ပူပြင်းစူးရှလွန်းတဲ့နေရောင်ကို အန်တုဖို့နေကာမျက်မှန်တွေက မဖြစ်မနေလိုအပ်လာပါပြီ။ နေကာမျက်မှန်က မျက်စိကျန်းမာရေးအတွက်သာမက ဖက်ရှင်အသုံးအဆောင်ပစ္စည်းတစ်ခုလည်းဖြစ်တာမို့ ကိုယ့်မျက်နှာကျနဲ့ လိုက်ဖက်တဲ့ပုံစံကို ရွေးတတ်ဖို့လည်း လိုပြန်ပါသေးတယ်။ ဒါကြောင့် ဒီနွေမှာ ဘယ်လိုနေကာမျက်မှန်မျိုးနဲ့ လန်းမလဲဆိုတာ ဖတ်ကြည့်ပါဦး။

အသဲပုံမျက်နှာ

ကိုယ်က မျက်နှာဝိုင်းသလိုလိုနဲ့ မေးချွန်သွားတဲ့ အသည်းပုံမျက်နှာကျဆိုရင် Retro Square ၊ Cat Eye ၊ Sport စတဲ့ဒီဇိုင်းမျိုးတွေနဲ့ လိုက်ဖက်ပါတယ်။

မျက်နှာဝိုင်း

ပါးရိုးနေရာမှာ မျက်နှာကကြီးပြီး နဖူးနဲ့မေးစေ့ အနည်းငယ်သွယ်သယောင်ရှိတဲ့ သူတွေဆိုရင်တော့ Retro Square ၊ Square နဲ့ Cat Eye ပုံစံတွေနဲ့လိုက်ဖက်ပါတယ်။

ဘဲဥပုံမျက်နှာ

ဘဲဥပုံမျက်နှာတွေက မျက်နှာလုံးပြီးရှည်ပါတယ်။ ဒီလိုမျက်နှာကျမျိုးတွေက မျက်မှန်သေးလွန်းတာမျိုး ကြီးလွန်းတာမျိုးနဲ့ မလိုက်ဖက်ပါဘူး။ မျက်မှန်ဝယ်မယ်ဆိုရင် Retro Square ၊ Aviator ၊ Oversized စတဲ့ဒီဇိုင်းတွေနဲ့ လိုက်ဖက်ပါတယ်။

လေးထောင့်ပုံမျက်နှာ

လေးထောင့်ကျကျ မျက်နှာပိုင်ရှင်တွေဟာ နဖူးကျယ် ၊ ပါးရိုးကျယ် ၊ မေးရိုးကားသူတွေဖြစ်တာကြောင့် ဒီလိုအချိုးအစားကို ဖြည်ပေးမယ့်မျက်မှန်ဒီဇိုင်းမျိုးကို ရှာရပါမယ်။ ဘေးလိုင်းထူတာတွေ ၊ အစွန်းချွန်နေတာမျိုးတွေ မရွေးသင့်ပါဘူး။ ရွေးသင့်တာတွေကတော့ Round ၊ Aviator ၊ Shield စတဲ့ ဒီဇိုင်းတွေပဲဖြစ်ပါတယ်။

နောက်ထပ်သတိပြုသင့်တဲ့ အချက်တွေကတော့…

(၁) နေကာမျက်မှန်ကို ၁၀၀% UV Protection ဖြစ်မှဝယ်ပါ။

(၂) မျက်မှန်က ကြီးလေ ပိုစမတ်ကျလေပါပဲ။

(၃) အရောင်ရင့်တဲ့နေကာမျက်မှန်တွေက UV Rays ကိုပိုပြီးကာကွယ်ပေးနိုင်တယ်ဆိုတာ အယူအဆမှားပါ။

(၄) နေကာမျက်မှန်တွေရဲ့ မှန်အရောင်အမျိုးမျိုးက ထူးထူးခြားခြား အကျိုးအာနိသင်ကွာတာမျိုးမရှိဘဲ  အရာဝတ္ထုတွေကို အရောင်ကွဲပြားမြင်ရရုံသာ ဖြစ်ပါတယ်။

(၅) နေကာမျက်မှန်က ဈေးကြီးလွန်းမှကောင်းတယ်ဆိုတာမျိုး မဟုတ်ပါဘူး။ သင့်တင့်တဲ့ ဈေးနှုန်းနဲ့ နေရောင်ဒဏ်ကောင်းကောင်းကာကွယ်ပေးနိုင်ရင် သုံးသင့်ပါတယ်။

ဂျူဂျူး(အခရာ)

www.akhayar.com