမှုတွေနဲ့ အလုပ်ကိစ္စတွေ မချိန်းထားမိအောင် ဂရုစိုက်ရပါလိမ့်မယ်နော်။

မှန်ကန်တဲ့နေထိုင်မှုပုံစံနဲ့ ရာသီစက်ဝန်းကို ဂရုစိုက်ထားမယ်ဆိုရင် ကျန်တဲ့ကိစ္စတွေဘာမှစိတ်ပူစရာမလိုအပ်ပါဘူး။ ချိန်းထားတာတွေမပျက်ရအောင်လည်း ရှောင်ရန်ဆောင်ရန်တွေကို လိုက်နာရပါလိမ့်မယ်နော်။ ဒီလိုသာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်မယ်ဆိုရင်တော့ TGIF မှာ အပြင်မသွားရလို့လည်း စိတ်ပျက်စရာမလိုတော့ပါဘူး။ ဟုတ်တယ်ဟုတ်။

Moethaesay (Akhayar)

www.akhayar.com