သူအရပ်နဲ့သူဇာတ်ဆိုပြီး ပြောကြတာမျိုးရှိကြတဲ့အတိုင်း တရုတ်နိုင်ငံမှာဆို သူများအိမ်ကိုအလည်လာတဲ့ ဧည့်သည်တွေက အိမ်ရှင်တွေကို ဓားလက်ဆောင်ပေးတာမျိုး လုပ်တာဟာ သံယောဇဉ်၊ဆက်ဆံရေးတွေကို ဖြတ်တောက်တာနဲ့ တူလို့ မပေးတတ်ကြသလို တခြားနိုင်ငံတွေမှာဆိုရင်လည်း ကိုယ်မသိဘဲ လုပ်လိုက်တဲ့ အပြုအမူတွေက ရိုင်းစိုင်းတဲ့ အပြုအမူမျိုး ဖြစ်သွားတတ်တာကြောင့် ဘယ်လိုအပြုအမူတွေကိုဆို ဘယ်နိုင်ငံမှာ မယဉ်ကျေးဘူးလို့ လက်ခံထားလဲဆိုတာကို သိစေဖို့ မျှဝေပေးချင်ပါတယ်။ ပွင့်လင်းလာတဲ့ ခေတ်ကြီးထဲမှာ ဘယ်ချိန်နိုင်ငံခြားသွားရတာမျိုး ဖြစ်လာမလဲဆိုတာ မသိနိုင်တော့ ကြိုတင်လေ့လာထားရင် အလိုက်ကန်ဆိုးမသိတဲ့သူမျိုး မဖြစ်တော့ဘူးပေါ့။ ကဲ…..ကြည့်လိုက်ကြရအောင်။

စားပြီးသားတူကို ပန်းကန်ထဲမှာ စိုက်မထားပါနဲ့

စားပွဲသောက်ပွဲရှိလို့ ဂျပန်တွေနဲ့စားသောက်ဖြစ်ရင် ကိုယ်စားထားတဲ့တူကို ပန်းကန်ထဲမှာ ပြန်စိုက်ထားတာမျိုး လုံးဝမလုပ်ပါနဲ့ ။ ဂျပန်တွေအတွက်တော့ စားပြီးသားတူကို ပန်းကန်ထဲမှာ ထောင့်လိုက်စိုက်ထားတာက သေတဲ့သူကို ပူဇော်ပသတဲ့အချိန်မှာ လုပ်တဲ့ အပြုအမူမျိုးနဲ့ ဆင်တူတဲ့အတွက် သူတို့နဲ့ အတူစားသောက်တဲ့အခါ ဒီအပြုအမူမျိုးကို လုံးဝမလုပ်မိဖို့ Beyond Etiquette ရဲ့ တည်ထောင်သူလည်းဖြစ်သူ၊ ဒါရိုက်တာလည်းဖြစ်သူက ပြောကြားထားပါတယ်။ အဲဒီအစား ကိုယ်စားနေလို့မပြီးသေးရင် တူကို ပန်းကန်လုံးအပေါ်မှာ အလျားလိုက်တင်ထားတာမျိုး၊ ပန်းကန်လုံးဘေးမှာ တူထားဖို့ ထောက်တိုင်လေး ထားထားပေးရင် အဲဒီနေရာမှာ ထားတာမျိုး လုပ်လို့ရပါတယ်။ အခုချိန်ကလည်း ဂျပန်တွေက မြန်မာနိုင်ငံမှာလာပြီး စီးပွားရေးတွေလုပ်နေကြပြီးဆိုတော့ သူတို့နဲ့ စားသောက်ဖြစ်ရင် အဲဒီအချက်လေးကို သတိထားလိုက်ကြဦးနော်။

Vietnam က အိမ်ထဲမဝင်ခင် ဖိနပ်ကိုအဝမှာချွတ်ပါ

ဒီဓလေ့ထုံးစံကတော့ အများကြီး ရှင်းပြစရာမလိုလောက်ဘူးလို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံက ဓလေ့ထုံးတမ်းနဲ့လည်း သိပ်မကွာဘဲ ခပ်ဆင်ဆင်ရှိတဲ့ အတွက်ကြောင့်ပါ။ လူသားတွေရဲ့အမူအကျင့်တွေကို လေ့လာတဲ့ကျွမ်းကျင်သူတွေနဲ့ စိတ်ပညာရှင်တွေ ပြောကြားတာကတော့ အာရှနိုင်ငံတော်တော်များများကို ဧည့်သည်အဖြစ်နဲ့သွားလည်မယ်ဆိုရင် သူတို့အိမ်ထဲကိုမဝင်ခင် ဖိနပ်တွေကိုချွတ်ပြီးမှာ ဝင်ဖို့ အကြံပေးထားပါတယ်။ ညအိပ်သွားတည်းခိုဖြစ်ရင်တောင် လေးစားမှုကိုပြတဲ့အနေနဲ့ ဖိနပ်ကို အပြင်မှာထားပြီးပဲ အိပ်ပါနော်။ ခြေထောက်ကိုလည်း သန့်သန့်ရှင်းရှင်းလေးထားပြီးမှ အိပ်ရာထဲကို ဝင်အိပ်တာမျိုးလုပ်ကာ ယဉ်ကျေးမှုရှိတဲ့သူအဖြစ်နဲ့ အသိမှတ်ပြုခံရတာမျိုး ဖြစ်အောင် နေထိုင်ကြည့်လိုက်ပါနော်။

ှ့Shoes

Saudi Arabia ကို သွားလည်ရင် ဝတ်စားဆင်ယင်မှုကို သတိထားပါ

ဘယ်နိုင်ငံကိုပဲ သွားလည် သွားလည် ကိုယ်အဆင်ပြေတာ၊ သက်တောင့်သက်သာရှိတာကို ဝတ်စားဆင်ယင်လို့ ရမယ်လို့ ထင်ခဲ့ပါလိမ့်မယ်။ ဝတ်စားဆင်ယင်မှုကို နိုင်ငံတစ်နိုင်ငံရဲ့ စည်းမျဉ်းတစ်ခုအဖြစ်နဲ့ သတ်မှတ်ထားတာမျိုး၊ လိုက်နာရတာမျိုး ရှိမှာ မဟုတ်ဘူးလို့ ထင်ကောင်းထင်ခဲ့မိကြပါလိမ့်မယ်။ Saudi Arabia က တချို့နေရာတွေ (ဥပမာ – ဗလီလို နေရာမျိုး)တွေကို သွားလည်မယ်ဆိုရင်တော့ ရာသီဥတု ဘယ်လောက်ပဲ ပူပြင်းနေပါစေ အမျိုးသမီးတွေအနေနဲ့ ခေါင်းစည်းပတ်ရပြီး ဝတ်စုံအရှည်ကြီးတွေ ဝတ်သွားမှာ ဝင်ခွင့်ရမှာ ဖြစ်ပါတယ်။ မြင်သာအောင် ပြောရမယ်ဆိုရင်တော့ ကိုယ်တွေနိုင်ငံမှာ ဘုရားပေါ်တက်ရင် ဖိနပ်ချွတ်ရသလို၊ ထမီဝတ်၊ ပုဆိုးဝတ်ပြီးမှ တက်လို့ရသလိုမျိုးပေါ့။ ကိုယ်တွေနိုင်ငံ လာလည်တဲ့သူတွေကို ကိုယ်တွေထုတ်တဲ့ စည်းမျဉ်းကို လိုက်နာစေချင်ရင် ကိုယ်တွေကလည်း သူများနိုင်ငံ သွားလည်ရင် သူများစည်းကမ်းတွေကိုလည်း လိုက်နာနိုင်အောင် ကြိုးစားပါနော်။

Greece မှာ စားသောက်မယ်ဆို ပန်းကန်ပြားပေါ်မှာ ဘာမှမကျန်အောင် စားပါ

Greece မှာ အိမ်ရှင်က အစားအသောက်တွေချကျွေးရင် ပန်းကန်ပြားပေါ်မှာ ဘာအစားအသောက်မှ မကျန်အောင် စားသောက်ပေးပါ။ ဘာကြောင့်လဲဆိုတော့ အစားအသောက်တွေ ကျန်ခဲ့တာဟာ အိမ်ရှင်တွေကို စော်ကားတာနဲ့ တူလို့ပါ။ အစားအသောက်တွေ ကျန်ခဲ့တာကိုကြည့်ပြီး အိမ်ရှင်တွေအနေနဲ့လည်း သူတို့ချကျွေးတာက အရသာမရှိလို့လားဆိုပြီး တွေးကာ စိတ်မကောင်းဖြစ်တတ်တဲ့ အတွက်ကြောင့်ပါ။ အဲလိုစိတ်မကောင်းဖြစ်မှာစိုးလို့ အလွန်အကျွံစားရတာမျိုးနဲ့ မကြိုက်တာကို စားရတာမျိုး မဖြစ်ချင်ရင် ထည့်ပေးမယ်သူကို သိပ်မစားနိုင်လို့ နည်းနည်းပဲထည့်ပေးပါလို့ ပြောတာမျိုး (သို့) ကိုယ့်ဘာသာယူစားရင်လည်း ကိုယ်စားနိုင်မယ့် ပမာဏလောက်ပဲ ယူတာမျိုး လုပ်ပါ။ စားလို့ကောင်းလို့ နောက်တစ်ကြိမ် ထပ်ယူဖြစ်ခဲ့ရင် အိမ်ရှင်တွေက ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားတာကို တွေ့ရပါလိမ့်မယ်။

Plate

ထိုင်းမှာ လက်ဆွဲနှုတ်ဆက်ရမယ့်အစား လက်အုပ်ချီပြီး နှုတ်ဆက်ပါတယ်

ထိုင်းမှာ နှုတ်ဆက်ရမယ့် အခြေအနေကြုံလာရင် လက်ဆွဲနှုတ်ဆက်သလိုမျိုး လက်ကိုလှုပ်ရမ်းပြီး နှုတ်ဆက်တာက အနေအထိုင်အပြောအဆိုမတတ်တဲ့သူလိုမျိုး ဖြစ်သွားစေနိုင်ပါတယ်။ တစ်စုံတစ်ရာနဲ့ တွေ့ဆုံလို့ နှုတ်ဆက်ရမယ်ဆိုရင် လက်ဆွဲနှုတ်ဆက်ဖို့ လက်ကို ကမ်းပေးမယ့်အစား လက်နှစ်ဖက်ကို ရင်ဘတ်နားကပ်ပြီး နှုတ်ဆက်တာမျိုးလုပ်တာ
ကမှ သူတို့အတွက် ယဉ်ကျေးတာပါ။

Russia တွေအတွက် နေကြာပန်းစည်းက လာဘ်မကောင်းစေပါဘူးတဲ့

Russia မှာ အလုပ်လုပ်နေထိုင်ရင်း Russia သူတွေကို ချစ်ကြိုက်မိသွားလို့ ချစ်ရေးဆိုဖို့ ပန်းစည်းပေးမယ်ဆိုရင် နေကြာပန်းစည်းကို လုံးဝမပေးပါနဲ့နော်။ Russia တွေအတွက် အဝါရောင် နေကြာပန်းစည်းပေးတာက အမုန်းတွေနဲ့ စိတ်အနှောင့်အယှက်တွေကို ကိုယ်စားပြုပြီး ပေးတာနဲ့ တူလို့ လုံးဝမပေးမိစေပါနဲ့နော်။ Russia တွေအတွက် အဝါရောင် ပန်းပွင့်တွေဟာ အသုဘမှာသုံးတဲ့ ပန်းတွေဖြစ်လို့ လာဘ်မကောင်းဘူးလို့လည်း ယူဆကြပါသေးတယ်။ သူတို့ဟာ ပန်းတွေကို လက်ဆောင်အဖြစ်နဲ့ ပေးရင်လည်း မဂဏန်းပဲ ပေးကြပြီး စုံဂဏန်း ဘယ်တော့မှ မပေးကြပါဘူး။ ကဲ Russia မှာ သူများအိမ်သွားလည်လို့ ပန်းယူသွား ပေးမယ်ဆိုရင် အဝါရောင်ပန်းမပေးဖို့နဲ့ စုံဂဏန်းမပေးမိဖို့ သတိပြုပါနော်။

sunflowers

Morocco ကိုသွားလည်မယ်ဆိုရင် ဒူးနဲ့ပခုံးကို လုံခြုံအောင်ဝတ်ဖို့ လိုအပ်ပါတယ်

ရိုးရိုးယဉ်ယဉ်ဝတ်ဆင်ရတာက ဘာသာရေးပြဿနာကြောင့်လို့ တော်တော်များများ တွေးတတ်ကြပေမယ့် အမှန်ကတော့ လေးစားမှုကို ပြတဲ့အတွက်ကြောင့် ဝတ်ဆင်တတ်ကြတာပါ။ ယဉ်ကျေးသိမ်မွေ့မှုကို ဖော်ဆောင်တဲ့ Morocco နိုင်ငံကတော့ ရိုးရိုးယဉ်ယဉ်ဝတ်ဆင်မှုကို အားပေးတဲ့နိုင်ငံ ဖြစ်ပါတယ်။ သူတို့နိုင်ငံက ယောကျာ်းလေးတွေရော၊ မိန်းကလေးတွေရောက အများအားဖြင့် ဒူးခေါင်းတွေနဲ့ ပခုံးတွေကို ဖုံးအုပ်ထားပြီး ဝတ်ဆင်ကြလေ့ရှိပါတယ်။

Morocco

အပြေးဘောင်းဘီလို ဘောင်းဘီတိုတွေ၊ အကျီင်္လက်ပြတ်တွေ၊ ကမ်းခြေဝတ်ပေါ့ပေါ့ပါးပါးအဝတ်အစားတွေကို အားကစားလုပ်တဲ့ အချိန်နဲ့ ကမ်းခြေသွားတဲ့ အချိန်မှာပဲ ဝတ်ကြပြီး ကျန်တဲ့အချိန်တွေမှာ အဲ့လိုအဝတ်အစားမျိုးတွေကို အတွင်းခံအနေနဲ့သာ ဝတ်ဆင်တတ်ကြပါတယ်။

H.H(Akhayar)

www.akhayar.com