မိုးရာသီရောက်ပြီလေ။ မိုးပြေးလေးပါပဲ…ဘာညာ ဖီးလ်တာလည်း ဖီးလ်ပေါ့။ လက်တွေ့ဘဝမှာတော့ မိုးလေး စွတ်စို စွတ်စိုနဲ့ တီကောင်လေးတွေကလည်း ရေချိုးခန်းထဲ၊ အိမ်သာထဲ၊ မီးဖိုထဲ ပေါ်လာတတ်ကြပြီလေ။

တီကောင်ကို ဘာဖြစ်လို့ ရေးကြီးခွင်ကျယ်လုပ်နေတာလဲလို့ မပြောနဲ့ဦးဗျ။ ကြောက်တဲ့သူက တီကောင်ဆို အသေကြောက်တာ။ အဲ.. ရွံကြောက်ကြီးဆို ပိုမှန်မယ်။ တချို့ကျတော့လည်း အသည်းယားတာဆိုပဲ။ အေးလေ.. ဟိုကလည်း တွန့်တွန့် တွန့်တွန့်နဲ့ တကယ့်အသည်းယားစရာကို။

အဲ့လို အသည်းယားစရာကောင်ကို တွေ့ရင် သတ်ပစ်တာကျတော့လည်း ငရဲကြီးမယ်လေဗျာ။ ဒီတော့ အတတ်နိုင်ဆုံး မလာအောင် ဘယ်လိုလုပ်မလဲ ဆိုတာလေး မျှဝေပေးလိုက်ပါတယ်။

၁။ အိမ်က စားစရာတွေအကုန်လုံးကို လေလုံတဲ့ ဘူးလိုမျိုးနဲ့ သေသေချာချာသိမ်းဆည်းပါ။ တချို့တီကောင်အမျိုးအစားတွေက အသီးအရွက်နဲ့ အစေ့အဆံတွေကို ကြိုက်နှစ်သက်ပါတယ်၊ ဒီတော့ စားစရာမရှိရင် သူတို့လာမှာ မဟုတ်ပါဘူး။ သတိပြုရမှာက အိမ်မှာ စိုက်တဲ့ အပင်တွေ၊ ပန်းအိုးတွေနဲ့ သစ်ဥသစ်ဖုတွေဟာလည်း တီကောင်အောင်းတတ်တဲ့ အမျိုးအစားထဲ ပါတယ်ဆိုတာကိုပါ။

၂။ တတ်နိုင်သမျှ အိမ်ကို သန့်ရှင်းအောင်ထားပါ။ အစာအကြွင်းအကျန်အစအနေတွေ လှည်းကျင်းရုံတင်မဟုတ်ဘဲ ရေပိုက်နဲ့ ရေပိုက်သွားတဲ့လမ်းတွေကိုပါ သန့်ရှင်းအောင် ထားပါ (အထူးသဖြင့် မီးဖိုချောင်မှာပေါ့)။ ဘေစင်၊ ရေချိုးခန်း၊ အိမ်သာစတဲ့ ရေဆင်းတတ်တဲ့ နေရာတွေမှာ တစ်ပတ်တစ်ကြိမ်လောက် ဗီနီဂါနဲ့ မုန့်ဖုတ်ဆိုဒါရောလောင်းချပြီး ရေဆွဲချပေးပါ၊ တိုက်ချွတ်ပေးပါ။ ရေတံလျှောက်ပြားတွေ၊ ကြွေပြားတွေကိုလည်း သွားပွတ်တံအဟောင်းနဲ့ တိုက်ချွတ်ဆေးကြောပေးပါ။

၃။ ဖြစ်နိုင်ရင်တော့ ရေငွေ့စုပ်ထုတ်စက်ကို သုံးပါ။ ဒါမှ မဟုတ်ပြတင်းပေါက်တွေကို ဖွင့်ထားပြီး အိမ်ကို လေဝင်လေထွက်ကောင်းပါစေ။ တီကောင်တွေဟာ နွေးထွေးပြီး စွတ်စိုတဲ့ ပတ်ဝန်းကျင်မှာ ပေါက်ဖွားရှင်သန်တာ များပါတယ်။ ဒါကြောင့်ပဲ မြေအောက်ခန်းတွေဟာ စိုထိုင်းမှုနှုန်းအများဆုံးနဲ့ တီကောင်တွေ သိပ်ကြိုက်တဲ့ အခန်းတွေ ဖြစ်နေတာပေါ့။

၎။ အိမ်က အပေါက်တွေ၊ တွင်းတွေကို ပိတ်ဆို့ဖို့ ကြိုးစားပါ။ ဥပမာ ရေချိုးခန်းနံရံက အုတ်အက်နေတဲ့ နေရာမျိုးပေါ့၊ ဒီလိုနေရာတွေဟာ တီကောင်ခိုဝင်နိုင်ဖို့ အကောင်းဆုံးနေရာတွေပါပဲ။ တစ်ခုတော့ သတိထားပေးရမှာက အပေါက်ဆိုတိုင်း ရေဆင်းပေါက်ကို သွားပိတ်ဆို့တာမျိုးတော့ မလုပ်မိပါစေနဲ့။ 😀 ပိုဆိုးသွားမှာ စိုးလို့။

၅။ တီကောင်လာတတ်တဲ့ နေရာတွေကို အင်းဆက်သတ်ဆေးလို ဆေးဖြန်းထားပါ။ ဗီနီဂါရည်ဟာလည်း သဘာဝကာကွယ်ဆေးတစ်မျိုးဖြစ်ပြီး တီကောင်တွေအတွက်ရော၊ အခြားအင်းဆက်တွေ အတွက်ပါ ထိရောက်ပါတယ်။ လက်ချားမှုန့်ဖြူးထားရင်လည်း တီကောင်လာခြင်းကို ကာကွယ်နိုင်ပါတယ်။

၆။ တီကောင်တွေ ပိုးမွှားတွေ တက်ထားတဲ့ အဝတ်မျိုးဆို အရင်ဆုံးအေးခဲသွားအောင် အအေးခံလိုက်ပါ။ ပိုးမွှားဥတွေနဲ့ တီကောင်သားလောင်းတွေဟာ အအေးကြောက်ပါတယ်။ ပြီးရင်တော့ အဲဒီအဝတ်ကို ရေနွေးပွက်ပွက်ဆူနဲ့ လျှော်ချပေးပါ။

၇။ တီကောင်လာလာနေတတ်တဲ့၊ တီကောင်ကြိုက်တတ်တဲ့ ပစ္စည်းမျိုးဆိုရင်လည်း အပိုရှိရင် ပစ်လိုက်ပါတော့။ ဥပမာ – ကြမ်းတိုက်ဝတ်အဟောင်းလိုမျိုးဆိုရင်ပေါ့။ အပိုရှိမှ၊ အသုံးမလိုမှ ပစ်ခိုင်းတာပါနော်။ စာရေးသူကွီးကို အပြစ်မမြင်ကြပါနဲ့ဦး။ 😀

ဒါကိုမှ တီကောင်လာသေးတယ်ဆိုရင်တော့ ဆားနဲ့သာ ပက်ပါတော့လေ 😀 ။ မသတ်ချင်ရင်တော့ အပေါ်က နည်းလမ်းလေးတွေ အရင်လုပ်ကြည့်ပြီး တီကောင်ကင်းစင်၊ ရေချိုးခန်းတခွင်အဖြစ်နဲ့ ခုန်ဆွခုန်ဆွ မဖြစ်ရဘဲ စိတ်ဖြောင့်လက်ဖြောင့် နေနိုင်ကြပါစေဗျာ။

 

ရိုးလူ (အခရာ)

www.akhayar.com