တွေ့လျှင်တွေ့ခြင်း မေတ္တာရှိစေသောနည်း

မြန်မာစကားတွင် တစ်ဦးမေတ္တာ၊ တစ်ဦးစေတနာဆိုသည့် စကားရှိသည်။ ကိုယ်မေတ္တာရှိသည့်လူကို ပိုပြီးတော့ စေတနာရှိကြသလို ကိုယ့်အပေါ်မေတ္တာထားတဲ့သူဆို ပိုပြီးဦးစားပေးလေ့ရှိတတ်သည်။ ။ လူတစ်ယောက်က ကိုယ့်ကို တွေ့လျှင်တွေ့ခြင်း မေတ္တာရှိအောင် လုပ်နိုင်ရန် မလွယ်ကူဟု ထင်ကောင်းထင်နိုင်သည်။

နည်းလမ်းကိုမပြောခင် အရင်ဆုံး ကျွန်တော်မေးခွန်းထုတ်ကြည့်မည်။ ရုပ်တည်တည်ကြီးနေသောသူနှင့် ပြုံးရွှင်ရွှင်ရှိသောသူ မည်သူကို ကျွန်တော်တို့ပို၍နှစ်သက်မည်ဟု ထင်ပါသနည်း။ ပြုံးရွှင်နေသောသူကို ကျွန်တော်တို့ ပို၍နှစ်သက်မည်သာဖြစ်သည်။ လူ့သဘောသည် ပြုံးပြုံးရွှင်ရွှင်ဖြင့် ပျော်ပျော်နေရသည်ကို သဘောကျကြသည် မဟုတ်ပါလား။

တွေ့လျှင်တွေ့ခြင်းမေတ္တာရှိလာမည်ဟုဆိုခြင်းမှာ မိမိကိုချစ်ကြိုက်လာမည်ဟု ပြောခြင်းမဟုတ်ပါ။ တစ်ဖက်သား ဆီမှ မေတ္တာဓါတ်ကို ရရှိလာမည်ဟု ဆိုလိုခြင်းဖြစ်သည်။ မိမိကို တွေ့လျှင်တွေ့ခြင်းမေတ္တာရှိစေလိုလျှင် “ပြုံးပါ”။

သာမန်ရိုးကျနှုတ်ဆက်သည့်အချိန်မျိုးတွင်ပင် အပြုံးကိုထည့်သွင်း၍ နှုတ်ဆက်ခြင်းသည် တစ်ဖက်သား၏ စိတ်ကို အလွန်အမင်းငြိမ်းချမ်းစေသည်။ ကျွန်တော်တို့ကို ပြုံးပြုံးရွှင်ရွှင်နှုတ်ဆက်လျှင် နှစ်သက်ကဲ့သို့ ဖြစ်သည်။ တစ်ယောက်နဲ့တစ်ယောက်နှုတ်ခွန်းဆက်သည့်အချိန်မျိုးတွင် အပြုံးလေးပါထည့်သွင်း၍ စကားကိုဆိုပါ။ ကျေးဇူးတင်စကားပြောသည့်အချိန်မျိုးတွင်လည်း စိတ်ရောကိုယ်ပါ ပြုံး၍ပြောကြည့်ပါ။ ကိုယ့်ရဲ့ပတ်ဝန်းကျင်က လူအများအပြား၏ နှစ်ခြိုက်သဘောကျမှုကို မလွဲမသွေ ရရှိမည်ဖြစ်မှာ အသေအချာဖြစ်သည်။

မျက်နှာရှစ်ခေါက်ချိုးနှင့်ဈေးရောင်းသော အဒေါ်ကြီး၏ဆိုင်ထက် ပြုံးရွှင်ပျူငှာသောဦးလေးကြီးဆိုင်မှာ ကျွန်တော်တို့ ပိုပြီးဈေးဝယ်ဖြစ်သလိုမျိုးနှင့် အလားသဏ္ဍာန်တူသည်။ တစ်ဖက်သား၏မေတ္တာဓါတ်ရဖို့ဆိုလျှင် အဝတ်အစားထက် မျက်နှာထားကပိုအရေးကြီးသည်။ ပြုံးပြခြင်းသည် အပြောလွယ်သလောက် အလုပ်တော်တော်ခက်သည်။ အပြုံးမတတ်သောသူများလည်း အများအပြားရှိသေးသည်။

ပြုံးနည်းကလည်း အများကြီး

တချို့က သွားလေးပေါ်ရုံပြုံးတတ်သည်။ တချို့က နှုတ်ခမ်းကိုစေ့ပြီး ပါးလေးတွန့်ရုံပြုံးသည်။ မည်သို့ပင်ဆိုဆို အပြုံးသည် အသက်ပါဖို့လိုသည်။ အချိန်နှင့်နေရာမမှားဖို့လည်းလိုသည်။ ဘာလို့လဲဆိုတော့ အပြုံးတွင် သရော်ပြုံးဆိုသည့်အရာ ရှိသကဲ့သို့ မဲ့ပြုံးဆိုသည်လည်းရှိသည်။ နောက်ပြီး ငါးခူပြုံးဆိုတာလည်းရှိသေးသည်။ တစ်ဖက်သား ဒုက္ခရောက်နေသည့်အချိန်တွင် သွားပြုံးပြလျှင် လှောင်သလိုဖြစ်နိုင်သည်။ ဒေါက်မြင့်ဖိနပ်နှင့်ချော်လဲသော မိန်းကလေးကို စပ်ဖြီးဖြီးနှင့်ပြုံးပြခြင်းသည် လှောင်သလို၊ သရော်သလို ဖြစ်သွားနိုင်သည်။ သရော်ပြုံး ပြုံးခြင်းသည် မေတ္တာဓါတ်ထက် အမုန်းဓါတ်ကိုပိုပြီးရနိုင်ချေများသည်။ မဲ့ပြုံး ပြုံးတတ်ခြင်းကတော့ ကိုယ့်အတွက် ထွက်ပေါက်ဖြစ်နိုင်သည်။ ငိုရခက်၊ ရယ်ရခက်ဆိုတဲ့ အခြေအနေမျိုးမှာ မဲ့ပြုံးလေးကအကောင်းဆုံးဖြစ်သည်။ ကိုယ့်ခန့်မှန်းချက်မှန်တာမျိုးပဲဖြစ်ဖြစ်၊ တစ်ခုခုအောင်မြင်တဲ့အချိန်မျိုးပဲဖြစ်ဖြစ် ကျွန်တော်တို့ ငါးခူပြုံးပြုံးပြီး မိန့်မိန့်ကြီးနေတတ်ကြသည်။

တကယ်တော့ အပြုံးတွင် မျက်နှာထားက အရေးအကြီးဆုံးဖြစ်သည်။ မျက်နှာထားပေါ်မူတည်၍ အပြုံးသည် အဓိပ္ပာယ်အများကြီးပြောင်းလဲသွားသည်။ ကိုယ့်နှစ်သက်သူက ရည်းစားစကားလာပြောရင်တော့ မိန်းကလေးတွေ ရှက်ပြုံးလေးပြုံးတတ်ကြသည်။

Ref: မိတ္ထဗလဋီကာ (ဦးနု)

မင်းသုခ (အခရာ)

(www.akhayar.com)