အခုနောက်ပိုင်း ဘောလုံးလောကမှာ Knuckleballs ကန်ချက်က ခေတ်စားနေပါပြီ။ Knuckleballs ဆိုတဲ့ စကားလုံးကို Google မှာ ရိုက်ထည့်ရှာကြည့်ရင် ဘေ့စ်ဘောကစားနည်းနဲ့ ဆက်နွယ်တဲ့အကြောင်းအရာတွေ တွေ့ပါလိမ့်မယ်။ ဘေ့စ်ဘောမှာ ဘောလုံးကို ပစ်ပေးတဲ့သူဟာ လေထဲမှာ လည်ပတ်မှု(Spin) အနည်းဆုံးဖြစ်အောင်နဲ့ ဘောလုံးသွားမယ့် Direction ခန့်မှန်းလို့ မရအောင်ပစ်ပေးတာကို Knuckleballs လို့ ခေါ်ပါတယ်။ ဘေ့စ်ဘောမှာ လက်နဲ့ပစ်ပေးရတာ၊ ဘောလုံးမှာတော့ ခြေထောက်နဲ့ကန်ရတာပဲ ကွာပေမယ့် သဘောတရားခြင်းကတော့ အတူတူပါပဲ။ Knuckleballs ကန်ချက်က ဘောလုံးကို တတ်နိုင်သမျှ လည်ပတ်မှုနည်းအောင်နဲ့ ဂိုးသမားခန့်မှန်းဖို့ ခက်ခဲအောင် ဝေ့၀ိုက်ကန်သွင်းတာဖြစ်ပါတယ်။

Knuckleballs ကန်ချက်ဆိုရင် ပရိသတ်တွေတွဲဖက်မြင်မိတာက ပေါ်တူဂီနာမည်ကျော် ကစားသမား စီရော်နယ်လ်ဒို Cristiano Ronaldo ဖြစ်ပါလိမ့်မယ်။ ၂၀၀၈ ခုနှစ်တုန်းက ပို့စ်မောက်အသင်းဘက်ကို ဖရီးကစ်ကနေ (၁၀)ပြားစေ့ထောင့်ထဲကို လှလှပပကန်သွင်းခဲ့တဲ့ဂိုးက အခုအချိန်ထိ ပြောစမှတ်ဖြစ်နေဆဲပါပဲ။ ရီးယဲလ်ကစားသမားဘ၀မှာ စီရော်နယ်လ်ဒိုဟာ အဲဒီလိုပုံစံနဲ့ ဖရီးကစ်ဂိုးတွေ အများကြီးသွင်းယူခဲ့ဖူးတယ်။ ဒါပေမဲ့ Knuckleballs Style ကို ပထမဆုံးအစပျိုးခဲ့တယ်လို့ သတ်မှတ်ရမယ့်သူကတော့ တစ်ချိန်တုန်းက ဘရာဇီးလ်အသင်းရဲ့ နာမည်ကျော်ကစားသမား ဒီဒီ Didi ဖြစ်ပါတယ်။

Dead-Ball Specialist လို့ တင်စားခံရတဲ့ ဒီဒီဟာ folha seca (dry leaf) free kicks ကန်ချက်ကို စတင်တီထွင်ခဲ့သူပါ။ folha seca (dry leaf) free kicks ကန်ချက်ဟာ နောက်ပိုင်း မော်ဒန်ဘောလုံးလောကမှာ Knuckleballs ဆိုပြီး အမည်တွင်လာခဲ့ပါတယ်။ ဒီဒီနောက်ပိုင်း အဲဒီကန်ချက်နဲ့ နာမည်ကျော်လာတာက လိုင်ယွန်ကစားသမားဟောင်း ဂျူနင်ဟို Juninho Pernambucano ၊ ရော်ဘတ်တိုကားလို့စ် Roberto Carlos တို့ဖြစ်ပြီး မော်ဒန်ဘောလုံးခေတ်မှာတော့ စီရော်နယ်လ်ဒို၊ ဂါရတ်ဘေးလ် Gareth Bale တို့က အဲဒီပုံစံအတိုင်း ကန်သွင်းလေ့ရှိကြတယ်။

Knuckleballs ကန်ဖို့ ဘယ်လိုလေ့ကျင့်ရမလဲ။ ပထမဆုံး ကန်မယ့်သူက ဘောလုံးတည်တဲ့နေရာမှာ ဘောလုံးလေထိုးပေါက်ကို ကိုယ့်ဘက်ကို လှည့်ထားရမယ်၊ ပြီးရင် ခြေလှမ်း(၅)လှမ်း ဒါမှမဟုတ် (၇)လှမ်းလောက် နောက်ဆုတ်ပြီး ဘောလုံးအောက်ခြေကို ခြေစောင်းနားက အရိုးနဲ့ အရှိန်ပြင်းပြင်းကန်ရမှာပါ။ အဲဒီလိုကန်တဲ့နေရာမှာ ခန္ဓာကိုယ်ဟာ တစ်သမတ်တည်းဖြစ်ဖို့လိုပြီး လိုအပ်တဲ့အချိန်အဆတိုင်း ကန်သွင်းရမှာဖြစ်ပါတယ်။ ဒီကန်ချက်က ဖရီးကစ်တစ်ခုတည်း မဟုတ်ဘဲ Long Range Shoot တွေကန်မယ်ဆိုလည်း အထောက်အကူဖြစ်စေပါတယ်။ လေ့ကျင့်ပါများလာရင် Knuckleballs ကန်ချက်က ကိုယ့်အတွက် ဂိုးရဖို့ လက်နက်ကောင်းတစ်ခုဖြစ်လာမှာ အမှန်ပါပဲ . .

ပို့စ်မောက်အသင်းဘက်ကို စီရော်နယ်လ်ဒို ကန်သွင်းခဲ့တဲ့ ဖရီးကစ်ဂိုးကို ကြည့်ရန်လင့်ခ်

Knuckleballs ဘောကို ဘယ်လိုကန်ရမလဲဆိုတာ ကြည့်ရန်လင့်ခ်

REF:The18
Photo:Lift Your Game,.espn,Scoopnest,SPORTbible
Naing Linn(Akhayar)
www.akhayar.com