နေပူမရှောင် မိုးရွာမရှောင် အလုပ်လုပ်ရတဲ့အတွက် ညိုမှောင်လှတဲ့ အသားအရေနဲ့ ဖြူ ဖွေးတဲ့သွားတွေကလည်း ပနံ့ရလို့နေပါတယ်။ ကျရာတာဝန်ကို ဦးဆွေ့ဆံမြည့်ထမ်းဆောင်တတ်တဲ့ ဝန်ထမ်းတစ်ယောက်ဖြစ်တဲ့အတွက် ရာသီဥတုဆိုတာ မမှုတော့ပါဘူး။ ခန္ဓာကိုယ်အမူအရာက လမ်းမအလယ်မှာ အကပညာရှင်တစ်ယောက်လို ဟိုမှသည်၊ သည်မှဟို ဦးတည်ညွှန်ပြနေတတ်ပါတယ်။ မြင့်မားတဲ့အရပ်အမောင်း၊ ကြံ့ခိုင်တဲ့ခန္ဓာကိုယ်နဲ့ ယူနီဖောင်းကို မြတ်မြတ်နိုးနိုး ဝတ်ဆင်ထားတာလည်း ဝန်ထမ်းကောင်း ပီသပါပေတယ်။ သူကတော့ လင့်ခ်လမ်းဆုံက ယာဉ်ထိန်းရဲတပ်ကြပ် ခင်မြင့်မောင်ပဲဖြစ်ပါတယ်။

ယာဉ်ထိန်းရဲခင်မြင့်မောင်ဟာ တာဝန်ကျတဲ့ လင့်ခ်လမ်းနဲ့ဓမ္မစေတီလမ်းထောင့်မီးပွိုင့်မှာ ကားတွေကို လိုအပ်သလို လမ်းညွှန်ပေးတတ်ပြီး ခင်မင်ဖော်ရွှေတဲ့အမူအရာတွေကြောင့်လည်း လမ်းသွားလမ်းလာတွေရဲ့ ချစ်မင်မှုကို ရရှိခဲ့တာဖြစ်ပါတယ်။ လူအများရဲ့ချစ်ခင်မှုရရှိတာကို ဌာနဆိုင်ရာအရာရှိတွေ သိရှိသွားပြီး ရန်ကုန်တိုင်းယာဉ်ထိန်းရဲတပ်ဖွဲ့က ချီးမြင့်တဲ့ “The Best Private Award” ဆုကို ၂ဝ၁၃ခုနှစ်မှာ ရရှိခဲ့ပါတယ်။ ရန်ကုန်မြို့မီးပွိုင့် ၃၈ခုမှာရှိတဲ့ ယာဉ်ထိန်းရဲ ၉၄၅ယောက်ထဲက ၃၈ယောက်ကို ဆန်ကာတင်ရွေးချယ်လိုက်ပြီး အကောင်းဆုံးယာဉ်ထိန်းရဲကို မဲပေးရွေးချယ်တာဖြစ်လို့ လွယ်လှတယ်လို့ မဟုတ်ပါဘူး။ ၄၉နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့မှ တပ်ကြပ်ရာထူး တိုးမြှင့်ပေးခဲ့ပါတယ်။ သက်ဆိုင်ရာနယ်ပယ်မှာ လူငယ်တိုင်းအောင်မြင်မှုရရှိစေဖို့ ဘယ်လိုကျင့်ကြံသင့်တယ်ဆိုတာ တပ်ကြပ်ကြီးခင်မြင့်မောင်ရဲ့ လမ်းညွှန်ချက်တွေကို လူငယ်တိုင်းအတုယူစေဖို့ ဖော်ပြလိုက်ပါတယ်။

၁။ စိတ်ရွှင်လန်းဖို့ လိုပါတယ်။

မိဘက ခိုင်းစေတာပဲဖြစ်ဖြစ် အထက်လူကြီးက ခိုင်းလို့လုပ်ရတာပဲဖြစ်ဖြစ် အလုပ်လုပ်နေတဲ့အချိန်မှာ စိတ်ရွှင်လန်းဖို့ အရေးကြီးပါတယ်။ စိတ်ပျော်တဲ့အလုပ်ကို ပြီးမြောက်အောင် လုပ်ဖို့လည်း အရေးကြီးတယ်။ ဘယ်လောက်ပဲကြိုးစားပါစေ ဆုံးခန်းမတိုင်ခင် အလုပ်ပြီးတယ်လို့ မခေါ်ဘူးလေ။ အဲဒီတော့ အလုပ်တစ်ခုကို ပြီးမြောက်အောင်လုပ်။

၂။ ရှုထောင့်မျိုးစုံပြောင်းတတ်ပါစေ။

အလုပ်တစ်ခု လုပ်တဲ့အခါမှာ ကိုယ့်ဘက်သူ့ဘက် ကြည့်တတ်ပါစေ။ ကိစ္စတိုင်းကို ကိုယ့်အမြင်တစ်ခုတည်းနဲ့ဆုံးဖြတ်မယ်ဆိုရင် ပြည့်စုံမှန်ကန်တဲ့ အဖြေမျိုးပေးနိုင်မှာ မဟုတ်ဖူးလေ။ အဲဒီတော့ တစ်ဘို့တည်း မကြည့်ပါနဲ့။ ကိုယ် အဆင်ပြေနေသလို ပတ်ဝန်းကျင်လည်း အဆင်ပြေပါစေ။

You May Like : ရိုးသားပြီးကြိုးစားရင် အောင်မြင်နိုင်တယ်လို့ သက်သေပြခဲ့သူ

၃။ စေတနာထား လုပ်ကိုင်ပါ။

တပ်ကြပ်ကြီးခင်မြင့်မောင်ဟာ နေပူထဲမှာ ယာဉ်ကြောရှင်းနေရပေမယ့်လည်း ခရီးသွားပြည်သူတွေကို အဆင်ပြေစေချင်တယ်။ ကိုယ့်အတွက်ကြောင့် ခရီးသွားတွေ လိုရာခရီးကို အမြန်ဆုံးရောက်စေချင်တယ်။ ကိုယ့်အပြုံးတစ်ချက်ကြောင့် စိတ်ချမ်းသာစေချင်ပါတယ်။ ဘယ်အရာမဆို စေတနာထား လုပ်ကိုင်မယ်ဆို မေတ္တာရောင်ပြန်ဟပ်တဲ့သဘောရှိပါတယ်။ ပင်ပင်ပန်းပန်းလုပ်ကိုင်ရပေမယ့် ကျန်းမာရေးဒေါင်ဒေါင်မြည် ဖြစ်နေပါသေးတယ်။ အဲဒီတော့ ဘာပဲလုပ်လုပ် စေတနာထားလုပ်။

Khin-Myint-Maung

၎။ ကျန်းမာရေး လိုက်စားရမယ်။

တပ်ကြပ်ကြီးခင်မြင့်မောင်ဟာ တစ်နေကုန်ပင်ပန်းခဲ့တဲ့အတွက် အလုပ်ပြန်လာပြီဆိုရင် ၂နာရီလောက် ဘာမှမလုပ်ဘဲ အေးဆေးထိုင်ပြီး အနားယူတတ်ပါတယ်။ နေပူထဲမှာ အလုပ်လုပ်ရတဲ့အတွက် အေးခဲနေတဲ့အချိုရည်တွေ မသောက်ဖူးဆိုပေမယ့် ချွေးဓာတ်ကုန်ဆုံးတဲ့အတွက် 100PLUS ကိုတော့ သောက်ဖြစ်တယ်လို့ ဆိုပါတယ်။

၅။ ပခုံးပြောင်းတာဝန်ယူနိုင်ပါစေ။

“ဒီနေ့လူငယ် နောင်ဝယ်လူကြီး” ဆိုတဲ့အတိုင်း လူငယ်တွေက ကောင်းတဲ့ဘက်မှာ ထူးချွန်ရမယ်။ တလွဲ ဆံပင်ကောင်း မဖြစ်စေရဘူး။ တကယ်တမ်းလည်း ဆိုးတဲ့လမ်းကို ကောင်းတယ်လို့ ဘယ်ဘာသာတရားကမှ လက်မခံဘူး။ ခေါင်းဆောင်စိတ်အပြည့်နဲ့ စိတ်ဓာတ်ကိုယ်ကျင့်တရား၊ စည်းကမ်းသေဝပ်မှုတွေနဲ့ ကောင်းမွန်တဲ့အလေ့အထတွေနဲ့ ပခုံးပြောင်းတာဝန်ထမ်းဆောင်ကြပါလို့ လမ်းညွှန်သွားပါတယ်။

လူငယ်တွေအတွက် လုပ်ငန်းခွင်အောင်မြင်ရေးညွှန်ကြားပြီးတဲ့အခါမှာတော့ ရခိုင်ပြည်နယ် စစ်တွေမြို့နယ် အောင်တိုင်ရွာက ရခိုင်သားလေး ခင်မြင့်မောင်ဟာ ယာဉ်ကြောရှင်းလင်းဖို့ ထွက်ခွာသွားပါပြီ။ လင့်ခ်လမ်းနဲ့ဓမ္မစေတီလမ်းထောင့်မီးပွိုင့်မှာ ဖော်ရွှေတဲ့အပြုံးတွေနဲ့ 100PLUS ကိုသောက်ရင်း ခရီးသွားတွေအတွက် အလုပ်အကျွေးပြုနေတဲ့ ပြည်သူ့ဝန်ထမ်းတစ်ယောက်ဟာ ဘယ်သူလဲလို့ မေးလာရင် ယာဉ်ထိန်းတပ်ကြပ်ကြီးခင်မြင့်မောင်တစ်ယောက်ရယ်ပါ။

ကျော်စိုးအောင် (အခရာ)

www.akhayar.com