ဒူးရင်းသီးရာသီရောက်နေပါပြီ အခရာပရိသတ်ကြီးရေ။  မကြိုက်တဲ့သူတွေ အဖို့တော့ ဒူးရင်းသီးဆိုတာ အနံ့နဲ့တင် ခေါင်းကိုက်ချင်စရာချင်ဆိုပေမယ့် ကြိုက်တဲ့သူအတွက်တော့ ဒူးရင်းသီးဟာ ရွှေထက်တောင် မက်စရာ ကောင်းပါသေးတယ်၊ ဒူးရင်းသီးကို တွေ့ရင် ချက်ချင်းခွဲခိုင်းပြီး တွေ့ရာနေရာမှာကို  ထိုင်စားပစ်တာမျိုး :D၊ အိမ်ထိတောင် စောင့်တာ မဟုတ်ဘူးရယ်။

အခုဆို ဒူးရင်းသီးကလည်း လှိုင်လှိုင်ပေါလာတော့ ဒူးရင်းသီးချစ်သူလေးတွေလည်း အားရပါးရ အဝကို ဝယ်စားလို့ ရပြီပေါ့ဗျာ။ ဒါပေမယ့် တစ်ခုရှိတာက ဒူးရင်းသီးကြိုက်တဲ့ သူတိုင်း ဒူးရင်းသီးကောင်းကောင်းရွေးတတ်တာ မဟုတ်ဘူးနော်၊ ဒူးရင်းသီးတိုင်းလည်း ကောင်းတာ မဟုတ်ဘူး။ အစိသေးသေး၊ အသားများများ၊ အရသာရှိရှိနဲ့မှ စားလို့ ကောင်းတာမျိုး။

ခုခေတ်ဈေးသည်ဆိုတာကလည်း (အကုန်လုံးတော့ မဆိုလိုပေမယ့်) တချို့တွေ အရမ်းညာချတာကလား။ အပြင်ပန်းကောင်းမလိုလိုနဲ့ အထဲမှာ ရေဝင်ပြီး ပုပ်နေတာတို့။ ဓားဦးလေးနဲ့ အသားလေး ကလော်ပြီး ကျွေးတုန်းက ချိုနေတာပဲ အကောင်း၊ အိမ်ရောက်ပြီး ခွဲစားတော့မှ ဘာအရသာမှ မရှိတာတို့။ မှည့်တယ် မှည့်တယ်နဲ့ ပြောရောင်းပြီး ခွဲတော့မှ မမှည့်သေးလို့ ပစ်လိုက်ရတာမျိုးတွေလည်း ရှိတတ်တယ်နော်။ တချို့တွေကလည်း ခွဲပြီးသားကို ဘူးလေးနဲ့ ထည့်ရောင်းပေမယ့် အပြ တစ်ဘူးပဲချို၊ ကျန်တာ မချိုတာမျိုးလည်း ရှိသေးတယ်ဗျ။

 

ဒါမျိုးတွေ မကြုံရလေအောင် ဒူးရင်းသီးကို အလွယ်ဘယ်လိုရွေးကြမလဲ

 

၁။ ဒူးရင်းသီးအနံ့ကို ရှူကြည့်ပါ

ဖြစ်နိုင်ရင် ဒူးရင်းသီးရဲ့ အက်ကွဲနေတဲ့ နေရာကနေ အနံ့ခံကြည့်ပါ။ အနံ့မွှေးနေပြီဆိုရင် မှည့်နေပြီ ဖြစ်ပြီး ၊ အနံ့သိပ်မရတာမျိုးဆိုရင်တော့ မမှည့်သေးဘူးလို့ အကြမ်းဖြင်း မှတ်လို့ ရပါပြီ။ တစ်ခု သတိထားရမှာက အရမ်းကို အနံ့ပြင်းနေပြီဆိုရင်လည်း အမှည့်လွန်နေပြီဆိုတာပါပဲ။

၂။ ဒူးရင်းသီးကို လှုပ်ကြည့်ပါ

လက်အိတ်နဲ့ပဲ ဖြစ်ဖြစ် ဒူးရင်းသီးကို ကိုင်ကြည့်ပြီး လှုပ်ကြည့်ပါ။ ဒူးရင်းသီးကို တစ်ချက်လှုပ်ကြည့်လိုက်လို့ အထဲက ပါးပါးလေးလှုပ်ရင် အဲဒီ ဒူးရင်းသီးက အနေတော်ပါပဲ။ လုံးဝမလှုပ်ဘဲ ကျပ်နေတယ်ဆိုရင်တော့ အမှည့်လွန်နေတာ ဖြစ်ဖို့များပါတယ်။ အဲဒီလို မဟုတ်ဘဲ အထဲမှာ အရမ်းကို လှုပ်နေတယ်ဆိုရင်တော့ လုံးဝမမှည့်သေးတာပါ။

၃။ ဒူးရင်းသီးရဲ့ ပုံစံ

အကောင်းဆုံးဒူးရင်းသီးပုံစံကတော့ ဘဲဥပုံ ဒါမှ မဟုတ် ရှည်မျောမျောပုံစံဖြစ်ပြီး ပုံသဏ္ဍာန်မမှန်တဲ့ ဒူးရင်းသီးတွေဟာ အထဲမှာ အမွှာပါတာ နည်းတတ်ပြီး အသားလည်း နည်းတတ်ကြပါတယ်။ (လုံးဝ)လုံးဝိုင်းတဲ့ ပုံရှိတဲ့ ဒူးရင်းသီးတွေကတော့ ဘဲဥပုံ ပုံစံထက်စာရင် အနံ့လည်း သိပ်မမွှေး၊ အစိကြီး၊ အသားနည်းပြီး အချိုဓာတ်လည်း ပျော့လေ့ရှိပါတယ်။

၎။ ဖြစ်နိုင်ရင်တော့ ဒူးရင်းသီးခွာထားပြီးသားကို မဝယ်ပါနဲ့

တကယ်လို့ ခွာပြီး Packing ထုပ်ထားပြီးသားဆိုရင်လည်း Packing ပေါ်ကနေ လက်ချောင်းလေးနဲ့ ပွတ်ကြည့်ပါ။ အားသုံးပြီး ထိုးဖို့ မလိုပါဘူးနော်.. (လျော်နေရရင် အခရာမပါဘူးရယ် ) 😀 ။ နူးညံ့တဲ့ အထိအတွေ့ရတယ်ဆိုရင်တော့ စားဖို့အသင့်ဖြစ်နေတဲ့ အသီးဖြစ်ပြီး နည်းနည်းမာနေတယ်ဆိုရင်တော့ မမှည့်သေးတာ ဖြစ်ပါတယ်။

 

ဒူးရင်းသီးမှည့်မမှည့်သိနိုင်တဲ့ အချက်တွေ

ဒူးရင်းသီးမှည့်ပြီဆိုရင်

၁။ ဒူးရင်းသီးဆူးအဖျားဟာ အခြေထက် ညိုနေပါမယ်

၂။ ဆူးထိပ်ဖျားတွေဟာ အရမ်းမာတင်းမနေဘဲ ပျော့နေပါလိမ့်မယ်

၃။ ဆူးကြားထဲက မြောင်းတွေဟာ ပိုကျယ်လာပြီး အညိုရောင်ပြောင်းလာပါလိမ့်မယ်

 

အပေါ်က အချက်တွေ ပြောပြီးပြီဆိုရင် တန်ဆေး၊လွန်ဘေးဆိုတဲ့ အတိုင်း အများကြီးစားပြီးရင် ဘာတွေ ဆိုးကျိုးရနိုင်သလဲဆိုတော့

၁။ ဒူးရင်းသီးကို အရက်နဲ့ တွဲမစားသောက်သင့်ပါဘူး၊ အရက်ကို ချေဖျက်ပေးတဲ့ ဇီဝဖြစ်စဉ်ကို ဒူးရင်းသီးက ဟန့်တားစေတဲ့ အတွက် အခန့်မသင့်ရင် သေတတ်ပါတယ်။

၂။ လေအရမ်းတက်ပါလိမ့်မယ်၊ စိုးရိမ်ရတဲ့ ပြဿနာတော့ မဟုတ်ပါဘူး။

၃။ အစာမကြေ၊ရင်ပြည့်၊လေထိုး၊ လေအောင့်တတ်ပါတယ်။ ဒါဟာ သူ့မှာပါတဲ့ အစာချေရခက်တဲ့ အမျှင်ဓာတ်ကြောင့်ပါ။

၎။ သွေးတွင်းသကြားဓာတ်မြင့်တက်လာပါလိမ့်မယ်။ ဒူးရင်းသီးဟာ သဘာဝသကြားဓာတ်ကြွယ်ဝတဲ့ အသီးမို့လို့ အများကြီးစားမိတဲ့အခါ သွေးထဲက ဂလူးကို့စ်ဟာ မြင့်တက်လာတာပါ။ ဒါကြောင့် ဆီးချို၊သွေးချိုရှိတဲ့သူက ဒူးရင်းသီးကို ရှောင်ရင်ရှောင်၊ မဟုတ်ရင်လည်း ဆရာဝန်ညွှန်ကြားချက်နဲ့ နည်းနည်းပဲ စားသင့်ပါတယ်။

၅။ ဒူးရင်းသီးအများကြီးစားရင် ကျောက်ကပ်ရောဂါတွေလည်း ဖြစ်စေနိုင်ပါတယ်။ ဒူးရင်းသီးမှာပါတဲ့ ဆာလဖာကွန်ပေါင်းတွေဖြစ်တဲ့ Ethanol တို့၊ Methanol တို့ဟာ ကျောက်ကပ်အတွက် ကောင်းတဲ့ အရာတွေ မဟုတ်လို့ အထူးသဖြင့် ကျောက်ကပ်နဲ့ ပက်သက်ပြီး ရောဂါရှိတဲ့သူတွေ ရှောင်ကြဉ်သင့်ပါတယ်။

၆။ ကိုယ်အလေးချိန်တက်လွယ်စေပါတယ်။ ဒူးရင်းသီးဟာ ကယ်လိုရီကြွယ်ဝတဲ့ အသီးဖြစ်တဲ့အပြင် သူ့မှာ ပါတဲ့ သဘာဝသကြားဓာတ်ကလည်း အဆီအဖြစ်နဲ့ ပြောင်းသွားနိုင်တဲ့အတွက် များများစားမိရင်တော့ မနှေးအမြန် ကိုယ်အလေးချိန်တက်လာမှာ မလွဲပါဘူး။

၇။ ရာသီဥတုပူတဲ့အချိန်စားရင် မိတ်ထွက်တာ၊ ဝက်ခြံထွက်တာမျိုး ဖြစ်တတ်ပါတယ်။ ဗမာလို ပြောရင်တော့ အပူကန်တာပေါ့ဗျာ။

 

ဒါဆို ဒူးရင်းသီးကို ဘယ်လောက်ပဲ စားရင် သင့်တော်ပါသလဲ

စားချင်တယ်ဆိုရင်ဖြင့် ၃မွှာကနေ ၅ မွှာလောက်စားတာ အသင့်တော်ဆုံးပါပဲ။ ဒီထက်များရင် ခုနက ပြဿနာတွေ တက်လာနိုင်ပါတယ်။

 

ဒူးရင်းသီးနဲ့ မတည့်တဲ့ အရာတွေ

၁။ အရက်

အပေါ်မှာ ပြောခဲ့တဲ့ အတိုင်းပါပဲ။ အရက်ရဲ့ အာနိသင်ကို ချေဖျက်ပေးတဲ့ Enzyme တွေကို ဒူးရင်းသီးမှာပါတဲ့ ဆာလဖာဓာတ်က ဟန့်တားတာကြောင့်ပါ။

၂။ နွားနို့

ဒူးရင်းသီးဟာ ခန္ဓာကိုယ်ထဲက ကဖိန်းဓာတ်ကို ဖြိုခွဲခြင်းကိုလည်း ဟန့်တားနိုင်တဲ့အတွက် ဒူးရင်းသီးနဲ့ နွားနို့တွဲစားခြင်းဟာ သွေးဖိအားကို တက်စေပြီး အခန့်မသင့်ရင် အသက်ဆုံးရှုံးစေတဲ့ထိ ဖြစ်တတ်ပါတယ်။

၃။ Coca Cola

ကဖိန်းဓာတ်ရော၊ Gas ရော ပါတဲ့ အချိုရည်ဖြစ်လို့ ဒူးရင်းသီးနဲ့ တွဲစားသုံးမိရင် နှလုံးရပ်တာလိုမျိုး နှလုံးပြဿနာတွေ ဖြစ်နိုင်ပါတယ်။

၎။ ခရမ်းသီး

ခရမ်းသီးရော၊ ဒူးရင်းသီးရောဟာ အပူစာတွေ ဖြစ်တဲ့ အတွက် တွဲစားမယ်ဆိုရင်တော့ အပူကန်ပြီး ဖျားတတ်ပါတယ်။

၅။ ဂဏန်း

ဂဏန်းဟာ ပုံမှန်အားဖြင့် အအေးစာဖြစ်တဲ့အတွက် ဒူးရင်းသီးလို အပူစာနဲ့ တွဲစားမိတဲ့အခါ အစာချေစနစ်ကို ရှုပ်ထွေးမှုဖြစ်စေပြီး အစာအိမ်နာတာနဲ့ ဝမ်းပျက်ဝမ်းလျှောစတာမျိုးတွေ ဖြစ်တတ်ပါတယ်။

 

ဒီလောက်ဆိုရင်တော့ ဒူးရင်းသီးလည်း စားချင်တယ်၊ တစ်ခုခုဖြစ်မှာလည်း ကြောက်တယ်ဆိုတဲ့ သူတွေ အတွက် အရသာရှိရှိလည်း စား၊ ရှောင်သင့်တာလေးလည်း ရှောင်ပြီး ဒူးရင်းသီးကို အထာကျကျ  စားနိုင်ကြပါစေဗျား။

 

ရိုးလူ (အခရာ)

www.akhayar.com