တစ်ရေးတစ်မောအိပ်ပြီးတော့ လန်းလန်းဆန်းဆန်းလေးဖြစ်သွားတဲ့ ခံစားချက်က အရမ်းကောင်းပါတယ်။ မအိပ်ခင်ကလို ပင်ပန်းနေတာတွေ ၊ မူးဝေနေတာတွေမရှိတော့ဘဲ အားအင်တွေပြည့်နေရင် လုပ်စရာရှိတဲ့ကိစ္စတွေကို သေချာအာရုံစူးစိုက်ပြီး လုပ်နိုင်တယ်။ ပြဿနာက တစ်ရေးအိပ်တာတိုင်းက လန်းဆန်းတယ်ဆိုတဲ့ Category ထဲကို အမြဲရောက်မသွားတာပါ။ တစ်ခါတလေကျတော့ တစ်ရေးအိပ်တာအရမ်းကြာသွားလို့ နိုးလာတဲ့အခါ စိတ်ရှုပ်ထွေးသွားပြီး အစကထက်တောင်မှ ပိုပြီးပင်ပန်းနေတာတွေကြုံရတတ်တယ်။ မဟုတ်ရင်လည်း အိပ်မယ်ဆိုပြီးတော့ လှဲလိုက်ပေမယ့် မိနစ် ၂ဝ လောက်သာကုန်သွားတယ် အိပ်မရဘဲ ဆက်ပင်ပန်းနေတာပဲ အဖက်တင်နေတာမျိုးတွေ ဖြစ်တတ်တယ်။

တကယ် Perfect ဖြစ်တဲ့ တစ်ရေးအိပ်ခြင်းကို ဘယ်လိုသိအောင်လုပ်ရမလဲဆိုတဲ့မေးခွန်းကို သိပ္ပံကပဲဖြေရှင်းနိုင်တယ်လို့ မပြောချင်ပေမယ့်လည်း ပြောရတော့မယ်။ ဟုတ်တာပေါ့။ လူတိုင်းနေ့ခင်းဘက်တစ်ရေးတစ်မောအိပ်ရတာကို ကြိုက်တယ်ရယ်လို့တော့ မဟုတ်ဘူးလေ။ ဒါပေမယ့် တစ်ရေးအိပ်ရတာကို ကြိုက်တဲ့သူတွေအနေနဲ့ သိထားရမယ့်အချက်တွေထဲ ဘာတွေပါလဲဆိုတော့ –

တစ်ရေးတစ်မောအိပ်ခြင်း အမျိုးအစားများ

အစကမသိခဲ့ပေမယ့် တစ်ရေးအိပ်တယ်ဆိုတာမှာ အမျိုးအစားတွေရှိပါတယ်။

အစီအစဉ်ကြိုချပြီး တစ်ရေးအိပ်ခြင်း – ဒီလိုတစ်ရေးအိပ်တာက ပင်ပန်းတာတွေမဖြစ်သေးပဲနဲ့ ဒီအချိန်မှာအိပ်မယ်ဆိုပြီး အစီအစဉ်ကြိုဆွဲပြီး အိပ်တာမျိုးပါ။ ဥပမာ ညဖက်နောက်ကျတဲ့အထိနေရမယ့်နေ့တွေမှာ နေ့ခင်းပြန်အိပ်မယ်ဆိုပြီးစီစဉ်ထားတာမျိုးပေါ့။

အရေးပေါ်တစ်ရေးအိပ်ခြင်း – အရေးပေါ်တစ်ရေးအိပ်ခြင်းဆိုတာက အိပ်ဖို့အစီအစဉ်လုံးဝမရှိဘဲနဲ့ အရမ်းပင်ပန်းလို့ သူ့ဟာသူအိပ်ပျော်သွားတာမျိုးပါ။ ကိုယ်ရဲ့တစ်နေ့တာအချိန်ဇယားအတိုင်း အလုပ်မလုပ်နိုင်တော့ဘဲ မထိန်းနိုင်တော့လောက်အောင်ပင်ပန်းလို့ အိပ်ပျော်သွားတာမျိုး။

အကျင့်ပါနေတဲ့ တစ်ရေးအိပ်ခြင်း – ဒါကတော့ နေ့တိုင်းရဲ့ သတ်မှတ်ချိန်မှာ အမြဲတစ်ရေးအိပ်တတ်တာမျိုးပါ။ တချို့တွေဆိုရှိတယ်လေ နေ့ခင်းတစ်နာရီကနေ သုံးနာရီအထိပုံမှန်အိပ်တတ်တာမျိုးတွေပေါ့။

တစ်ရေးအိပ်တဲ့ကြာချိန်

တစ်ရေးအိပ်တဲ့အခါမှာ အိပ်တဲ့ကြာချိန်အပေါ်မူတည်ပြီးတော့ ကောင်းမွန်တဲ့သက်ရောက်မှုတွေရှိပါတယ်။

၁ဝ မိနစ် – ယုံမလားမယုံမလားတော့မသိဘူး ၊ နေ့ခင်းဘက်မှာ ၁ဝ မိနစ်လောက်လေးပဲဖြစ်ဖြစ်အိပ်လိုက်ရရင်တောင် ကိုယ်ခန္ဓာမှာပြောင်းလဲမှု အကြီးကြီးတွေဖြစ်နိုင်ပါတယ်။ ၂ဝ၁၆ ခုနှစ်တုန်းက Sleep ဂျာနယ်မှာ ထုတ်ဝေခဲ့တဲ့ သုတေသနမှာ ပညာရှင်တွေရှာတွေ့ခဲ့တာက ၁ဝ မိနစ်လောက်အိပ်လိုက်တာက ၃ နာရီစာအိပ်တာနဲ့ကိုယ်ညီတဲ့ ရုတ်တရက်နိုးကြားမှုတွေရလာနိုင်ပြီး Cognitive Performance တွေကို မြင့်တက်စေတယ်။

၂ဝ မိနစ် – The National Sleep Foundation ရဲ့ ပြောကြားချက်အရတော့ မိနစ် ၂ဝ စာ တစ်ရေးအိပ်တာက အကောင်းဆုံးတစ်ရေးတစ်မောအိပ်စက်ခြင်းဖြစ်ပါတယ်။ မိနစ် ၂ဝ အိပ်စက်ခြင်းက သင့်ရဲ့နိုးကြားမှုတွေကို မြှင့်တင်ပေးပြီး လုပ်ဆောင်နိုင်စွမ်းပိုမိုကောင်းမွန်စေတဲ့အပြင် Mood လည်းကောင်းစေပါတယ်။

၆ဝ မိနစ် – ၂ဝ၁၅ ခုနှစ်က လေ့လာချက်တစ်ခုအရတော့ နေ့ခင်းမှာ တစ်နာရီတိတိအိပ်နိုင်မယ်ဆိုရင် စိတ်လိုက်မာန်ပါလုပ်မိတာ သိပ်မဖြစ်တော့ဘဲ စိတ်အလိုမရဖြစ်တာကိုလည်း သည်းခံနိုင်ပါတယ်။ ဒါပေမယ့် နေ့ခင်းမှာ မိနစ် ၃ဝ ထပ်ပိုပြီးတော့ အိပ်တာက ညဖက်အိပ်လို့မရဖြစ်စေတယ်။

၉ဝ မိနစ် – မိနစ် ၉ဝ အိပ်တယ်ဆိုတာ သာမန်တစ်ရေးတစ်မောအိပ်တာထက် အများကြီးပိုကြာတယ်လို့ထင်ရပါတယ်။ ဒါပေမယ့် ညဖက်အိပ်ရေးတွေအရမ်းပျက်ထားလို့ နေ့ခင်းမှာဒီလိုအကြာကြီး အိပ်ဖြစ်သွားရင်တော့တစ်မျိုးပေါ့။ ဒါပေမယ့်လည်း တစ်နာရီခွဲ (မိနစ် ၉ဝ) အိပ်တာက တစ်နေ့ ၈ နာရီအိပ်တာနဲ့ ညီမျှတဲ့ Cognitive Benefits တွေကိုပေးနိုင်ပါတယ်။ ပြီးတော့ မိနစ် ၉ဝ အိပ်တာက သင့်ရဲ့တီထွင်ဖန်တီးနိုင်စွမ်းကို မြှင့်တင်ပေးနိုင်တယ်လို့ National Sleep Foundation က ပြောခဲ့ပါတယ်။

တကယ်လို့နေ့ခင်းဘက်တစ်ရေးတစ်မောအိပ်မယ်ဆိုရင် ဒီအချိန်လေးမျိုးထဲမှာမှ အကောင်းဆုံးဖြစ်မယ်ထင်တဲ့အချိန်နဲ့ ချိန်ကိုက်ပြီးတော့အိပ်ရင် ကိုယ့်အတွက်ပိုပြီးတော့ အကျိုးရှိစေမယ်လို့ ထင်ပါတယ်။

Source: Lifehacker

Piki (Akhayar)

www.akhayar.com