အငြင်းခံရတာ တကယ့်ကို ရင်နာစရာကောင်းတဲ့ အဖြစ်ပါ။ ကိုယ်ချစ်နေတဲ့ Crush လေးကပဲ ငြင်းငြင်း၊ သူငယ်ချင်းတွေက ရှောင်ဖယ်ရှောင်ဖယ်လုပ်တာပဲ ဖြစ်ဖြစ်၊ Scholarship လျှောက်တုန်း အငြင်းခံရတာ ဖြစ်ဖြစ်၊ ကျောင်းလျှောက်တာ ပယ်ချခံရတာ ဖြစ်ဖြစ်၊ လျှောက်ထားတဲ့ အလုပ်က အလုပ်မခန့်နိုင်ကြောင်း ငြင်းလိုက်တာပဲ ဖြစ်ဖြစ် အငြင်းခံရခြင်း အားလုံးဟာ အောင့်သက်သက် ဖြစ်စေတာပါပဲ။

အကောင်းဆုံး အရှုံးသမားလို့ပဲ ပြောပြော အငြင်းခံရခြင်းဟာ စိတ်နုတဲ့သူဆိုရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပျောက်ဆုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အငြင်းခံရရင် ဘယ်လို ဖြေသာအောင် လုပ်မလဲ ၊ ကိုယ့်ကိုယ်ကို ဘယ်လို ပြန်တည်ဆောက်မလဲ။

ဝမ်းနည်းစရာရှိတာ ဝမ်းနည်းပါ

အငြင်းခံရလို့ ဝမ်းနည်းတာ လူ့သဘာဝပါ၊ ဒါကြောင့် လုံလောက်တဲ့ အချိန်ယူပြီး ဝမ်းနည်းလို့ ရပါတယ်။ စိတ်ပြေလက်ပျောက်ဖြစ်အောင် ရုံးက ခွင့်ယူတာ ပဲ ဖြစ်ဖြစ်၊ ရုပ်ရှင်ပဲ သွားကြည့်ကြည့်၊ မုန့်ထွက်စားတာပဲ ဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် လွှတ်ပေးလိုက်ပါ။ ဒီလို အချိန်မှာ ပျော်ချင်ယောင်ဆောင်ရတာ ပိုပင်ပန်းပါတယ်နော်။

ရင်ဖွင့်ပါ

ယုံကြည်စိတ်ချရတဲ့ သူငယ်ချင်းတွေဆီမှာ ရင်ဖွင့်ပါ၊ ဒါမှမဟုတ် မိဘဆီမှာ ဖြစ်ဖြစ် ရင်ဖွင့်တာ ကောင်းပါတယ်။အဲ.. မလုပ်သင့်တာကတော့ Social Media မှာ တက်ပြီး တိုင်တောပြောဆိုတာမျိုးတော့ မလုပ်သင့်ပါဘူး။ တကယ်လို့ အလုပ်လျှောက်လို့ မရတဲ့အခါ မခန့်တဲ့ ကုမ္ပဏီကို စောင်းမြောင်းပြောဆိုတာမျိုးက Professional မဆန်ဘဲ လူအမြင်ပဲ စောင်းစေပါတယ်။

လက်ခံပါ

အငြင်းခံလိုက်ရတာကို လက်ခံပါ၊ အလုပ်က မခန့်ဘူးဆိုရင်လည်း စိတ်ပျက်စရာ ရှိတာ ပျက်ပြီးရင် လက်ခံပြီး အသစ်တစ်ခု ပြန်လျှောက်လိုက်ပါ။ တချိန်လုံး ဒါကိုပဲ ထိုင်ပူဆွေးနေရင်တော့ အခွင့်အလမ်းကောင်းတွေ လက်လွတ်ရပါလိမ့်မယ်။

ငြင်းခံရတာကို ဘဝကြီးမမှတ်ပါနဲ့

ငြင်းခံရတယ်ဆိုတာ လူတိုင်းဘဝမှာ တစ်ကြိမ်မဟုတ် တစ်ကြိမ် ကြုံရတဲ့အရာပါ။ တချို့ငြင်းဆိုမှုတွေဟာ ကိုယ့်အမှားကြောင့်မဟုတ်ပါဘူး။ အလုပ်က မခန့်ဘူးလို့ ငြင်းတဲ့အခါ ကိုယ်ညံ့လို့ မဟုတ်ဘဲ ကိုယ့်အရည်အချင်းနဲ့ အလုပ်က လိုအပ်တာနဲ့ မကိုက်ညီလို့ပါ။ ကိုယ့်ကို ငြင်းတာထက် အခြေအနေကို ငြင်းတာမျိုးပေါ့။ ကိုယ့် Crush လေးကို Date ဖို့ ချိန်းတဲ့အခါ အငြင်းခံရရင်လည်း ကိုယ့်ကို မကြိုက်နိုင်လို့ ဆိုတာထက် သူ့မှာ ပိုင်ရှင်ရှိပြီးသားဆိုတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဆိုလိုရင်းအချက်ကတော့ အရာရာကို ကိုယ့်အမှားကြောင့်လို့ မှတ်ထင်ယူဆမနေဖို့ပါပဲ။

အကြောင်းအရာအသစ်တစ်ခု ထလုပ်ကြည့်ပါ၊ ကိုယ့်ကိုယ်ကိုယ် ပြုပြင်ပါ

အငြင်းခံရတာ ကိုယ့်အပြစ်မဟုတ်ပါဘူး ဆိုပြီး ရပ်တန့်နေလို့တော့ မရဘူးပေါ့လေ။ ကိုယ့်အရည်အချင်းတွေ ပိုကောင်းအောင်၊ တိုးတက်အောာင် တစ်ခုခုတော့ ပြောင်းလဲ ဖန်တီးရပါမယ်။ အငြင်းခံရတဲ့အခါ အကြောင်းပြချက်ပေးရင်လည်း ဒီအကြောင်းပြချက်ကို ကိုယ့်ရဲ့အားသာချက်ဖြစ်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ အလုပ်က Accounting နဲ့ ပက်သက်လို့ Diploma တစ်ခုတောင်းတယ်ဆိုရင် ကိုယ်က Diploma တစ်ခုကို Grade ကောင်းကောင်းနဲ့ ရအောင်ယူလိုက်တာမျိုး ကြိုးစားသင့်ပါတယ်။

အငြင်းခံရပေမယ့် ပူဆွေးမှုတွေ သယ်သွားစရာမလိုဘဲ ဘဝတစ်လျှောက်လုံးမှာ လင်းလက်ဖို့ အခွင့်အရေးတွေ ရှိသေးတယ်ဆိုတာ ပြောကြားရင်း…

Yoe Lu (Akhayar)

www.akhayar.com

Source : www.inc.com