စပိန်မှာ လာမာစီယာ အကယ်ဒမီဆိုတာ ကမ္ဘာ့အဆင့်ကစားသမားတွေကို မွေးထုတ်ပေးရာ နေရာတစ်ခုဖြစ်သလို အင်္ဂလန်မှာဆိုရင်လည်း ဆောက်သမ်တန်အသင်းရဲ့ အကယ်ဒမီကို နံပါတ်(၁)နေရာ ထားရမှာပါ။ ပြီးခဲ့တဲ့နှစ်တွေအတွင်း ဆောက်သမ်တန်အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကစားသမား အများစုဟာ လက်ရှိအချိန်မှာ ကမ္ဘာ့အဆင့် ကစားသမားတွေဖြစ်နေကြပါပြီ။ ဒါပေမဲ့ မော်ဒန်ဘောလုံးလောကရဲ့ ထုံးစံအတိုင်း အသင်းကြီးတွေရဲ့ ငွေကြေးအင်အားကို မလွန်ဆန်နိုင်ခဲ့တဲ့အတွက် သူတို့ရဲ့ လူငယ် ကြယ်ပွင့်ကစားသမားတွေရော၊ အမာခံကစားသမားတွေကို တစ်ယောက်ပြီးတစ်ယောက် ထုတ်ရောင်းရာကနေ အခုဆိုရင် ဆောက်သမ်တန်အသင်း အနေအထားက ဘယ်လိုဖြစ်နေပြီလဲဆိုတာ ပရိသတ်တွေ အသိပါပဲ။

southampton-youth-academy

southampton-youth-academy

ပြီးခဲ့တဲ့ (၄)နှစ်အတွင်း ဆောက်သမ်တန်အသင်းဟာ လီဗာပူးလ်တစ်သင်းတည်းကို ရောင်းချခဲ့တဲ့ ကစားသမားအရေအတွက်က (၆)ဦးအထိရှိပြီး အဲဒီအတွက် ပေါင်(၁၇၁.၅)သန်းအထိ ရရှိခဲ့တယ်။ ငွေကြေးအမြတ်အစွန်း ရတာထက် ကစားသမားကောင်းတွေ လက်လွှတ်ခဲ့ရတဲ့ဒဏ်က ပိုဆုံးရှုံးမှုကြီးမားခဲ့ပြီး အခုအချိန်အထိ နာလန်မထူနိုင်သေးဘူး။ ဆောက်သမ်တန်အသင်း လက်လွှတ်ခဲ့ရတဲ့ ကမ္ဘာ့အဆင့်ကစားသမားတွေကို ကြည့်လိုက်ရအောင် . . .

Theo Walcott

Theo-Walcott

Theo-Walcott

ဆယ်ကျော်အသက်အရွယ်ကတည်းက ထင်ရှားခဲ့သူ၊ ၂၀၀၆ ကမ္ဘာ့ဖလားမှာ အင်္ဂလန်အသင်းအတွက် ရွေးချယ်ခံခဲ့ရတဲ့အထိ ကျော်ကြားခဲ့တဲ့ ဝေါလ်ကော့ Theo Walcott ဟာလည်း ဆောက်သမ်တန်အသင်းအတွက် နစ်နာတဲ့ ဆုံးရှုံးမှုတစ်ခုပါပဲ။ မိုက်ကယ်အိုဝင် Michael Owen အသေးစားအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ဝေါလ်ကော့ဟာ ၂၀၀၆ ခုနှစ်မှာ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ခဲ့ပြီး ထိုက်သင့်တဲ့ အောင်မြင်မှုတွေလည်း ရယူနိုင်ခဲ့တယ်။

Luke Shaw

Luke-Shaw

Luke-Shaw

ဆောက်သမ်တန်အကယ်ဒမီကို အသက်(၈)နှစ်အရွယ်ကတည်းက ရောက်ရှိခဲ့တဲ့ လုခ်ရှော Luke Shaw ဟာ အခုဆိုရင် မန်ယူအသင်း ဘယ်နောက်ခံတစ်နေရာကို အပိုင်စားရထားသူပါ။ အသက်(၁၈)နှစ်အရွယ်ကတည်းက PFA လူငယ်အကောင်းဆုံးဆု (၂၀၁၃-၁၄)ကို ဆွတ်ခူးခဲ့ပြီး PFA အကောင်းဆုံးအသင်း (၂၀၁၃-၁၄)မှာလည်း ပါဝင်ခဲ့တဲ့ လုခ်ရှောကို ၂၀၁၄မှာ ဆောက်သမ်တန်တို့ မန်ယူအသင်းဆီ လက်လွှတ်ခဲ့ရတယ်။

Virgil van Dijk

Virgil-van-Dijk

Virgil-van-Dijk

လက်ရှိ ကမ္ဘာ့ဈေးအကြီးဆုံးနောက်ခံလူ ဗန်ဒိုက် Virgil van Dijk ဟာ ဆောက်သမ်တန်အကယ်ဒမီထွက် ကစားသမား မဟုတ်ပေမယ့်လည်း ဆောက်သမ်တန်အသင်းရောက်မှာ ထင်ရှားလာသူလို့ပြောရင် မမှားပါဘူး။ ၂၀၁၅ နွေရာသီကာလမှာ ဆဲလ်တစ်အသင်းကနေ ပေါင်(၁၃)သန်းနဲ့ ရောက်ရှိခဲ့တဲ့ ဗန်ဒိုက်ဟာ ဆောက်သမ်တန်အသင်း ခံစစ်မှာ အဓိက ကစားသမားဖြစ်လာခဲ့ပြီး ၂၀၁၅-၁၆ ရာသီ ဆောက်သမ်တန်အသင်းရဲ့ Player of the Season ဆုကိုပါ ဆွတ်ခူးခဲ့တယ်။ ၂၀၁၈ နှစ်အစပိုင်းမှာ လီဗာပူးလ်အသင်းက ဗန်ဒိုက်ကို နောက်ခံလူတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင်(၇၅)သန်းနဲ့ ခေါ်ယူခဲ့လို့ ဆောက်သမ်တန်အသင်း ငွေကြေးအမြတ်အစွန်းရခဲ့ပေမယ့် ဗန်ဒိုက်လို ကစားသမားမျိုးတော့ နောက်ထပ် မရတော့ပါဘူး။

Adam Lallana, Oxlade-Chamberlain

Adam-Lallana-Oxlade-Chamberlain

Adam-Lallana-Oxlade-Chamberlain

နှစ်ယောက်စလုံးက ဆောက်သမ်တန် အကယ်ဒမီထွက် ကစားသမားတွေပါ။ လယ်လာနာ Adam Lallana ဟာ အခုနောက်ပိုင်း ဒဏ်ရာပြဿနာတွေကြောင့် ရုန်းကန်နေရပေမယ့်လည်း ဆောက်သမ်တန်အသင်းမှာ ပြသခဲ့တဲ့ခြေစွမ်းအရ ထိပ်တန်းအဆင့်ရှိတဲ့ ကစားသမားတစ်ဦးဆိုတာ လက်ခံရမှာဖြစ်ပါတယ်။ နောက်ထပ် ဆုံးရှုံးမှုက ချိန်ဘာလိန် Oxlade-Chamberlain ပါပဲ။ အသက်(၇)နှစ်အရွယ်ကတည်းက ဆောက်သမ်တန် အကယ်ဒမီကို ရောက်ရှိခဲ့ပြီး ဆယ်ကျော်သက်အရွယ်မှာပဲ စီနီယာအသင်းအတွက် ပွဲထွက်ခွင့်ရခဲ့တယ်။ သူ့ရဲ့ခြေစွမ်းကို သတိထားစောင့်ကြည့်မိတဲ့ အာဆင်နယ်အသင်းက ၂၀၁၁ ခုနှစ်မှာ ပေါင်(၁၂)သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ ကြိုးကြာနီတို့ရဲ့ တပ်သားဖြစ်နေပါပြီ။

Gareth Bale, Sadio Mane
လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ဦးဖြစ်တဲ့ ဂါရတ်ဘေးလ် Gareth Bale ဟာ အသက်(၁၀)နှစ်အရွယ်မှာပဲ ဆောက်သမ်တန်အကယ်ဒမီကို ရောက်ရှိခဲ့ပြီး ၂၀၀၆ ခုနှစ်မှာ စီနီယာအသင်းအတွက် ပွဲထွက်ခွင့်ရခဲ့တယ်။ ဆယ်ကျော်သက်ဘ၀မှာတည်းက ရိုင်ယန်ဂစ် Ryan Giggs လက်သစ်လို့ တင်စားခံနေရတဲ့ ဂါရတ်ဘေးလ်ကို ၂၀၀၇ ခုနှစ်အရောက်မှာ စပါးအသင်းက ခြေမြန်လက်မြန်နဲ့ ခေါ်ယူခဲ့တယ်။ ရေကြည်ရာမြက်နုရာဆိုသလို ဆောက်သမ်တန်အသင်းကနေ ထွက်ခွာခဲ့တဲ့ ဂါရတ်ဘေးလ်အပေါ် အပြစ်မဆိုသာပေမယ့် သူ့ကို ဆုံးရှုံးလိုက်ရတဲ့ ဆောက်သမ်တန်အသင်းအတွက်တော့ ပေးဆပ်မှု ကြီးမားခဲ့တယ်လို့ ဆိုရမှာပါ။

Gareth-Bale

Gareth-Bale

မာနေး Sadio Mane ကလည်း ဗန်ဒိုက်လိုပဲ အကယ်ဒမီထွက် ကစားသမားမဟုတ်ပေမယ့် ဆောက်သမ်တန်ရောက်မှ နာမည်ကြီးလာတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ ၂၀၁၄-၁၅ ရာသီတုန်းက ဗီလာနဲ့ကစားခဲ့တဲ့ပွဲမှာ (၂)မိနစ်၊ (၅၆)စက္ကန့်အတွင်း ဟက်ထရစ်သွင်းယူခဲ့ပြီး ဒါဟာ ပရီးမီးယားလိဂ် စံချိန်ဖြစ်ခဲ့တယ်။ အခုဆိုရင် မာနေးဟာ လီဗာပူးလ်အသင်းရဲ့ အဓိက တိုက်စစ်မှူးတစ်ဦးအဖြစ် ခြေစွမ်းပြနေပါပြီ။

Sadio-Mane

Sadio-Mane

ဆောက်သမ်တန်အသင်း လက်လွှတ်ခဲ့ရတဲ့ ကစားသမားတွေကတော့ တကယ့်ကို ထိတ်ထိတ်ကြဲတွေလို့ပဲ ပြောရမယ်။ ဒီကစားသမားတွေသာ အသင်းမှာ ဆက်ရှိနေမယ်ဆိုရင် ဆောက်သမ်တန်အသင်းဟာ ပရီးမီးယားလိဂ်ဖလားကိုတောင် စိန်ခေါ်နိုင်စွမ်းရှိနေပြီလို့ ဆိုရတော့မှာပါ . . .

REF:sportskeeda
Photo:Staggie Saint,Evening Standard,The Independent,Sports Keeda,Yahoo! Sports
Naing Linn(Akhayar)
www.akhayar.com