ရုံးပိတ်ရက်ရှည်ကြီး ပြီးဆုံးလို့ အခု ရုံးပြန်တက်ရပြီဆိုတော့ အလုပ်တွေလည်း ပုံနေကြမှာပဲနော်။ ကိုယ်ချင်းစာပါတယ်။ တချို့က ပိတ်ရက်တွေက အလုပ်အကြွေးတွေပါရှင်းရင်း၊ တချို့ကလည်း ပိတ်ရက်အပြီး စတင်မယ့် Project အသစ်တွေအတွက် ဗျာများရင်းပေါ့။

ဒီမှာတော့ တစ်ရက် ၂၄နာရီမှာ အိပ်ချိန် ၈ နာရီဖယ်ပြီး ကျန်တဲ့ ၁၆ နာရီမှာ မေးလိုက်တိုင်း Busy လို့ ဖြေပေမယ့် ရလဒ်အရဆို အလုပ်မည်မည်ရရမပြီးတဲ့ သူတွေအတွက်နည်းလမ်းကောင်းလေးတွေ မျှဝေချင်လို့ပါ။ ဒီလောက် လုပ်တာတောင်၊ သူများတွေထက်လည်း ကြိုးစားတာတောင် သူများလောက် အလုပ်မပြီးလို့ ရွာသူများနှောက်နေလားဆိုပြီး ဖြစ်နေသူတွေ အတွက်လည်း ဘယ်အရာတွေက အနှောက်အယှက်ပေးနေတယ်ဆိုတာ ပြောပြချင်ပါတယ်။

အာရုံပျံ့လွယ်နေလို့ပါ

ကျွန်တော်တို့က တစ်ခုခုလုပ်မယ်ဆို အကြာကြီးအာရုံစိုက်လုပ်လို့မရဖြစ်ပြီး သီချင်းသံကြားရင် သီချင်းသံနောက်လိုက်သွားလိုက်၊ ဖုန်းက Noti တောင်ခနဲကြားရင် ဖုန်းကောက်ကြည့်လိုက်နဲ့ ဂဏှာမငြိမ်၊ အမာစိန်ဖြစ်တတ်သူတွေပေါ့။ အလုပ်လုပ်နေရင်း ဗိုက်ဆာ၊ မုန့်ထယူတုန်း ဖြတ်သွားဖြတ်လာလုပ်ရင်း တီဗွီကလာနေတဲ့ ဇာတ်လမ်းတွဲအပိုင်းတစ်ပိုင်းလောက်ကို ကြည့်မိနဲ့ ပြင်ပအကြောင်းအရာတွေက လွှမ်းမိုးခံနေရသူတွေပေါ့။

ဒါကို ဘယ်လိုဖြေရှင်းမလဲဆိုရင်တော့ ကိုယ်က စိတ်ပျံ့လွယ်တဲ့သူဆိုရင် အနှောက်အယှက်ကင်းတဲ့ ပတ်ဝန်းကျင်မှာ အလုပ်လုပ်ဖို့ ကြိုးစားပါ။ ကိုယ်အလုပ်လုပ်နေတဲ့ တစ်မိနစ်ချင်းအတွက် တစ်မိနစ်စာ အပြည့်အဝရရှိအောင် လုပ်ပါ။ သီချင်းနားထောင်ရင်း လုပ်မှ ရမယ်ဆိုပေမယ့် “ဟာ သီချင်းက ပြီးသွားပြီ၊ ဘာလာဦးမှာလဲ မသိဘူး။” ဒါမှမဟုတ်လည်း “ဒီသီချင်းက ငါ့အကြိုက်မဟုတ်ဘူး၊ ကျော်ဦးမှ” လို့ ဖြစ်နေတတ်ရင် Headphones ကိုပါ ပစ်ချထားလိုက်ပါ။ ဖုန်း Noti ကိုလည်း ခဏ Off ထားပါ၊ အလုပ်နေရာမှာ အလုပ်လုပ်ဖို့ကလွဲပြီး တခြားပစ္စည်းတွေ မထားခြင်းနဲ့ အာရုံပျံ့လွင့်ခြင်းကို ရှောင်ကြဉ်နိုင်ပါတယ်။

ကိုယ့်ကိုယ်ကိုယ်ညှာပြီး ခဏခဏနားတာ

ဇက်ကြောတွေ တက်နေပြီဘာညာနဲ့ မူလကျီမူလကျာလုပ်ပြီး ပျင်းတဲ့ စိတ်က ခန္ဓာကိုယ်ကို အနားယူဖို့ ခဏခဏတောင်းဆိုတတ်ပါတယ်။ အနားယူတာဟာ ကိုယ့်ကိုယ်ကိုယ် အားဖြည့်ခြင်းမို့ ကောင်းပါတယ်။ ဒါပေမယ့် ဘာမှတောင် ဖြစ်ဖြစ်မြောက်မြောက်မပြီးသေးဘဲ နားမယ်ချည်းပဲ လုပ်နေရင် မှားယွင်းနေပါပြီ။

ဒီလိုတွေ မဖြစ်အောင် စနစ်တကျနားပါ။ စိတ်မပါတိုင်း နားမှာထက်စာရင် ငါ စာတစ်နာရီကျက်ပြီးရင် ၁၀ မိနစ်နားမယ်ဆိုတာမျိုး Goal ချမှတ်ပြီး နားပါ။ ကိုယ်ဘယ်လောက်နားရင် အဆင်ပြေမလဲဆိုတာနဲ့ ဘယ်လောက်ဆို အလုပ်လုပ်ရတာ ငြီးလာမလဲဆိုတာကိုတော့ ကိုယ်ပိုင်အတွေ့အကြုံပေါ် မူတည်ပြီး ချိန်ဆသင့်ပါတယ်။

ဖုန်းကို လက်ကမချနိုင်တာ

ဒီလို ဖုန်းကို လက်ကမချနိုင်တာ ဘယ်သူလို့ ထင်လဲ၊ စာရေးသူလေ.. စာရေးသူကိုယ်တိုင်ပါပဲ။ အမြဲတမ်းအလုပ်များပြီး ဘယ်တော့မှ မပြီးမြောက်မယ့် တရားခံဟာ ဒင်းပေါ့၊ မိုဘိုင်းလ်ဖုန်းပဲ။ ကိုယ့်သူငယ်ချင်းခရီးသွားတဲ့ ပုံတွေကိုလည်း Instagram မှာ အလွတ်မပေးဘဲ ကြည့်ချင်၊YouTube မှာ Video တစ်ခုကြည့်ရင်း မျောရင်မျောသွား၊ Snapchat ကို ကလိလိုကလိနဲ့ တစ်နေ့တစ်နေ့ကို Social Media မှာ ကုန်တဲ့အချိန်က ၃နာရီကနေ ၄ နာရီအထိ ရှိတတ်ပါတယ်တဲ့။ ဒါဟာ အလုပ်ချိန်နဲ့ တွက်လိုက်ရင် တစ်နေ့တာရဲ့ အလုပ်ချိန်တစ်ဝက်ပါပဲ။

ဒါကို ဖြေရှင်းဖို့ဆိုရင်တော့ စိတ်ထိန်းဖို့ပါပဲ။ အလုပ်ပြီးချင်ရင် စိတ်တွေ ထိန်းဖို့ လိုပါတယ်။ ဂဏှာမငြိမ်တတ်တဲ့ စိတ်ကို ထိန်းဖို့ အတွက် တစ်နေ့ကို မိနစ်အနည်းငယ်လောက် မလှုပ်ဘဲ ထိုင်နေတာ၊ ဒါမှမဟုတ် မတ်တပ်ရပ်နေတာမျိုးကို လေ့ကျင့်ပါ။ တရားထိုင်တာမျိုးဆိုရင်လည်း ရပါတယ်။ ဒီလိုလုပ်တာဟာ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်ဖို့နဲ့ စည်းကမ်းရှိဖို့ ကူညီပါလိမ့်မယ်။

ဟိုစပ်စပ်ဒီစပ်စပ်နဲ့ မတည်ငြိမ်တာ

အောင်မြင်တဲ့ လူတွေကို ကြည့်လိုက်ရင် တည်တည်ငြိမ်ငြိမ်နဲ့ အလုပ်လုပ်ကြတဲ့သူတွေ များပါတယ်။ အခုပဲ စိတ်တက်ကြွပြီး အလုပ်တွေ ဝုန်းဒိုင်းထလုပ်လိုက်၊ အခုပဲ စိတ်ဓာတ်တွေကျပြီး အပျင်းထူလိုက်ဆိုရင်တော့ မလွယ်ပါဘူး။ အလုပ်တစ်ခုကို စိုက်လိုက်မတ်တပ်၊တည်တည်ငြိမ်ငြိမ်နဲ့ တသမတ်တည်း လုပ်ဆောင်ပါ။

နောက်ဆုံးနဲ့ အရေးကြီးဆုံးမျှဝေချင်တာကတော့ အလုပ်ပြီးမြောက်နိုင်စွမ်းတက်လာတယ်ဆိုတာ ခုရေတွင်းတူး၊ ခုရေကြည်သောက်ဆိုပြီး ဝုန်းခနဲဖြစ်လာတဲ့အရာမဟုတ်ပါဘူး။ ဒီလို ကိုယ့်စိတ်ကို ကိုယ်နိုင်အောင် အချိန်လိုပါတယ်။ မနက်မျက်စိနှစ်လုံးပွင့်တည်းကနေ ဒီနေ့တော့ အလုပ်တွေ ပြီးစေရမယ်ဟေ့ဆိုပြီး စိတ်ပိုင်းဖြတ်ထားပြီး နေ့တစ်နေ့ကို လျှောက်လှမ်းပါ။ ဒါဆိုရင်တော့ ဒီလို စိတ်အလိုမလိုက်တဲ့ အကျင့်တွေရလာတဲ့အချိန်မှာ အလုပ်တွေလည်း ပြီးစီးသလို အားလပ်ချိန်တွေလည်း ရလာမှာ အသေအချာပါပဲ။

အခရာပရိသတ်ကြီးလည်း များပြားလှတဲ့ အလုပ်ပုံကြီးကို အောင်အောင်မြင်မြင်ကူးဖြတ်နိုင်ပါစေ၊ ကိုယ်တွေ့ အလုပ်ပြီးမြောက်အောင် လုပ်တဲ့ နည်းလမ်းလေးတွေ ရှိရင်လည်း မျှဝေပေးခဲ့ပါဦးဗျာ။

Yoe Lu (Akhayar)

www.akhayar.com

Source : mydeedeesdiary.com