ခရီးထွက်ချင်ပေမယ့် ကားမူးမှာကြောက်ပြီးတော့ အိမ်မှာပဲ နေကြတဲ့သူတွေလည်း ရှိတတ်ပါတယ်။ ကားမူးပြီးဆိုတာနဲ့ တစ်ကိုယ်လုံးမအီမသာဖြစ်ပြီးတော့ အော့အန်တာပဲ။ အမြင်အာရုံမျက်စိက ခန္ဓာကိုယ်ကြီးဟာ ထိုင်နေတယ်လို့ ဦးနှောက်ဆီကို အာရုံကြောစနစ်တွေကနေ ပေးပို့လိုက်ပြီး အတွင်းနားအင်္ဂါအစိတ်အပိုင်းတွေက ခန္ဓာကိုယ်ကြီးက ရွေ့လျားနေပါတယ်လို့ ဦးနှောက်ဆီကို သတင်းပို့လိုက်တဲ့အခါမှာ သဟဇာတမဖြစ်တဲ့အတွက် အာရုံကြောရှုပ်တွေးသွားပြီး ကားမူးတဲ့သဘောဖြစ်ပါတယ်။ အဲဒီတော့ ကားမူးတတ်သူတွေ ဘယ်လိုကာကွယ်ရမလဲဆိုတာ ဗဟုသုတရအောင် ဖော်ပြပါမယ်။

၁။ လေကောင်းလေသန့်ရပါစေ။

ကားမူးတတ်တယ်ဆိုရင် ပြတင်းပေါက်ကို ဖွင့်ထားတာ အကောင်းဆုံးပါပဲ။ လေကောင်းလေသန့်တွေကို အဆုတ်ထဲမှာ တစ်ဝကြီးရှူသွင်းလိုက်မယ်ဆိုရင် မူးမော်တာတွေ ပြေပျောက်စေပါတယ်။ ပြင်ပအနံ့ဆိုးတွေကြောင့်လည်း ကားမူးစေပါတယ်။ အဲဒီတော့ ပတ်ဝန်းကျင်မသန့်တဲ့နေရာရောက်တဲ့အခါ နှာခေါင်းကို ပုဝါနဲ့သာ ပိတ်ထားလိုက်ပါ။ ဒါမှမဟုတ်ရင်လည်း သံပရာသီး၊ လိမ္မော်သီးကို ရှူလိုက်ပါ။

girl-with-sunglasses-in-bus

၂။ မျက်လုံး မကစားပါနဲ့။

ကားရွေ့လျားနေတဲ့အတွက် ပြင်ပမြင်ကွင်းတွေလည်း ရွေ့လျားနေတယ်လို့ ဦးနှောက်က ထင်စေနိုင်တဲ့အတွက် ကားပိုမူးစေပါတယ်။ ပြင်ပမြင်ကွင်းတွေကို အာရုံစိုက်တာမျိုး မလုပ်ဘဲနဲ့ နေကာမျက်မှန်တပ်ထားတာ အကောင်းဆုံးနည်းလမ်းပဲ ဖြစ်ပါတယ်။ တည်ငြိမ်နေတဲ့အရာတွေကို အာရုံစိုက်ထားတာတွေ၊ မျက်လုံးမှိတ်ထားတာတွေ လုပ်သင့်ပါတယ်။ စာကြောင်းတွေကို အချိန်ကြာကြာအာရုံစိုက်တာမျိုးက ကားမူးစေတတ်လို့ စာဖတ်တာမျိုး မလုပ်သင့်ပါဘူး။

၃။ အစားအသောက် သတိထားပါ။

ကားမူးမှာစိုးလို့ ဘာမှမစားဘဲနေတာက ကားပိုမူးစေသလို ဗိုက်တင်းနေရင်လည်း ကားမူးတတ်ပါတယ်။ အဲဒီတော့ ပုံမှန်လောက်သာ စား။ ဘီစကစ်နဲ့ ပေါင်မုန့်ခြောက်တို့လို အခြောက်စာတွေက အစာအိမ်ထဲမှာရှိတဲ့ အက်ဆစ်ဓာတ်တွေကို စုတ်ယူစေလို့ ကားမူးသက်သာစေပါတယ်။ နီကိုတင်းဓာတ်ဟာ မူးဝေခြင်းကို ပိုဖြစ်စေလို့ ကားမစီးခင်မှာ ဆေးလိပ်မသောက်ပါနဲ့။ Second Smoker လည်းမဖြစ်ရအောင် ဆေးလိပ်သောက်တဲ့လူနဲ့လည်း အတူမထိုင်လေနဲ့။

You May Like : နှောင်းလူတို့ ကြည့်ထိုက်တဲ့ သမိုင်းဝင်ရှားပါးဓာတ်ပုံများ

၎။ ခရီးခေတ္တရပ်နားပါ။

ခရီးဝေးကြီးစီးလာလို့ ကားမူးနေပြီဆိုရင် ခေတ္တခဏရပ်နားသင့်ပါတယ်။ ပြင်ပရှုခင်းကို ငေးမောရင်းနဲ့ အညောင်းပြေလမ်းလျှောက်လိုက်မယ်ဆိုရင် အာရုံကြောတွေ လန်းဆန်းသွားသလို ကားမူးလည်း သက်သာစေပါတယ်။ မကြာခဏရပ်နားပေးမယ်ဆိုရင် ခရီးသည်တွေအတွက် သက်သာစေသလို ယာဉ်မောင်းအတွက်လည်း အနားယူချိန်ရပါတယ်။

၅။ ဆေးဝါးမှီဝဲပါ။

ဂျင်းတက်ကို ကိုယ်လက်မအီမသာဖြစ်တာတွေ၊ ပျို့အန်တာတွေနဲ့ အစာအိမ်ရောဂါအတွက် ရှေးဟောင်းတရုတ်လူမျိုးတွေ သုံးကြပါတယ်။ ဂျင်းတက်မှာပါတဲ့ ဓာတုပစ္စည်းတစ်မျိုးကို ပျို့အန်တာတွေကို ကာကွယ်ပေးနိုင်လို့ ကားမူးတတ်တဲ့သူတွေအနေနဲ့ ဂျင်းတက်ကိုသာ ဆောင်ထားသင့်ပါတယ်။ ခရီးမသွားခင်မှာ ဂျင်းတက်ကို ပါးပါးလှီးပြီး ရေနွေးနဲ့စိမ်သောက်မယ်ဆို ကားမူးတာတွေ ပြေပျောက်စေပါတယ်။ ကားမူးနေပြီဆိုရင်လည်း ဂျင်းတက်နဲ့ရှူပေးမယ်ဆိုရင် သက်သာစေပါတယ်။ ဂျင်းဘီစကစ်၊ ကွတ်ကီး၊ ဂျင်းလက်ဖက်ရည်၊ ဂျင်းသကြားလုံးတွေ စားပေးမယ်ဆိုရင်လည်း ကားမူးသက်သာစေပါတယ်။ လူသုံးများတဲ့ဆေးကတော့ Dimenhydrinate ပဲဖြစ်ပါတယ်။ အသက်၂နှစ်မှ သုံးစွဲနိုင်ပြီး ကားမူးသက်သာစေပါတယ်။

Dimenhydrinate

ကဲ . . . ကားမူး၊ ရထားမူး၊ လှိုင်းမူးတတ်တဲ့သူတွေအတွက်တော့ အခုရေးထားခဲ့တဲ့ လမ်းညွှန်ချက်တွေအတိုင်း လိုက်နာကြပါလို့ အကြံပြုလိုပါတယ်။ ကားမူးတတ်တယ်ဆိုရင် ကြွပ်ကြွပ်အိတ်ဆောင်ထားဖို့နဲ့ အန်ထားမယ်ဆိုရင် အစာထဲမှာ အက်ဆစ်ဓာတ်ပါနိုင်လို့ သွားမထိခိုက်စေအောင် ချက်ချင်းပလုပ်ကျင်းဖို့ တိုက်တွန်းလိုက်ပါတယ်။ ကားမူးတတ်တဲ့သူငယ်ချင်းတွေသိရအောင် လက်တို့ပြောလိုက်ပါဦး။

ကျော်စိုးအောင် (အခရာ)

www.akhayar.com