ခရီးတွေသွားနေတဲ့အချိန်မျိုးမှာတောင် အလုပ်တွေ လုပ်နေမိတုန်းပဲလား။ ညစာစားနေတဲ့အချိန်မှာ ညစာကို အာရုံမစိုက်နိုင်ဘဲ E-mail တွေ အသည်းအသန်စစ်ပြီး ပြန်နေရတုန်းပဲလား။ ရုံးကနေ အိမ်ပြန်တဲ့အထိ လမ်းတစ်လျှောက်မှာ ဖုန်းတွေပဲ ပြောပြီး ပြန်နေရတုန်းပဲလား။ ဒီအချက်တွေ အကုန်လုံးကို ကိုယ်မှာဖြစ်နေပြီဆိုရင် ကျန်းမာရေးနဲ့ မညီညွတ်တော့ဘဲ အလုပ်နဲ့ချစ်သူတော်ထားသလို ဖြစ်နေပါပြီ။ အလုပ်ချည်းပဲ စိတ်ထဲမှာထားပြီး စွဲစွဲလန်းလန်း လုပ်လွန်းအားကြီးလို့ ပတ်ဝန်းကျင်နဲ့လည်း အဆက်အသွယ်ပြတ်ကာ တစ်ယောက်တည်း အဖော်မဲ့ အထီးကျန်တဲ့ ဝေဒနာကိုပါ ခံစားလာရပါလိမ့်မယ်။ အလုပ်ကြိုးစားပြီး လုပ်တယ်ဆိုတာ ကောင်းပေမယ့် အလုပ်မှာပဲ အချိန်နှစ်မြှုပ်ပြီး အလုပ်ပိနေခြင်းကတော့ အလုပ်ပြီးမြောက်မှုနှုန်းကို ထိခိုက်စေသလို တခြားတခြားသော ဆိုးကျိုးတွေကိုလည်း ခံစားရရှိစေပါတယ်။ ဒါကြောင့်မို့ အလုပ်မှာလည်း အောင်မြင်ပြီး အလုပ်နဲ့ လူနေမှုဘဝကို မျှတအောင်နေနိုင်ဖို့အတွက် အောက်မှာဖော်ပြထားတဲ့အချက်တွေကို လိုက်နာပြီး ပြုပြင်ပြောင်းလဲလိုက်ပါ။

ပိတ်ဖို့သင်ယူပါ

လူတစ်ယောက်ဟာ ဒီအချိန်ကနေ ဒီအချိန်အတွင်း အလုပ်လုပ်ရမယ်လို့ သတ်မှတ်ထားရင် အဲ့ဒီအချိန်အတောအတွင်းမှာ အလုပ်ကို သေသေချာချာလုပ်ပြီး အဲ့ဒီအချိန်ကျော်သွားရင်တော့ အကုန်လုံးကို ပိတ်ပြီး အနားယူတတ်ဖို့ ကြိုးစားပါ။ အလုပ်တွေကနေ မထွက်ခွာနိုင်ခြင်းက ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာကို သတိကပ်ထားပြီး အနားယူပါ။

ကိုယ်ဟာကိုယ်နားချိန်ပေးဖို့ သတိရပါ

အလုပ်လုပ်နေတဲ့ အချိန်အတွင်းမှာလည်း အလုပ်တွေ ဘယ်လောက်ပဲများနေပါစေ ကိုယ့်ကိုယ်ကိုယ် အားလပ်ချိန် ယူတတ်ဖို့ သတိရပေးပါ။ နေ့လယ်စာစားနေတဲ့အချိန်မှာတောင် ကွန်ပျူတာနဲ့ မျက်နှာကပ်ပြီး စားနေတာမျိုး လုပ်နေမယ့်အစား အပြင်လေးဘာလေးထွက်ပြီး လမ်းဆင်းလျှောက်ပြီး စားပေးတာမျိုးနဲ့ အနားယူချိန် ယူကြည့်ပါ။ ရုံးထဲမှာပဲထိုင်ပြီး တကုပ်ကုပ်လုပ်နေမယ့်အစား အလုပ်လုပ်တာကြာလာရင် အညောင်းပြေအညာပြေ ရုံးအောက်ဆင်းပြီး လမ်းခဏလျှောက်ပေးတာမျိုး၊ မှန်ပြတင်းပေါက်ကနေ အပြင်ရှုခင်းတွေကို ခဏကြည့်ပြီး မျက်စိကို အနားပေးတာမျိုး လုပ်ကာ အားလပ်ချိန် ယူကြည့်ပါ။ ၁၀ မိနစ်လောက် အနားယူလိုက်ခြင်းက အလုပ်ကိုလည်း မထိခိုက်စေနိုင်လို့ ကိုယ့်ကိုယ်ကိုယ်အနားယူတတ်ဖို့ ကြိုးစားကြည့်ပါ။

အတွေးအခေါ်တွေကို ပြောင်းလဲကြည့်ပါ

အလုပ်မှာ စည်းကမ်းအရမ်းလိုက်နာပြီး အလုပ်မှအလုပ်ဖြစ်နေကာ အလုပ်ဆင်းတဲ့ညနေခင်းတွေမှာတောင် အလုပ်တွေကို အိမ်သယ်သွားပြီး လုပ်နေတာမျိုး၊ ပိတ်ရက်တွေမှာလည်း အနားယူအပန်းဖြေခရီးမထွက်ဘဲ အလုပ်လုပ်မှ ဖြစ်မယ်ဆိုပြီး စိတ်ထဲမှာတွေးနေပြီး အလုပ်လုပ်မိနေရင် တွေးနေတဲ့အတွေးတွေကို ပြောင်းကြည့်လိုက်ပါ။ ကိုယ်လုပ်နေတာတွေကို ကိုယ်အတွက် အကျိုးဘယ်လောက်ရှိစေပြီး ကျန်းမာရေးကိုကော ဘယ်လောက်ပြန်ထိခိုက်နေစေလဲလို့ တွေးကာ အတွေးအမြင်တွေကို ပြောင်းလဲယူကြည့်လိုက်ပါ။

အလေးအနက်ထားပြီး ပြောင်းလဲကြည့်ပါ

အတွေးအခေါ်တွေ ပြောင်းနိုင်ပြီဆိုရင်တော့ လက်တွေ့မှာလည်း ပြောင်းလဲကျင့်သုံးနိုင်ဖို့ အလေးအနက်ထားပြီး လုပ်ကြည့်ပါ။ အလုပ်မှာပဲ စိတ်ကို မြှုပ်နှံထားလို့ ကျန်းမာရေးလည်းထိခိုက် အချစ်ရေးမှာလည်း အဆင်မပြေ ချောမွေ့မှုမရှိတော့တာကို သတိရပြီး အလေးအနက်ထားပြီး သတိလေးနဲ့ကပ်ကာ ပြောင်းလဲကြည့်လိုက်ပါ။ အလုပ်မှာပဲ အောင်မြင်မှုရရှိပြီး ကျန်တဲ့အရေးကိစ္စတွေမှာ အကုန်လုံး ပျက်ယွင်းနေရင် အောင်မြင်မှုရရှိတဲ့ ဘဝကို ပိုင်ဆိုင်နိုင်တယ်လို့ မခေါ်နိုင်တဲ့အတွက် အလေးအနက်ထားကာ အလုပ်နဲ့ဘဝ မျှတအောင် ပြောင်းလဲယူကြည့်ပါ။

အိမ်ကို အလုပ်နဲ့ပတ်သက်တာမှန်သမျှ မသယ်ပါနဲ့

အလုပ်လုပ်ပြီးလို့ အိမ်ပြန်တော့မယ်ဆိုရင် အလုပ်ကပေးတဲ့ ဖုန်းတွေကို ပါဝါပိတ်ပြီး E-mail တွေကိုလည်း အဆက်အသွယ်ဖျက်လိုက်ပါ။ ဖြစ်နိုင်ရင်လည်း အလုပ်ကပေးတဲ့ ကွန်ပျူတာတွေကိုလည်း အလုပ်မှာပဲ ထားခဲ့ကာ အလုပ်နဲ့ ပတ်သက်သမျှကို အိမ်မသယ်သွားတာမျိုးလုပ်ပါ။ အလုပ်ကနေပြန်ရင် သူငယ်ချင်းတွေနဲ့ အချိန်ပေးပြီး တွေ့တာမျိုး မိသားစုကို အချိန်ပေးတာမျိုး လုပ်ကြည့်ခြင်းဖြင့် အလုပ်နဲ့ ခပ်ခွာခွာနေကြည့်ပါ။ အဲဒီလို နေနိုင်လာပြီဆိုရင် အလုပ်နဲ့ ဘဝ ဟန်ချက်မျှတလာတာကို တွေ့ရပါလိမ့်မယ်။

တရားထိုင်ပါ

အလုပ်ကို အစွဲအလန်းကြီးကြီးထားပြီး လုပ်တတ်တဲ့သူတွေရဲ့ စိတ်ထဲမှာလည်း အတွေးပေါင်း အများကြီးနဲ့ ပြည့်နေတတ်ပါတယ်။ အတွေးတွေများလာတာနဲ့အမျှ စိတ်ဖိစီးမှုတွေလည်း ခံစားရပြီး စိတ်မတည်ငြိမ်တာတွေ ဖြစ်လာကာ ကျန်းမာရေးထိခိုက်နိုင်လို့ အချိန်လေးပေးပြီး တရားထိုင်ကြည့်ပါ။ တရားထိုင်ခြင်းက ဝင်လေထွက်လေကို ရှုမှတ်တာမို့လို့ စိတ်ကိုလည်း တည်ငြိမ်လာစေသလို ဆုံးဖြတ်ချက်တွေလည်း မှန်ကန်လာအောင် စိတ်ကို အစာကျွေးတာနဲ့ တူပါတယ်။

အလုပ်တွေကို အလွန်အကျူးလုပ်ကိုင်ခြင်းက အကျိုးရှိစေတယ်လို့ ထင်ရပေမယ့် ဘယ်သူအတွက်မှ အကျိုးမရှိစေပါဘူး။ကိုယ်အတွက်လည်း အကျိုးမရှိစေသလို ကိုယ်ရဲ့အဖွဲ့အတွက်လည်း အကျိုးမရှိကာ ကိုယ့်မိသားစုအတွက်လည်း အကျိုးမရှိစေလို့ အလုပ်နဲ့ နေထိုင်မှုဘဝကို ဟန်ချက်ညီအောင် ကြိုးစားနေထိုင်ကြရင်း အလုပ်သရဲ ဖြစ်ခြင်းကနေ ကင်းဝေးကြပါစေ။

H.H(Akhayar)

www.akhayar.com