မနေ့ကပဲ လုပ်ငန်းခွင်က Personal Attack ကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတဲ့ ကောင်းတစ်ယောက်အကြောင်းကိုသိရတော့ တော်တော်လေး စိတ်မကောင်းဖြစ်နေရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ရဲ့ ပတ်ဝန်းကျင်မှာလေ လူတစ်ယောက်ကို အခုလို အဆုံးစွန်ထိရောက်သွားအောင် တွန်းပို့တဲ့လူတွေအများကြီးရှိပါတယ်။ စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်နေတဲ့သူတွေလည်း အများကြီးရှိပါတယ်။ သူတို့ကိုလည်း အပြစ်ပြောကြမလားဆိုတော့ သူတို့လည်း တစ်ခါတလေ ဘာတွေလုပ်မိ၊ ပြောမိနေမှန်းတောင် သူတို့မသိကြပါဘူး။ သူတို့ပြောတဲ့၊ လုပ်တဲ့ အပြောအဆိုနဲ့ လုပ်ရပ်တွေက လူတစ်ယောက်ကို ခွဲခြားဆက်ဆံနေမိတာလား၊ အနိုင်ကျင့်နေမိတာလားဆိုတာတောင် သူတို့မသိပါဘူး။ ဒီတော့ ကျွန်မတို့ဆီမှာ လူတွေကို လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ပညာပေးဖို့လည်း လိုအပ်ပါတယ်။ ထားပါတော့။ ဒါတွေ ဖြစ်မလာသေးရင်တောင် အဆိပ်ရှိတဲ့လူတွေဆီကနေ ရုန်းထွက်တတ်အောင် ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်ပျိုးထောင်ပေးထားဖို့တော့ လုပ်နိုင်ပါတယ်။ ကျွန်မတို့ အဆိပ်ရှိတဲ့လူတွေနဲ့ ဆက်ဆံရတဲ့အခါ ဘယ်လိုရုန်းထွက်ကြမလဲ။

အကန့်အသတ်ထားပါ

အကန့်အသတ်တစ်ခုထားနေသမျှ ကာလပတ်လုံး သူတို့ ကိုယ့်ဘ၀ထဲဝင်မလာနိုင်ပါဘူး။ ဥပမာ – ကိုယ့်အကြောင်း သိပ်မသိဘဲ ကိုယ့်ကို သူတို့ဝေဖန်လို့မရသလို၊ ကိုယ်နဲ့ သိပ်မခင်ဘဲနဲ့လည်း အတင်းလာရောပြီး အရမ်းစနောက်လို့မရပါဘူး။ ဒီတော့ ပွင့်လင်းတာကလည်း အကန့်အသတ်နဲ့ ပွင့်လင်းပါ။ ပေါင်းသင်းဆက်ဆံရေးကိုလည်း အကန့်အသတ်ထားပါ။

ပြောင်းလဲဖို့မကြိုးစားပါနဲ့

တစ်ခါတလေ ကိုယ်တွေရဲ့ စိတ်ထဲမှာ ကိုယ့်ကိုယ်မကောင်းပြောနေ၊ လုပ်နေတဲ့သူတွေအပေါ် မေတ္တာကြီးရှေ့ထားပြီး သူတို့ပြောင်းလဲလာအောင် တရားပြချင်တာမျိုး ရှိပါလိမ့်မယ်။ ဒါပေမယ့် မကြိုးစားပါနဲ့။ သူတို့ဘ၀နဲ့ သူတို့ထားလိုက်ပါ။ အဲဒီ့အစား ကင်းကင်းရှင်းရှင်းပဲ နေဖို့ ကြိုးစားပါ။ နောက်ဘုရားပွင့်တာတောင် ပြောင်းလဲလာမှာမဟုတ်ပါဘူး။ ဗီဇဆိုတာ ဖျောက်ရခက်ပါတယ်။

လိုက်ပါမခံစားပါနဲ့

တစ်ခါတလေ ကိုယ့်အကြောင်း ဟုတ်တာပဲဖြစ်ဖြစ်၊ မဟုတ်ကဟုတ်ကပဲဖြစ်ဖြစ် တစ်ခုခုပြောသံကြားပြီဆိုရင်လည်း လိုက်ပါခံစားမနေပါနဲ့။ ဒီလို ပြောကျင့်၊ လုပ်ကျင့်ရှိတဲ့သူတွေဟာ ကိုယ့်တစ်ယောက်တည်းကိုပဲ ပစ်မှတ်ထားတာမဟုတ်ပါဘူး။ သူတို့ အနိုင်ကျင့်လို့ရတဲ့ ခပ်အေးအေးလူတိုင်းကို ပစ်မှတ်ထားနိုင်ပါတယ်။ ကိုယ့်ရဲ့ ပျော်ရွှင်မှုကို ဘာနဲ့မှ အလဲအလှည်မလုပ်ပါနဲ့။

စွန့်လွှတ်ထွက်ခွာပါ

ဒီလို ညစ်ဆိုးနေတဲ့ပတ်ဝန်းကျင်ကြီးက အသက်ရှုကြပ်စရာကောင်းတာအမှန်ပါပဲ။ အချိန်တစ်ခုခုမှာ ကိုယ်က ဘယ်လိုမှ သည်းမခံနိုင်တော့ဘူးဆိုရင်တော့ စွန့်လွှတ်ဖို့၊ နောက်ပြီး ထွက်ခွာဖို့ မတွေဝေပါနဲ့နော်။ ကိုယ့်အပေါ်မကောင်းတဲ့ပတ်ဝန်းကျင်ကို စွန့်ခွာပါ။ နေရာသစ်မှာ လူသစ်စိတ်သစ်ပုံစံသစ်နဲ့ ပြန်လည်ရှင်သန်ပါ။ အရှုံးမပေးလိုက်ပါနဲ့။

အဆိုးမြင်ဝါဒီသမားတွေနဲ့ အဆိပ်ရှိတဲ့လူတွေကြောင့် ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ဖြစ်တည်မှုနဲ့ ဘ၀ကို အပျက်စီးမခံလိုက်ပါနဲ့။ အရာရာဟာ အချိန်တန်ရင် ပြီးဆုံးသွားမှာကို အမှတ်ရပါ။ ပျော်ရွှင်မှုကိုပဲ ရှာဖွေပါ။ သူတို့နဲ့ မဆုံအောင်ကြိုးစားနေပြီး ဆုံလာခဲ့ရင်လည်း စိတ်ထားတတ်ဖို့ ကြိုတင်ပြင်ဆင်ထားစေချင်ပါတယ်။ လူတိုင်းလူတိုင်း အဆိပ်ပြင်းတဲ့လူသားတွေလက်ထဲက အမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေ။

Moethaesay (Akhayar)

www.akhayar.com