“ပျားရည်အစစ်လေး ဝယ်သွားပါဦး… စစ်လိုက်တာမှ စစ် စစ် နဲ့တောင်မြည်သေးနော်” လို့ပြောဆိုရောင်းချကြပေမယ့် သာမန်လူတစ်ယောက်အဖို့ ပျားရည်စစ်မစစ်ဆိုတာကို  ဘယ်လိုသိနိုင်ပါ့မလဲ။ ပျားရည်အစစ်ဆိုပြီး ဝယ်လိုက်ကာမှ ပျားရည်အတုနဲ့တိုးရင် ကျန်းမာရေးအတွက် ကောင်းကျိုးမပေး ဆိုးကျိုးသာဖြစ်စေပြန်ပါသေးတယ်။

ပျားရည်ကို လူသားတွေအသုံးပြုခဲ့တာက နှစ်ပေါင်း ၂၇၀၀ ကျော်လာခဲ့ပါပြီ။ ပျားရည်က ပျားအမျိုးအစားနဲ့နေရာဒေသပေါ်မူတည်ပြီး အမျိုးအစားတွေအများကြီး ကွဲပြားနိုင်ပါသေးတယ်။ ပျားအုံကရတဲ့ ပျားရည်စစ်စစ် Raw Honey နဲ့ ဈေးကွက်မှာအလွယ်တကူရနိုင်တဲ့ Processed Commercial Honey ဆိုပြီးရှိပါတယ်။

ဒါကြောင့် သကာရည်ရောထားတဲ့ပျားရည်လား တကယ့်ပျားရည်လား သိနိုင်ဖို့ဒီလိုနည်းနဲ့ စမ်းသပ်ပါ။

လက်မဖြင့်စမ်းသပ်နည်း

လက်မပေါ်ကို ပျားရည်လေးတင်ကြည့်ပါ။ ပျားရည်ကလွယ်လွယ်လေး လက်မပေါ်ကနေလျှောဆင်းနိုင်တယ်ဆိုရင် သင်အတုမိထားပါပြီ။ ပျားရည်အစစ်က နေရာမရွေ့လက်မပေါ်တင်နေနိုင်တာမျိုးပါ။

ရေဖြင့်စမ်းသပ်နည်း

ရေတစ်ဖန်ခွက်ယူပါ။ ပျားရည်ကိုဇွန်းလေးနဲ့ကလော်ပြီး ရေထဲနှစ်ကြည့်ပါ။ လွယ်လွယ်ကူကူပျော်ဝင်သွားတယ်ဆိုရင် အတုပါ။ ပျားရည်အစစ်က ရေထဲမှာအလွယ်တကူမပျော်ဝင်ဘဲ ဖန်ခွက်အောက်ခြေနားလေးမှာ ရှိနေတာတွေ့ရမှာပါ။

ပျားရည်အသုံးဝင်ပုံ

ပျားရည်ကို သွားနာသွားကိုက် ၊ လည်ချောင်းနာ ၊ အာသီးရောင် ၊ အမူးလွန် ၊ အိပ်မပျော်တဲ့အခါတွေမှာ သုံးနိုင်သလို ခွန်အားရှိစေဖို့လည်း တစ်နေ့တစ်ဇွန်းစားပေးနိုင်ပါတယ်။ အချိုရှောင်ရတဲ့ ဆီးချိုသမားတွေတောင်မှ ပျားရည်ကို အနည်းငယ်စားနိုင်ပါတယ်။ အရေပြားအလှအပအတွက်လည်းပျားရည်ကို အမျိုးမျိုးအဖုံဖုံအသုံးပြုကြတာကိုတွေ့ရမှာပါ။

ဂျူဂျူး(အခရာ)

www.akhayar.com