ကြက်နှစ်ဖွားများ နှင့် ၂၀၁၇ ခုနှစ် ကံကြမ္မာ

အားလုံးပဲ…သာကျားဟောင် ။ ဟုတ်ကဲ့။ တရုတ်ရိုးရာ ပြက္ခဒိန်အရ အခု လာမယ့် ၂၀၁၇ ခုနှစ်ရဲ့ ဇန်နဝါရီ ၂၈ ရက်နေ့က စလို့ ကြက်နှစ်စတင်မှာဖြစ်ပြီး ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက် အထိ ကြက်နှစ်အဖြစ် အကြုံးဝင်မှာ ဖြစ်ပါတယ်။ ကြက်နှစ်တွေကို ပြောပြရမယ်ဆိုရင်တော့ ၁၉၃၃, ၁၉၄၅, ၁၉၅၇, ၁၉၆၉, ၁၉၈၁, ၁၉၉၃, ၂၀၀၅, ၂၀၁၇ နဲ့လာမယ့် ၂၀၂၉ ခုနှစ်တို့ဖြစ်ပြီး ဒီနှစ်တွေမှာ မွေးဖွားသူတွေကို ကြက်နှစ်ဖွားများ လို့သတ်မှတ်တယ်ခင်ဗျ။ အခုကျနော်ရေးသွားပေးမှာကတော့ online ပေါ်မှ တရုတ်ရိုးရာ ဗေဒင် site များမှာ ရေးသားထားတဲ့ ကြက်နှစ်ဖွားတို့အတွက် ၂၀၁၇ ကံကြမ္မာ ဟောစာတမ်းပါ။ ကဲ….သင်ဟာ ကြက်နှစ်ဖွားဆိုရင် Link လေးကို နှိပ်ပြီးသာဆက်ဖတ်လိုက်ပါတော့…

 

ကြက်နှစ်ဖွားများ ၏ သဘောသဘာဝ နှင့် ပုံစံ

၂၀၁၇ အတွက် မပြောခင် ကြက်နှစ်ဖွားတွေရဲ့ သဘောသဘာဝ နှင့် ပုံစံလေးတွေအကြောင်း ပြောပြပါမယ်။ ကြက်နှစ်ဖွားတွေဟာ များသောအားဖြင့် အလုပ်ကြိုးစားသူများ၊ သတ္တိရှိပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိကြသူများဖြစ်ပါတယ်။ အများရဲ့ အလယ်မှာ အမြဲထင်း နေပြီး ကျော့မော့လှပကြသူများလည်း ဖြစ်ပါတယ်။ ရှင်းရှင်းလင်းလင်း နဲ့ ဗွင်းဗွင်းသမားများဖြစ်သလို ပြောစရာရှိရင် တုတ်ထိုးအိုးပေါက် ပြောတတ်သူများလည်း ဖြစ်ပါတယ်။ လူအများနဲ့ စုရုံး၊စုရုံး နေရတာကို နှစ်သက်ကြသူတွေဖြစ်သလို လူတွေရဲ့ အာရုံစိုက်မှုကို အထူးလိုလားသူများလည်း ဖြစ်ပါတယ်။ သူများတွေ ပြောတာကို အစအဆုံး နားထောင်ပေးတတ်ကြပြီး သူတို့ပြောတာကို လည်း အစအဆုံး နားထောင်စေလိုသူများပါတဲ့။ သူတို့ စကားပြောနေတုန်း ဖြတ်ပြောတာတို့၊ဘာတို့ လုပ်ရင် အရမ်းမုန်း ဆိုပဲ။ များသောအားဖြင့် ကျန်းမာရေး လိုက်စားကြသူတွေဖြစ်ကြပြီး ကျန်းလည်းကျန်းမာ ကြသူများ ဖြစ်ပါတယ်။ အမြဲတမ်း တက်ကြွတဲ့ ကြက်ဖ များဖြစ်သလို နယ်ပယ်စုံက အလုပ်တွေကို လည်း လုပ်နိုင်ကိုင်နိုင်သူများလည်း ဖြစ်ပါတယ်။ ကြက်နှစ်ဖွားတွေအနေနဲ့ ရွေးချယ်လုပ်ကိုင်သင့်တဲ့ အလုပ်တွေကတော့ အရောင်းအဝယ်၊ စားသောက်ဆိုင်လုပ်ငန်း၊ လူထုဆက်ဆံရေးအရာရှိ၊ စာရေးဆရာ၊ ဆရာဝန်၊ စစ်သား၊ ရဲ နဲ့ အားကစားသမား အလုပ်တွေဖြစ်ပါတယ်။ ကြက်နှစ်ဖွားများဟာ ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေတွေဖြစ်ပေမယ့် တစ်ခါတစ်လေမှာတော့ ဂုဏ်မောက်ပြောဆိုမှုလေးတွေ ရှိတတ်လို့ တစ်ခြားလူတွေ နဲ့ အခန့်မသင့် ဖြစ်တတ်ပါသတဲ့။

 

ကြက်နှစ်ဖွားများ အတွက် ၂၀၁၇ မှာ ဆောင်ရန်၊ရှောင်ရန်များ

 

ဆောင်ရန်

– ကံကောင်းစေမယ့် ဂဏန်း             – ၅ ၊ ၇ ၊ ၈

– ကံကောင်းစေမယ့် နေ့ရက်           – လတိုင်း၏ ၄ ရက် နှင့် ၂၆ ရက်

– ကံကောင်းစေမယ့် အရောင်           – ရွှေရောင် ၊ အဝါရောင် ၊ အညိုရောင်

– ကံကောင်းစေမယ့် အရပ်               – တောင်ဘက် ၊ အရှေ့တောင်ဘက်

– ကံကောင်းစေမယ့် လ                   – တရုတ်ရိုးရာ ပြက္ခဒိန် ၏ ၂လ ၊ ၅လ နှင့် ၁၁လ

 

ရှောင်ရန်

– ရှောင်ရန် အရောင်                        – အနီရောင်

– ရှောင်ရန် ဂဏန်း                          – ၁ ၊ ၃ ၊ ၉

– ရှောင်ရန် အရပ်                            – အရှေ့ဘက်

– ရှောင်ရန် လ                                – တရုတ်ရိုးရာ ပြက္ခဒိန် ၏ ၃လ ၊ ၉လ နှင့် ၁၂လ

 

ကြက်နှစ်ဖွားများ အတွက် ၂၀၁၇ စီးပွါးရေး

၂၀၁၇ မှာ ကြက်နှစ်ဖွားတွေ အတွက် စီးပွါးရေးကတော့ အသင့်အတင့် အနေအထားမှာပဲရှိပါတယ်။ ငွေအမြောက်အများ ရှာဖွေနိုင်ပေမယ့် ခါတိုင်းထက် အများကြီးပိုပင်ပန်းမယ့် နှစ်လို့ ဆိုပါတယ်။ ကံ မကောင်းအကြောင်းမလှတာလေးတွေ ရံဖာရံခါ ကြုံရမှာဖြစ်ပြီး အဲဒီလိုကြုံတဲ့အခါ စွန့်လွှတ်တန်သည်ကို စွန့်လွှတ်လိုက်သင့်တယ်လို့ ဆိုတယ်ဗျ။ စီးပွါးရေး လုပ်ငန်းရှင်တွေအတွက်ကတော့ ဒီနှစ်ဟာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ရမယ့် နှစ်မဟုတ်ပဲ ရင်းနှီးစုဆောင်းသင့်တဲ့ နှစ်ပါ။ လုပ်ငန်း ချဲ့ထွင်ဖို့ စဉ်းစားထားရင် ခဏလောက် စောင့်လိုက်ပါဦးဗျ။

 

ကြက်နှစ်ဖွားများ အတွက် ၂၀၁၇ အလုပ်အကိုင်

ဒီ နှစ်မှာ ကြက်နှစ်ဖွားတွေ ရှယ် အလုပ်များပါမယ်။ ကြက်နှစ်ဖွားတွေရဲ့ အလုပ်အကိုင် အတွက် ဒီနှစ်မှာ ကံကောင်းစေမယ့် ကြယ် နှစ်ပွင့် ရှိတယ်လို့ ဆိုပါတယ်။ Jiangxing ဆိုတဲ့ ကြယ်က ဦးစီးဦးဆောင်ပိုင်းက ကြက်နှစ်ဖွားတို့ အောင်မြင်စေဖို့ အထောက်အကူ ပြုစေပါလိမ့်မယ်။ နောက်ထပ် ကြယ် တစ်လုံးဖြစ်တဲ့ Jinkui ကတော့ တီထွင်ဖန်တီးမှု အားကောင်းတဲ့ ကြက်နှစ်ဖွားတွေကို ကူညီပါလိမ့်မယ်။ မိမိရဲ့ တီထွင်ဖန်တီးမှုကြောင့် အထက်လူကြီးတွေရဲ့ နေရာပေးခြင်းကို ခံရပါလိမ့်မယ်။ ကြက်နှစ်ဖွားတို့ ဒီနှစ်အတွက် လက်ကိုင်ထားရမယ့် ဆောင်ပုဒ်ကတော့ “နဲနဲပြော ၊ များများလုပ်” ပါတဲ့ ခမျ။

 

ကြက်နှစ်ဖွားများ အတွက် ၂၀၁၇ ကျန်းမာရေး

ကြက်နှစ်ဖွားတွေအတွက် ဒီနှစ်မှာ ကျန်းမာရေး ဂရုစိုက်သင့်တယ်လို့ ဆိုပါတယ်။ အဓိက ကတော့ သွားတဲ့ လာတဲ့ အခါတွေမှာ သတိထားပါတဲ့။ ခြေချော်တာတို့၊ ထိခိုက်မှုအသေးစားတို့ ဖြစ်နိုင်ပါသတဲ့။ ကိုယ့်ကိုယ်ကိုယ်အပြင်ကို မိသားစုဝင်တွေရဲ့ ကျန်းမာရေးကိုပါ ဂရုစိုက်ပါလို့ ဆိုပါတယ်။ ၂၀၁၇ မှာ ကြက်နှစ်ဖွားတွေအနေနဲ့ ခါတိုင်းနှစ်တွေထက် ပျင်းရိ ပြီး လုပ်ချင်ကိုင်ချင်စိတ် မရှိတာမျိုး အဖြစ်မခံနဲ့လို့လည်း ဆိုပြန်ပါတယ်။ ကျန်းမာရေးအတွက် ကံကောင်းစေဖို့ ပရဟိတ လုပ်ငန်းလေးတွေ မကြာခဏ လုပ်ပေးပါတဲ့ ခဗျ။

 

ကြက်နှစ်ဖွားများ အတွက် ၂၀၁၇ အချစ်ရေး

အခုလက်ရှိ အနေအထားအရ ချစ်သူရှိနေသူ ကြက်နှစ်ဖွားတွေအဖို့ နှစ်ရှည်လများ တွဲနေသူများရှိရင် ၂၀၁၇ က အသင့်တော်ဆုံးလို့ ဆိုပါတယ်။ ငွေကြေးမလုံလောက်တာတွေ၊ အဆင်သင့်မဖြစ်သေးတာတွေကို ခဏမေ့ပြီး အချစ်မှာ သက်ဝင်ယုံကြည် ကြည့်ပါ တဲ့ခဗျ။ အခုလက်ရှိ အနေအထားအရ သင့်ရဲ့အသက်ကလည်း ၂၄ နှစ် ဒါမှမဟုတ် ၃၆ နှစ် မှာရောက်နေပြီး အချစ်ရေးမှာ အဆင်မပြေသူ ကြက်နှစ်ဖွားတွေကတော့ လက်ရှိ ချစ်သူကို လမ်းခွဲ သင့်တယ်တဲ့ ခဗျ။ ချစ်သူမရှိသေးတဲ့ ကြက်နှစ်ဖွားတွေ အတွက်ကတော့ လာမယ် ဒါပေမယ့် ကြာဦးမယ်လို့ ဆိုပါတယ်။ အလျင်စလို ဆုံးဖြတ်ပြီး လက်တွဲမိရင် ကွဲတတ်ပါတယ်တဲ့။

 

ဟုတ်ကဲ့။ ကျနော်အခုရေးပေးခဲ့တာက ကြက်နှစ်ဖွားတွေအတွက် ၂၀၁၇ ဟောစားတမ်းပါ။ ဗေဒင်ဝါသနာပါသူတွေအတွက် ရည်ရွယ်ပြုစုပေးတာပါခဗျ။ သူငယ်ချင်းတွေထဲမှာလည်း ဗေဒင်ဝါသနာပါသူတွေ၊ ကြက်နှစ်ဖွားတွေရှိရင် လက်တို့ပေးပါဦး။ ကျိုက်ကျန့် and ရှဲ့ရှဲ့ ။

သကောင့်သား( အခရာ )

www.akhayar.com