ခေါင်းစဉ်က အဲဒီလို လာလိုက်လို့ အခရာက စာရေးသူတွေတော့ ဝီရိယပိုတယ်ထင်ကြမှာပဲ။ တကယ်တော့ ကိုယ့်ထက် ဝီရိယပိုပြီး မတ်လကုန်တည်းက သင်္ကြန်အတွက် ကြိုတင်စီစဉ်ထားတဲ့သူတွေ ရှိနေပြီဟာ။ ကဲ! ထားပါတော့၊ အခု ကျွန်တော်ပြောမယ့် အချက်တွေက နည်းနည်းယေဘူယျဆန်တာ ရှိသလို ခင်ဗျားတို့ သတိမပြုမိတဲ့အချက်တွေလည်း ပါလိမ့်မယ်။ ဘာပဲ ဖြစ်ဖြစ် မေ့နေတာ ရှိရင်လည်း ပြန်သတိရနိုင်တာပေါ့။

၁။ သကြန်ကဲမယ့်သူတွေကတော့ ပထမဆုံးအနေနဲ့ ကိုယ်ကြိုက်တဲ့ DJ ဘယ်မဏ္ဍပ်မှာ ရှိတယ်ဆိုတာရယ်၊ ဘယ်မဏ္ဍပ်က အလန်းဆုံးလဲဆိုတာ စုံစမ်းရမှာ ဖြစ်ပါတယ်။

၂။ DJ Line up သိရရင်တော့ မဏ္ဍပ်လက်မှတ်ခ ဘယ်လောက်ရှိလဲ ကြိုစုံစမ်းထားဖို့ လိုပါပြီ။

၃။ လူငယ်တွေဆိုလည်း မုန့်ဖိုးတွေ ကြိုစုတန်စု၊ အလုပ်လုပ်နေတဲ့သူဆိုရင်လည်း သင်္ကြန်အတွက် ပိုက်ဆံဖယ်ထားရတော့မယ်လေ။ ကိုယ့်ပိုက်ဆံ၊ ကဲနိုင်အားကို ချိန်ပြီး တစ်ရက်၊နှစ်ရက်ပဲ ထွက်မလား၊ သင်္ကြန်လေးရက်လုံး ကဲမလား ချိန်ရတော့မယ်။

၎။ သင်္ကြန်ကို ကဲလည်း ကဲချင်တယ်၊ ရုံးကလည်း မပိတ်တဲ့ ရုံးဖြစ်နေပြီဆိုရင်တော့ ဒီအချိန်ဟာ Annual Leave တွေ ကြိုတင်ဖို့ အချိန်ဖြစ်ပါတယ်။

၅။ ကားနဲ့လည်ဖို့ စိတ်ကူးထားတယ်ဆိုရင်တော့ ဒီအချိန်ဟာ လူညှိရမယ့်၊ လူစုရမယ့် အချိန်ဖြစ်ပါတယ်။

၆။ သောက်တတ်စားတတ်တဲ့သူများဆိုရင်တော့ သင်္ကြန်ဆို ယမကာတွေ ဈေးတက်မှာမို့ ခုတည်းက ကြိုဝယ်စုထားဖို့ လိုပါပြီ။

၇။ အခုချိန်မှာ ကျန်းမာရေးလေးများတရှောင်ရှောင်ဖြစ်နေပြီဆိုရင် ဂရုစိုက်ကုသထားဖို့ လိုပါတယ်။ ဒါမှသာ သင်္ကြန်မှာ ဗွေမဖောက်မှာ။

၈။ သူငယ်ချင်းတွေနဲ့လည်း အခုချိန်ဟာ လက်ဝါးချင်းရိုက် ဒူးတိုက်ငြင်းခုံ အစီအစဉ်ဆွဲရမယ့် အချိန်ဖြစ်ပါတယ်။ သူငယ်ချင်းဆိုတာက ခုလောက်ကြိုညှိထားတာတောင် အနားကပ်ရင် ဖျက်ချင်ဖျက်တတ်တဲ့သူတွေဆိုတော့လေ။

၉။ သင်္ကြန်အတွက်ရေစိုခံဖုန်းအိတ်၊ ရေသေနတ်စတာတွေ မနှစ်က သိမ်းထားတာတွေ ရှိရင် အခုပြန်ထုတ်ပြီး စမ်းကြည့်ရမယ့် အချိန် ဖြစ်ပါတယ်။ ကောင်းသေးရင် ဘာလို့ ထပ်ဝယ်မှာလဲနော့။ ပိုက်ဆံတွေ အပိုကုန်ပါတယ်။ မကောင်းတော့ရင်တော့ အကောင်းစားဆိုတာမျိုးပဲ ဝယ်သင့်ပါတယ်။

၁၀။ မိန်းကလေးတွေဆိုရင်တော့ Sunscreen တွေ၊ Lotion တွေ ကုန်ရင် ဝယ်ထားလိုက်တော့။ သင်္ကြန်နားနီးမှဆို ပစ္စည်းပြတ်တာမျိုး ရှိနေဦးမယ်။

၁၁။ ဆံပင်အရောင်ဆိုးတာ၊ သင်္ကြန်အတွက် ဆံပင်ညှပ်၊ကောက်၊ ဖြောင့် လုပ်ချင်ရင် ခုတည်းက လုပ်ထားတာ ပိုကောင်းပါတယ်။ ဆံပင်ဆိုတာ တစ်ပတ်လောက်နေမှ ပုံအသားကျတာ ဖြစ်သလို သင်္ကြန်နားနီးမှ လုပ်ရင် ဆိုင်တွေမှာ လူများတတ်လို့ အကြာကြီးစောင့်ရမယ့် ဒုက္ခလည်း ရှိနေပါမယ်။ နောက်တစ်ချက်ကတော့ ဆံပင်ကို ပုံပြောင်းပြီးမှ မကြိုက်တဲ့အခါ ပြန်ပြောင်းဖို့ အချိန်မီလို့ပါပဲ။

၁၂။ နောက်ဆုံးနဲ့ သတိထားရမယ့်အချက်ကတော့ သင်္ကြန်မှာ ဖုန်းပျောက်၊ ဖုန်းပျက်၊ ဖုန်းရေစိုတွေ ဖြစ်တတ်လို့ Backup အနေနဲ့ Keypad ဖုန်းပဲ ဖြစ်ဖြစ် ဖုန်းတစ်လုံး အပိုထားဖို့ပါပဲ၊ သင်္ကြန်ရေစိုလို့ ဖုန်းပျက်နေရင်တောင်မှ အဆက်အသွယ်မပျက်တော့ဘူးပေါ့။

ဒါတွေကတော့ ကျွန်တော်ကိုယ်တိုင်တွေ့ကြုံခဲ့ရပြီး ဖြေရှင်းဖူးတဲ့ အတွေ့အကြုံတွေမို့ ပြန်လည်မျှဝေရခြင်းဖြစ်ပါတယ်။ အခရာပရိသတ်ကြီးထဲမှာရော သင်္ကြန်မှာ ကဲဖို့ ပြင်နေသူတွေ ရှိပြီလား၊ ပြင်နေပြီဆိုရင် ဘာတွေလိုအပ်လဲ ပြောပြပေးသွားပါဦး။

Yoe Lu (Akhayar)

www.akhayar.com