ပုံမှန်ဝင်ငွေငါးသိန်းရတဲ့လူတစ်ယောက်က တစ်လနှစ်သိန်းစုနိုင်မယ်ဆိုရင်တောင် မြန်မာနိုင်ငံမှာကွန်ဒို ကောင်းကောင်းတစ်ခန်းဝယ်နိုင်ဖို့ မလွယ်ကူပါဘူး။ တစ်နှစ်ကို ၂၄ သိန်း၊ ဆယ်နှစ်ဆိုသိန်း ၂၄၀၊ နှစ်တစ်ရာဆို သိန်း ၂၄၀၀ ဆိုတော့ စဉ်းစားသာကြည့်ပေါ့ဗျာ။ မြန်မာနိုင်ငံမှာလိုပဲ ကမ္ဘာမှာလည်း အိမ်ခြံမြေဈေးကြီးနေတဲ့နိုင်ငံတွေရှိပါတယ်။

လန်ဒန် (ဒါမှမဟုတ်) နယူးယောက်မြို့ကြီးမှာ အိမ်ဝယ်မှာဆိုရင် ဈေးအရမ်းများမယ်လို့ ထင်နေပါသလား။ ကမ္ဘာ့ပေါ်မှာ အိမ်ခြံမြေဈေးအများဆုံးနိုင်ငံတွေက အာရှတိုက်မှာ ရှိတာပါ။ ဟောင်ကောင်၊ မွန်ဘိုင်း၊ ဘေဂျင်း နဲ့ ရှန်ဟိုင်းမြို့တွေမှာဆိုရင် ပုံမှန်အလယ်အလတ်ဝင် ငွေရှိတဲ့သူတစ်ယောက်ဟာ စတုရန်းမီတာ ၉၀ (စတုရန်းပေ ၉၇၀) ပတ်လည်ရှိတဲ့အခန်းတစ်ခန်းဝယ်ချင်တယ်ဆိုရင် နှစ်သုံးဆယ်လောက်ငွေစုရမှာ ဖြစ်ပါတယ်။ ဒါကိုတော့ ကမ္ဘာ့နိုင်ငံအနှံ့အပြားမှာ Oxford Eonomics က ဝင်ငွေနဲ့အိမ်ခြံမြေဈေးကို အချိုးချပြီး ထုတ်ပြန်ပေးခဲ့တာဖြစ်ပါတယ်။

You May Also Like: “Brexit အကြောင်း သိကောင်းစရာ (၅) ချက်”

 

မွန်ဘိုင်း၊ ရှန်ဟိုင်း၊ ဘေဂျင်းနဲ့ ဒေလီမြို့တွေဟာ အိမ်တန်ဖိုးအလွန်အမင်းကြီးမြင့်ပေမယ့် ငှားရမ်းခကအရမ်းမများပါဘူး။ ဒါကဘာကိုပြလဲဆိုရင် အိမ်တန်ဖိုးတွေဟာဆွဲဆန့်ခြင်း ခံထားရတယ်ဆိုတာပါ။ ၂၀၁၆ခုနှစ်က ကိန်းဂဏန်းတွေကိုပြန်ကြည့်မယ်ဆိုရင် အဲ့ဒီလေးမြို့စလုံးက စုစုပေါင်းအိမ်ယာ ငှားရမ်းခငွေဟာ အစိုးရငွေတိုက်စာချုပ်ရောင်းရငွေထက်လျော့နည်းခဲ့ပါတယ်။ အခြားမြို့ကြီးတွေဖြစ်တဲ့ တိုကျို၊ ဆစ်ဒနီ၊ နယူးယောက်နဲ့ ဆိုးလ် တို့နဲ့ကွာခြားပါတယ်။ လာမယ့်နှစ်အနည်းငယ်အတွင်းမှာ အာရှတိုက်ရဲ့အိမ်ယာဈေးနှုန်းတွေက ပိုပြီးတော့ကြီးမြင့်လာနိုင်ပြီး အချို့နေရာတွေမှာတော့ ချက်ချင်းထိုးကျသွားနိုင်တယ်” ဆိုပြီးတော့ စီးပွားရေးပညာရှင် နှစ်ဦးဖြစ်တဲ့ Tianjie He နဲ့ Kuijs တို့က အစီရင်ခံစာမှာရေးသားထားပါတယ်။

မင်းသုခ (အခရာ)

(www.akhayar.com)