တစ်နေ့တာပင်ပန်းလာသမျှကို အိပ်ရာထက်မှာလဲလျောင်း အနားယူရတာဆိုတော့ နေ့စဉ်ဘဝမှာ အိပ်ရာဟာ မရှိမဖြစ်ပါ။ ရှယ်အိပ်ရာဖြစ်ဖို့မွေ့ရာကလည်း အရေးကြီးပြန်ပါသေးတယ်။ ခင်းထားတဲ့မွေ့ရာ အဆင်မပြေရင် ကျောနာ ခါးနာဖြစ်ပြီး ကျန်းမာရေးကိုတောင်ထိခိုက်နိုင်ပါတယ်။ မွေ့ရာတွေက ဈေးလည်းကြီးသလို အမျိုးအစားအများကြီးရှိတာမို့  ကိုယ်ပေးလိုက်ရတဲ့ဈေးနဲ့ထိုက်တန်တဲ့ မွေ့ရာကိုရဖို့ ဒါလေးတွေသတိပြုပေးပါနော်။

လိုအပ်ချက်ကို သိပါ

မွေ့ရာဝယ်တော့မယ်ဆိုရင် ဒီအချက်လေးတွေကို ကြိုစဉ်းစားထားဖို့လိုပါတယ်။

(၁) ကိုယ်အိပ်စက်တဲ့ ပုံစံ

(၂) အိပ်ခန်းအကျယ်အဝန်း

(၃) အိပ်စက်ခြင်းကို အထောက်အပံ့ကောင်းပေးနိုင်ဖို့လား

(၄) ငွေကြေးဘယ်လောက်သုံးမှာလဲ

အမျိုးအစားကိုသိပါ

မွေ့ရာမှာ ၄ မျိုးရှိပါတယ်။

(၁) Innerspring

သူကတော့ အတွင်းမှာ စတီးကွိုင်လေးတွေနဲ့ ပြုလုပ်ထားတာပါ။ စပရိန်မွေ့ရာလို့လည်းခေါ်ကြပါတယ်။ ပြန်တွန်းကန်နိုင်တာမို့ ကူရှင်ထူထူပါတာကိုရွေးပါ။ ဒီလိုအမျိုးအစားက Quality ကောင်းမှသာ အဆင်ပြေပါတယ်။

(၂) Memory Foam

ရေမြှုပ်မွေ့ရာပါ။ အတွင်းမှာရေမြှုပ်တွေ အထပ်ထပ်နဲ့ပြုလုပ်ထားတာမို့ အိပ်စက်တဲ့အခါမှာခန္ဓာကိုယ်ကို ပိုသက်သောင့်သက်သာရှိစေပါတယ်။ လှုပ်ရှားတဲ့အခါမှာလည်း အသံမမြည်စေတာမို့ ဘေးလူကိုလည်းအနှောက်အယှက် မဖြစ်စေပါဘူး။

(၃) Latex

သူကတော့ ရာဘာနဲ့ပြုလုပ်ထားတာပါ။ ရေမြှုပ်ထက်မာပေမယ့် သူကလည်းခန္ဓာကိုယ်ကိုသက်သောင့်သက်သာဖြစ်အောင် ထောက်ပံ့ပေးပါတယ်။ ကျောနာတာ ခါးနာတာမျိုး မဖြစ်စေပါဘူး။ ဒီအမျိုးအစားကိုတော့ လူကြိုက်များပါတယ်။

(၄) Air

လေမှုတ်သွင်းရတဲ့ မွေ့ရာမျိုးမဟုတ်ပါဘူး။ သူကတော့ ကွိုင်အစား လေဖြည့်ထားတဲ့ Chambers တွေကို သုံးထားတာပါ။ ဒီလိုမွေ့ရာမျိုးက ကျောရိုးဒဏ်ရာ ရထားသူတွေ ကာလရှည်ကြာ အိပ်ရာထဲလှဲနေရသူတွေအတွက် လိုအပ်ပါတယ်။ လေအလျော့အတင်းကိုလည်း ချိန်ညှိလို့ရပါတယ်။

စမ်းသပ်ပါ

ကိုယ်ဈေးကြီးပေးဝယ်ရမယ့်မွေ့ရာအတွက် စမ်းအိပ်ကြည့်ဖို့အားမနာပါနဲ့။ သင်အိပ်နေကျပုံစံအတိုင်း အိပ်ကြည့်ရပါမယ်။ အနည်းဆုံး ၁၀ မိနစ်လောက်လှဲနေကြည့်ပါ။ ဒီလိုစမ်းသပ်မှ သင်နဲ့အသင့်တော်ဆုံး မွေ့ရာကိုရမှာပါ။

ကျောရိုးအနေအထားကိုကြည့်ပါ

မွေ့ရာသွားဝယ်တဲ့အခါ စိတ်ချရတဲ့ မိတ်ဆွေ သူငယ်ချင်းနဲ့ အတူသွားပြီး လေ့လာရမယ့်အနေအထားရှိပါတယ်။ အဲဒါကတော့ ကျောရိုးအနေအထားကို ကြည့်ပေးဖို့ပါပဲ။ ကိုယ်မွေ့ရာပေါ်လှဲချလိုက်တဲ့အချိန် ကိုယ့်ကျောရိုးအနေအထားဘယ်လိုရှိလဲဆိုတာကို အမှန်အတိုင်းသိဖို့လိုပါတယ်။ ကျောရိုးကို အလိုက်သင့်ရှိနေစေမှသာ အသင့်တော်ဆုံးမွေ့ရာဖြစ်မှာပါ။

Warranty ရှိပါစေ

ဈေးကြီးပေးဝယ်ရတဲ့ မွေ့ရာအတွက် အာမခံချက်ရှိရပါမယ်။ ဒါကြောင့် Warranty ကောင်းကောင်းပေးနိုင်တဲ့ တံဆိပ်ကိုရွေးဖို့တော့လိုပါလိမ့်မယ်။

အခရာပရိသတ်ကြီးလည်း အိပ်ရေးဝဝအိပ်စက်နိုင်ပြီး ကျန်းမာလန်းဖြာကြပါစေ။

ဂျုဂျူး(အခရာ)

www.akhayar.com