iPhone တွေကို ဘယ်လို Recycle လုပ်သလဲ

ပြီးခဲ့တဲ့နှစ်တုန်းက Apple အကြီးအကျယ်ဆုံးတီထွင်နိုင်ခဲ့တာက iPhone မဟုတ်သလို Mac လည်းမဟုတ်ပါဘူး။ iPhone တွေကို Recycle လုပ်နိုင်တဲ့ စက်ရုပ်ပါ။ အဲ့ဒီစက်ရုပ်ကို Liam လို့ခေါ်ပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက iPhone ကို စနစ်တကျ Recycle လုပ်နိုင်တဲ့ ဒီစက်ရုပ်အကြောင်းကို Apple ရဲ့သဘာဝပတ်ဝန်းကျင်ဆိုင်ရာ နှစ်ပတ်လည်အစီအရင်ခံစာမှာ အကျယ်တဝံ့ဖော်ပြခဲ့ပါတယ်။ Liam ရဲ့ ဗီဒီယိုလေးကို ကြည့်ကြည့်ပါဦး။

Liam မှာ မတူညီလုပ်ဆောင်ချက်တွေကို လုပ်ဆောင်နိုင်တဲ့ စက်ရုပ်ငယ် ၂၉ ခုပါဝင်ပြီး ရွေ့လျားနေတဲ့ လမ်းကြောင်းနဲ့အတူ  သတ်မှတ်တာဝန်တွေကို ထမ်းဆောင်မယ့် နေရာ ၂၁ ခု ရှိပါတယ်။ အချိန် ၁၁ စက္ကန့်အတွင်းမှာ iPhone တစ်လုံးကို အစိတ်အပိုင်း ၈ ခုအထိရအောင် ဖြုတ်နိုင်စွမ်းပါတယ်။ Liam အနေနဲ့ တစ်နှစ်မှာ iPhone အလုံးရေ ၁.၂ မီလီယမ်အထိ Recycle လုပ်နိုင်လိမ့်မယ်လို့ Apple က မျှော်လင့်ထားပါတယ်။ အခုလောလောဆယ်မှာတော့ Apple အသုံးပြုနေတဲ့ Liam စက်ရုပ်နှစ်ခုရှိပြီး ကယ်လီဖိုး နီးယားပြည်နယ်မှာ တစ်ခု၊ နယ်သာလန်တစ်ခု ဖြစ်ပါတယ်။ လုပ်ငန်းစဉ်တစ်ခုလုံးပြီးဆုံးသွားတဲ့အခါမှာတော့ iPhone တစ်လုံးဆီက မူလီ၊ ဘတ္တထရီ၊ ကင်မရာစအစိတ်အပိုင်းအားလုံးဟာ တစ်ခုချင်းသက်သက်စီ ဖြစ်သွားပါမယ်။ အောက်ကပုံကိုကြည့်ပါ။

Apple ဟာ သူတို့ Liam အတွက် ဘယ်လိုဒီဇိုင်းရေးဆွဲခဲ့သလဲဆိုတာကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ စက်ရုပ်Liam အတွက် စိန်ခေါ်တစ်ခုက ထိခိုက်မှုတစ်ခုခုဖြစ်ထားတဲ့ iPhone တွေဆိုရင် ဘယ်လိုလုပ်မလဲဆိုတာပါ။ ထိခိုက်မှုတစ်ခုခုဖြစ်ထားတဲ့ iPhone တွေရဲ့ ပုံသဏ္ဍာန်က တစ်ခုနဲ့တစ်ခုတူညီမှု မရှိလို့ပါ။ iPhone ဘတ္ထရီဆိုတာကလည်း တော်တော်ဖြုတ်ရခက်တဲ့ အစိတ်အပိုင်းတစ်ခုပါ။ ဘတ္ထရီကို ဖြုတ်နေတဲ့အတောအတွင်း ပေါက်ကွဲနိုင်တဲ့အန္တရာယ်ကလည်းရှိတဲ့အတွက် “Sandbox” လို့ခေါ်တဲ့ စတီးလ်အကန့်လေးထဲမှာ ဖြုတ်တာကိုလုပ်ရပါတယ်။

ဘတ္ထရီကကော်တွေလျော့သွားအောင် ပထမဆုံးအပူပေး၊ နောက်တော့မှ စုပ်ခွက်နဲ့ ဘတ္ထရီကို ဆွဲထုတ်ရပါတယ်။ ပြီးရင်တော့ ဘတ္ထရီကို အအေးခံဖို့လုပ်ဆောင်ရပါတယ်။ တကယ်လို့ ဘတ္ထရီကအရမ်းပူနေတယ်ဆိုရင် ခုနကပြောထားတဲ့ “Sandbox” ထဲကို သဲနည်းနည်းလောင်းထည့်ပေးရပါတယ်။

Liam ကို တီထွင်လိုက်တာက Apple အတွက် တော်တော်ကို အကျိုးရှိပါတယ်။ Recycle လုပ်တဲ့လုပ်ငန်းစဉ်တစ်ခုလုံးက တိကျမြန်ဆန်တဲ့အပြင် အစိတ်အပိုင်းတစ်ခုချင်းအလိုက် တိတိကျကျပြန်ရပါတယ်။ တကယ်ကိုဆန်းသစ်တဲ့ Recycle နည်းပညာပါ။ နောက်ဆိုရင် Apple အနေနဲ့ Recycle လုပ်ထားတဲ့ပစ္စည်းတွေကို ပြန်တပ်နိုင်တဲ့စက်ရုပ်လုပ်ပြီး ဟိုဖက်က Recycle လုပ်၊ ဒီဖက်က အသစ်ပြန်ထုတ်နဲ့ ဟောတစ်လုံး၊ ဟောတစ်လုံးများ ထုတ်နေမလား မသိပါဘူး။

မင်းသုခ (အခရာ)

(www.akhayar.com)