ဆူရှီကို နေရာဒေသအသီးသီးက လူမျိုးပေါင်းများစွာ နှစ်ခြိုက်စွာ စားသုံးနေကြတယ် ဆိုပေမယ့် မှန်မှန်ကန်ကန် ဘယ်လို မှာရမယ်၊ မှန်မှန်ကန်ကန် ဘယ်လို စားရမယ်ဆိုတာ မသိကြသူတွေ အများကြီးပါ။ ဆူရှီ ကို ဘယ်လိုမျိုး နည်းစနစ်မှန်မှန် စားသုံးသင့်တယ်ဆိုတာကို အခရာက ရှာဖွေပြီး ဝေမျှလိုက်ပါတယ်။

 

ရိုးရာ ဆူရှီလိပ်နဲ့ အမေရိကန်စတိုင် ဆူရှီလိပ်ရဲ့ ကွာခြားချက်ကို သိပါစေ။

ဂျပန် မှာတော့ ရိုးရာ ဆူရှီလိပ် (Maki) ဟာ ဆူရှီထမင်းနဲ့ ငါး၊ ဒါမှမဟုတ် အသီးအရွက်တွေကို Nori လို့ ခေါ်တဲ့ ရေညှိထဲ ထည့်ပတ်ထားတာပါ။ အမေရိကန်လူမျိုးတွေကတော့ ထမင်းကို အပြင်မှာ ထားပြီး ငါးအမျိုးမျိုး၊ အသီးအရွက်နဲ့ ဆူရှီလိပ်ထဲ ထည့်လို့ရတဲ့ အစပ်အဟပ်တည့်တာ မှန်သမျှ ထည့်ကြပါတယ်။ ဒီတော့ ဆူရှီ မှာတော့မယ်ဆိုရင် ရိုးရာ ဆူရှီလိပ်ကို သာမှာပါ၊ ပိုပြီး စိတ်ဝင်စားစရာကောင်းတာ တွေ့ရပါလိမ့်မယ်။

ထမင်းသားကို ပဲငံပြာရည်ထဲ မနှစ်လိုက်ပါနဲ့။

ဆူရှီထဲမှာ ပါတဲ့ ထမင်းဟာ နဂိုတည်းက အရသာရှိနေတာ ဖြစ်လို့ ပဲငံပြာရည်နဲ့ ထပ်မတို့သင့်ပါဘူး။ ဒီလို တို့လိုက်ခြင်းအားဖြင့် ထမင်းနဲ့ ငါးအသားရဲ့ စေးကပ်မှုကို ကွာထွက်စေပါတယ်။ ဂျပန်ယဉ်ကျေးမှုအရတော့ ပဲငံပြာရည်ဟာ ငါးအသားနဲ့ တို့စားရာမှာသာ သုံးရတာပါ။

 

You May Also Like : “Bacon (သုံးထပ်သား) တစ်ထုပ် နဲ့ ဖွယ်ဖွယ်ရာရာ ချက်စားမယ် ( Akhayar – Recipe )

 

ဆူရှီ ကို တလုပ်တည်း စားပါ။

ဆူရှီ ကို ကိုက်လိုက်၊ဖဲ့လိုက်၊ ပြန်ချလိုက် မလုပ်ပါနဲ့။ ဆူရှီလိပ်အကြီးမို့ နှစ်ကိုက်ကိုက်ရတယ်ဆိုရင်တော့ တစ်မျိုးပေါ့၊ ရိုးရာ Maki ဆူရှီကိုတော့ တစ်ကိုက်တည်းသာ ကိုက်ပါ။ ပြီးတော့ တူနဲ့ ဖြတ်ပစ်တာလည်း မလုပ်ပါနဲ့။ ဒါမှသာ ဆူရှီစားနည်း အမှန်ပါ။

ဆူရှီတဝတပြဲ မစားခင် ဂျင်းနု အရင် စားပေးပါ။

ဂျင်းနုစားခိုင်းတယ်ဆိုတာ သင့်ရဲ့ ခံတွင်းရှင်းစေဖို့နဲ့ အစာချေစနစ်ကို ကူညီဖို့ အတွက်ပါ။ အဲဒီဂျင်းကို ဆူရှီပေါ် တင်ပြီး စားရတာ မဟုတ်သလို ပဲငံပြာရည်နဲ့ တို့စားရတာလည်း မဟုတ်ပါဘူး။ ဂျင်းနု အရင် စားသုံးပေးခြင်းအားဖြင့် ဆူရှီမှာ ပါတဲ့ ငါးရဲ့ အရသာကို ပိုမိုပေါ်လွင်စေမှာပါ။

အရသာပျော့ပျော့၊ အရောင်ဖျော့ဖျော့တွေကနေ စစားပါ။

ဥပမာ – ငါးအသားလွှာတွေ စားမယ်ဆိုရင်လည်း ပထမဆုံး အဖြူရောင်၊ နောက်ပန်းရောင်ဖျော့၊ ပြီးမှ Salmon လို အနီရောင်တွေ စားပါ။ အကြော်အလှော်တွေ မှာထားရင်လည်း နောက်ဆုံးမှ စားသင့်ပါတယ်။ ဘာလို့လဲဆိုတော့ အကြော်အလှော်တွေ၊ အရသာပြင်းတာတွေ အရင်စားလိုက်ရင် တခြားစားမယ့် အရာတွေ အရသာပျက်သွားမှာ စိုးလို့ပါပဲ။

အခရာပရိသတ်ကြီးရော ဆူရှီကို ဘယ်လို စားကြလဲ၊ ကိုယ်စားတတ်သလို စားလိုက်တာပဲလား၊ ဒါမှမဟုတ် ဒီအပေါ်က နည်းလမ်းတွေလို စားကြတာလားဆိုတာ Comment ပေးရင်း ပြောခဲ့လို့ ရတယ်နော်။

 

ရိုးလူ (အခရာ)

www.akhayar.com