မေလ ၂၂ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ မန်ချက်စတာဇာတ်ရုံဗုံးပေါက်ကွဲမှုမှာ သေဆုံးခဲ့ရတဲ့ လူတွေရဲ့ နာမည်စာရင်းအပြည့်အစုံထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်ခင်ဗျာ။

အဆိုတော် Ariana Grande ရှိုးပွဲမှာ ဖြစ်ခဲ့တဲ့ ဒီပေါက်ကွဲမှုကြောင့် ကလေးသူငယ်တွေနဲ့ ဆယ်ကျော်သက်တွေ အပါအဝင် လူပေါင်း ၂၂ ဦး အသက်ဆုံးရှုံးခဲ့ရပြီး ၆၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

မန်ချက်စတာရဲတပ်ဖွဲရဲ့ ရဲမှုးချုပ်ဖြစ်တဲ့ အီယန်ဟော့ပ်ကင်းက “သူဟာ သေဆုံးသူတွေရဲ့ ကျန်ရစ်သူမိသားစုအားလုံးနဲ့ စကားပြောခဲ့ပြီးပါပြပီ”လို့ ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။ တခြားသေဆုံးသူတွေရဲ့နာမည်ကိုလည်း နောက် ၄ရက်ကနေ ၅ရက်အတွင်း တရားဝင်အတည်ပြုနိုင်လိမ့်မယ်လို့လည်း ဆက်လက်ပြောကြားသွားပါတယ်။

 

အတည်ပြုနိုင်ခဲ့တဲ့ သေဆုံးသူတွေကတော့

၁။ Elaine McIver

Elaine-McIver

McIver ဟာ ရဲအရာရှိတစ်ယောက်ဖြစ်ပြီးတော့ အခင်းဖြစ်မှုမှာ သေဆုံးသွားကြောင်းကို မန်ချက်စတာရဲအဖွဲ့က ကြာသပတေးနေ့မှာ အတည်ပြုခဲ့သူဖြစ်ပါတယ်။

သူဟာ ချက်ရှိုင်းယားရဲအဖွဲ့ရဲ့ ရဲအရာရှိတစ်ယောက်ဖြစ်ပြီး တာဝန်ချိန်ပြင်ပမှာ Ariana Grande ရှိုးပွဲကို မိသားစုနဲ့ သွားရောက်ခဲ့ချိန်မှာ ဒီလို အဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။ ကျန်ရစ်တဲ့ မိသားစုရဲ့ ထုတ်ပြန်ချက်မှာတော့ “Elaine ဟာ ဂီတကို ချစ်မြတ်နိုးသူတစ်ယောက်ဖြစ်ပြီး ဘာတွေပဲ ဖြစ်ဖြစ် ကြောက်ရွံ့နောက်တွန့်တတ်သူ တစ်ဦးမဟုတ်ပါဘူး” လို့ ဖော်ပြခဲ့ပါတယ်။

သူ့ရဲ့ ပါတနာဖြစ်တဲ့ ပေါလ်ကတော့ ဒီပေါက်ကွဲမှုမှာ အပြင်းအထန်ဒဏ်ရာရခဲ့ပါတယ်။

 

၂။ Courtney Boyle နဲ့ Philip Tron

Boyle ဟာ Ariana Grande ရှိုးပွဲကို သူ့အမေရဲ့ လက်တွဲဖော် Tron နဲ့အတူတူ သွားကြည့်ခဲ့တာပါ။ သူတို့ရဲ့ မိသားစုနှစ်ခုလုံးက ဒီသေဆုံးမှုကို အတည်ပြုပေးခဲ့ပြီး Courtney ရဲ့အမေ၊ Tron ရဲ့ ရည်းစားလည်း ဖြစ်တဲ့ Deborah Hutchinson ကတော့ “အရမ်းကို လှပပြီးချစ်ဖို့ကောင်းတဲ့ သမီးလေးရယ်၊ မင်းကြောင့် ငါ ဂုဏ်ယူခဲ့ရတာတွေချည်းပါပဲ” လို့ ပြောကြားခဲ့ပြီး Philip Tron ကိုတော့ “မင်းက ငါ့ကမ္ဘာ့ကို ပျော်ရွှင်စရာဖြစ်အောင် လုပ်ပေးခဲ့သူပါ” လို့ ညွှန်းဆိုခဲ့ပါတယ်။

 

၃။ Wendy Fawell

Wendy Fawell ကတော့ Yorkshire နယ်က ဆရာမတစ်ယောက်ဖြစ်ပြီး မန်ချက်စတာဇာတ်ရုံအပြင်ဘက်မှာ သူ့ကလေးတွေကို ကြိုဖို့ စောင့်နေခဲ့စဉ်မှာ ဒီလို ကြမ္မာဆိုးနဲ့ ကြုံခဲ့ရတာ ဖြစ်ပါတယ်။ ကံကောင်းထောက်မစွာပဲ သူ့ကလေးတွေကတော့ ဘေးကင်းလုံခြုံခဲ့ပါတယ်။

သူမအလုပ်လုပ်ရာကျောင်းဖြစ်တဲ့ St Oswald မူလတန်းကျောင်းကတော့ သူမရဲ့ သေဆုံးမှုသတင်းကို အတည်ပြုပေးခဲ့ပြီး “ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဖြစ်တဲ့ Wendy Fawell ဟာ မန်ချက်စတာဗုံးပေါက်ကွဲမှုမှာ သေဆုံးခဲ့ရတဲ့ အတွက် ဝမ်းနည်းမဆုံးပါဘူး၊ ကောင်းကင်ဘုံမှာ အေးချမ်းစွာ အိပ်စက်အနားယူပါတော့ Wendy ရေ” လို့ သူတို့ရဲ့ Twitter မှာ ရေးသားဖော်ပြခဲ့ပါတယ်။

၎။ Eilidh Macleod

Eilidh-Macleod

သူကတော့ စကော့တလန်လူမျိုးဖြစ်ပြီး အသက်၁၄နှစ်သာရှိသေးတဲ့ ကျောင်းသူလေးပါ။ သူ့ရဲ့ သေဆုံးမှုကိုလည်း သူ့ရဲ့ မိဘတွေက ကြာသပတေးနေ့ကပဲ အတည်ပြုပေးခဲ့ပါတယ်။

သူမရဲ့ မိဘတွေက “ချစ်သမီးလေး အီလစ်သေဆုံးရတဲ့အတွက် ဘယ်လိုခံစားရတယ်ဆိုတာ ဖော်ပြဖို့ စကားလုံးတောင် မရှိပါဘူးဗျာ၊ သူက အမြဲတမ်းတက်တက်ကြွကြွနဲ့ ပျော်ပျော်နေတတ်တဲ့သူပါ။ ဂီတအမျိုးအစားအားလုံးကို သဘောကျပြီး Ariana သီချင်းတွေကို နားထောင်နေရရင် ဖြစ်ဖြစ်  သူ့ရဲ့ Pipe band အဖွဲ့သားတွေနဲ့ bagpipes မှုတ်နေရရင်ဖြစ်ဖြစ် ပျော်ရွှင်နေတတ်သူပါ”လို့ မချိတင်ကဲနဲ့ BBC ကို ပြောကြားသွားပါတယ်။

သူဟာ သူ့သူငယ်ချင်း Laura MacIntyre နဲ့ ရှိုးပွဲကို သွားခဲ့တာဖြစ်ပြီး သူ့သူငယ်ချင်းမလေး လော်ရာ ကတော့ စိုးရိမ်ရတဲ့ ဒဏ်ရာနဲ့ ဆေးရုံမှာ ဆေးကုသမှုခံနေရပါတယ်။

၅။ Sorrell Leczkowski

Sorrell

နောက်ထပ် ၁၄နှစ်သမီးလေးတစ်ယောက်ကတော့ Sorrell Leczkowski ဖြစ်ပြီး သူကတော့ Leeds ကပဲ ဖြစ်ပါတယ်။ သူ့သေဆုံးမှုကိုတော့ သူ့အဘိုး Michael Healey က အတည်ပြုပေးခဲ့ပြီး “Sorrell က ခုမှ အသက် ၁၄နှစ်ပဲ ရှိပါသေးတယ်ဗျာ၊ အခုတော့ ကျွန်တော်တို့ အားလုံးကို သူထားခဲ့ရပြီပေါ့၊ သူဟာ လိမ္မာတယ်၊ထက်မြက်တယ်၊ တီထွင်ဖန်တီးနိုင်စွမ်းအပြည့်ရှိပြီး သူမလုပ်နိုင်ဘူးဆိုတာ ဘာမှ မရှိဘူးလို့တောင် ထင်ရတဲ့အထိပါပဲ”လို့ ပြောကြားခဲ့ပါတယ်။

BBC က သတင်းအရတော့ Leczkowski ဟာ မန်ချက်စတာဇာတ်ရုံကို သူ့အမေ၊ သူ့အဘွားတို့နဲ့ အတူ သူ့ညီမလေးကို သွားကြိုဖို့ သွားခဲ့တဲ့အခိုက် ဒီအဖြစ်နဲ့ ကြုံခဲ့ရတာပါ။ ဒီဖြစ်ရပ်မှာ သူ့အသက်ဆုံးရှုံးခဲ့ရပြီး သူ့အမေနဲ့ သူ့အဘွားက ဒဏ်ရာရရှိခဲ့ပြီးတော့ သူ့ညီမလေးကတော့ ကံကောင်းထောက်မစွာ ထိခိုက်မှုမရှိခဲ့ပါဘူး။

၎။ Chloe Rutherford and Liam Curry

Chloe Rutherford နဲ့ Liam Curry တို့ဟာ ဆယ်ကျော်သက်အတွဲလေးဖြစ်ပြီး ရှိုးပွဲကို တူတူသွားခဲ့ကြကာ ဒီဖြစ်ရပ်ဆိုးကြီးမှာ အသက်ဆုံးရှုံးခဲ့ကြရပါတယ်။ သူတို့ရဲ့ မိသားစုတွေဟာ ဝမ်းနည်းကြောင်းစာတစ်စောင်ကို ကြာသပတေးနေ့က ပူးတွဲထုတ်ပြန်ခဲ့ကြပြီး “သူတို့ဟာ အမြဲအတူရှိချင်ခဲ့ကြပြီး အခုတော့လည်း သူတို့ အမြဲ တူတူရှိနိုင်ခဲ့ကြပါပြီပေါ့ဗျာ” လို့ ဖော်ပြထားခဲ့ပါတယ်။

 

၅။ Michelle Kiss

Kiss ဟာ ဒီပွဲကို သူ့သမီးနဲ့ အတူတက်ရောက်ခဲ့တာဖြစ်ပြီး “စိတ်လှုပ်ရှားနေတဲ့ ကလေးမလေးတွေဟာ Ariana ကို ကြည့်ဖို့ အသင့်ဖြစ်နေကြပြီလို့” သူ့ Facebook မှာ တင်္နလာနေ့ ရှိုးပွဲမရောက်ခင်လေးတင် တင်ခဲ့သူပါ။

သူ့ရဲ့ တူမဖြစ်တဲ့ Laura Murray ကတော့ Kiss ရဲ့ သေဆုံးမှုကို အတည်ပြုပေးခဲ့ပြီး “ကူညီပေးခဲ့တဲ့ သူတွေ အကုန်လုံးကို တကယ်ကျေးဇူးတင်မိပါတယ်၊ ကျွန်မတို့အားလုံး တကယ့်ကို ကြေကွဲနေခဲ့ရတာပါ” လို့ ပြောကြားခဲ့ပါတယ်။

၆။ Nell Jones

Nell Jones

Nell Jones ဟာလည်း အခုမှ အသက် ၁၄ နှစ်ပဲ ရှိသေးပြီး မန်ချက်စတာဗုံးပေါက်ကွဲမှုရဲ့ သေဆုံးမှုမှာ ပါဝင်ခဲ့တယ်ဆိုတာကို သူတို့ကျောင်းရဲ့ ကျောင်းအုပ်ဆရာက အတည်ပြုပေးခဲ့ပါတယ်။ သူ့ကျောင်းဖြစ်တဲ့ Holmes Chapel Comprehensive ကျောင်းရဲ့ ဆရာ David Wheeler ပြောတာကတော့ “Nell ဟာ ကျောင်းမှာ အရမ်းကို ပေါ်ပြူလာဖြစ်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပြီး အမြဲတမ်းပြုံးရွှင်နေတတ်တဲ့ အရာရာကို အကောင်းမြင်တတ်တဲ့ မိန်းကလေးတစ်ယောက်လည်း ဖြစ်ပါတယ်။”တဲ့။

၇။ Jane Tweddle-Taylor

Jane-Tweddle-Taylor

နောက်ထပ်သေဆုံးခဲ့ရသူကတော့ အသက် ၅၁နှစ်ရှိပြီဖြစ်တဲ့ Jane Tweddle-Taylor ဖြစ်ပြီး Blackpool နယ်က ဖြစ်ကာ သူဟာ သူငယ်ချင်းတစ်ယောက်နဲ့အတူ အဲဒီသူငယ်ချင်းရဲ့ သမီးကို ကြိုဖို့ ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။ သူဟာ Blackpool မှာရှိတဲ့ South Shore Academy ကျောင်းမှာ receptionist တစ်ယောက်လုပ်ခဲ့တာပါ။

၈။ Martyn Hett

Martyn-Hett

အသက် ၂၉နှစ်ရှိပြီဖြစ်တဲ့ Martyn Hett ကို ဗုံးပေါက်ကွဲမှုအပြီးမှာ နောက်ထပ်မြင်ရခြင်း ကြားရခြင်းမရှိတော့ပါဘူး။ ဒါပေမယ့် သူ့သူငယ်ချင်းဖြစ်တဲ့ Russell Hayward ကတော သူ့ရဲ့ Twitter မှာ “Hett ဟာ သေဆုံးခဲ့ရတဲ့ သူတွေထဲမှာ ပါသွားခဲ့ပြီ” လို့ ရေးသားခဲ့ပါတယ်။

သူ့အပြောအရတော့ “မနေ့ညက ရတဲ့ သတင်းအရတော့ ကျွန်တော်တို့ရဲ့ Martyn ဟာ အသက်ရှင်သန်တဲ့ထဲ မပါနိုင်ခဲ့ပါဘူး၊ သူဟာ လူတွေရဲ့ စိတ်ဝင်စားမှုအလယ်မှာပဲ ဒီကမ္ဘာကနေ ထွက်ခွာသွားခဲ့ရပါပြီ” လို့ ဆိုပါတယ်။

၉။ Olivia Campbell

Olivia-Campbell

Olivia Campbell ဟာ သူမရဲ့ သူငယ်ချင်း Adam Lawler နဲ့အတူ အဲဒီပွဲကို သွားခဲ့တာပါ၊ Adam တစ်ယောက်ကတော့ ဆေးရုံမှာ ကုသမှုခံနေရဆဲပါ။ သူဟာ အသက် ၁၅နှစ်သာရှိသေးပြီး သူ့ရဲ့အမေ Charlotte ကတော့ သူ့ရဲ့ သေဆုံးမှုကို ဗုဒ္ဓဟူးနေ့မနက်က အတည်ပြုပေးခဲ့ပါတယ်။

၁၀။ Alison Howe နဲ့ Lisa Lees

Alison-Howe-Lisa-Lees

ဒီသူငယ်ချင်းနှစ်ယောက်ဟာ မန်ချက်စတာဇာတ်ရုံရဲ့ ဝင်ပေါက်နားမှာ သူတို့ရဲ့ ၁၅နှစ်အရွယ် သမီးတွေကို ကြိုဖို့စောင့်နေတဲ့အချိန်မှာ အသေခံဗုံးဖောက်ခွဲမှု ဖြစ်ပွားခဲ့တဲ့အထဲ ပါခဲ့ရတာ ဖြစ်ပါတယ်။ သူတို့ရဲ့ သေဆုံးမှုကို Facebook မှာ အတည်ပြုခဲ့ပြီး ဖြစ်ပါတယ်။

Howe ရဲ့ သား Jordan ကတော့ “သေခြင်းတရားဟာ ကျွန်တော်တို့ကို ဂရုစိုက်တတ်တဲ့ လှပတဲ့ အမေနဲ့ မိထွေးတို့ကိုပါ ခေါ်ဆောင်သွားတာပါ”လို့ သူ့ Facebook မှာ ရေးသားခဲ့ပါတယ်။ Lisa lee ရဲ့ မောင်နှမတော်စပ်သူ Hunter ကတော့ “မင်းသေဆုံးသွားပေမယ့် မင်းကို ငါတော့ ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး၊ မင်းကို ငါတို့ အမြဲလွမ်းနေရတော့မှာ”လို့ ရေးသားခဲ့ပါတယ်။

 

၁၁။Kelly Brewster

Kelly-Brewster-

Kelly ရဲ့ ရည်းစားဖြစ်တဲ့ Ian Winslow ဟာ Kelly ရဲ့ သေဆုံးမှုကို Facebook ကနေအတည်ပြုပေးခဲ့ပါတယ်။ Kelly ဟာ Ariana Grande ရဲ့ ပွဲကို သူ့ညီမဖြစ်တဲ့ Claire ရယ်၊ သူ့တူမဖြစ်တဲ့ Hollie Booth တို့နဲ့ အတူသွားကြည့်ခဲ့တာပါ၊ Claire နဲ့ Hollie တို့ဟာလည်း ဒီတိုက်ခိုက်မှုမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

“Kelly ဟာ ပထမ ဆေးရုံရဲ့ နာမည်စိစစ်လို့ မရသေးတဲ့ လူနာစာရင်းမှာ ပါခဲ့ပေမယ့် မနေ့ကတော့ သေဆုံးခဲ့ရပါတယ်။ သူဟာ အပျော်ဆုံးလူသားတစ်ယောက်ဖြစ်ခဲ့ပြီး ကျွန်တော်တို့ နှစ်ယောက်မှာ အတူတူ စိတ်ကူးပုံဖော်ထားတဲ့ လုပ်စရာကိစ္စတွေ အများကြီး ရှိပါသေးတယ်ဗျာ” လို့ သူ့ရည်းစား Ian က ရင်ဖွင့်ခဲ့ပါတယ်။

၁၂။ Angelika and Marcin Klis

Angelika and Marcin Klis

Sky News က ဗုဒ္ဓဟူးနေ့ မနက်မှာ ထုတ်ပြန်လိုက်တဲ့ သတင်းအရ ဒီလင်မယားဟာ တင်္နလာနေ့တိုက်ခိုက်မှုမှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ပိုလန်လူမျိုးတွေဖြစ်တဲ့ သူတို့ရဲ့ သေဆုံးမှုကို ပိုလန်နိုင်ငံခြားရေးဝန်ကြီးက အတည်ပြုပေးခဲ့ပါတယ်။

၁၃။ Georgina Callander

georgina

ဒီအသက် ၁၈နှစ်အရွယ် ကလေးမ Callander ကတော့ သေဆုံးသူတွေထဲမှာ ပထမဆုံး နာမည်စာရင်းစိစစ်ထုတ်ဖော်နိုင်ခဲ့သူဖြစ်ပါတယ်။ သူ့သူငယ်ချင်းတွေပြောတာကတော့ သူဟာ ပေါက်ကွဲမှုဖြစ်ပွားပြီးပြီးချင်း ဆေးရုံကို ပထမဆုံးရောက်ရှိခဲ့တဲ့ အသုတ်ထဲမှာလည်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

သူပညာသင်ကြားခဲ့တဲ့ Runshaw ကောလိပ်ဟာ သူမရဲ့ သေဆုံးမှုကို အတည်ပြုပေးခဲ့ပြီး “ကျွန်တော်တို့ Runshaw ကောလိပ်က ကျောင်းသူတစ်ယောက်အပါအဝင် တင်္နလာနေ့ မန်ချက်စတာတိုက်ခိုက်မှုမှာ ထိခိုက်သေဆုံးခဲ့ရသူ အားလုံးအတွက် ဝမ်းနည်းခြင်းကြီးစွာ ဖြစ်ရပါတယ်”လို့ ရေးသားခဲ့ပါတယ်။

၁၄။ Saffie Rose Roussos

Saffie-Rose-Roussos

Saffie ကတော့ သေဆုံးခဲ့ရသူတွေထဲမှာ အသက်အငယ်ဆုံးဖြစ်ပြီး ခုမှ အသက် ၈နှစ်ပဲ ရှိပါသေးတယ်၊ သူက ဒီပွဲကို သူ့အမေနဲ့ သွားခဲ့တာဖြစ်ပြီး သူ့အမေနဲ့ လူကွဲသွားတဲ့ အချိန်မှာမှ ဒီလိုမျိုး ထဖြစ်ရတာပါ။

“Saffie ဟာ တကယ့်ကို ရိုးရိုးအေးအေးလေးနဲ့ လှပပြီး လူချစ်လူခင်များတဲ့ ကလေးမလေးပါ” လို့ သူတက်နေတဲ့ Tarleton Community မူလတန်းကျောင်းက ဆရာ Chris Upton က ပြန်လည်ပြောပြခဲ့ပါတယ်။

၁၅။ John Atkinson

မန်ချက်စတာညနေသတင်းစာက သတင်းအရ Bury က လာတဲ့ အသက် ၂၈နှစ်အရွယ် John ဟာလည်း တင်္နလာနေ့က တိုက်ခိုက်မှုရဲ့ သားကောင်ဖြစ်ခဲ့ရသူတွေထဲက တစ်ယောက်ပါပဲ။ ဗုံးပေါက်ကွဲတဲ့အချိန်မှာ သူဟာ ပွဲခင်းထဲက ထွက်ခွာဖို့ လုပ်နေခဲ့ချိန်ဖြစ်ပါတယ်။

 

၁၆။ Megan Hurley

Megan-Hurley

Megan Hurley ကတော့ အသက် ၁၅နှစ်သာရှိသေးပြီး Telegraph ရဲ့ သတင်းအရ နောက်ဆုံးနာမည်စာရင်းစိစစ်အတည်ပြုနိုင်ခဲ့သူဖြစ်ပါတယ်။ သူဟာ Halewood ကနေ ရှိုးပွဲလာကြည့်တာဖြစ်ပြီး အိမ်နီးချင်းတွေပြောစကားအရ သူ့မိသားစုဟာ အရမ်းကို ပူဆွေးကြေကွဲနေကြတယ်လို့ သိရပါတယ်။

 

ကံကြမ္မာဟာ ဆန်းကြယ်ပါတယ်။ ဒီလို နုနုနယ်နယ်ကလေးလေးတွေ၊ ဆယ်ကျော်သက်လေးတွေ၊ မိသားစုတွေ ၊ လင်မယားတွေဟာ Ariana ရဲ့ တေးသံတွေကို နားဆင်ဖို့သာ သွားခဲ့ကြတာဖြစ်ပြီး ဒီလိုကံကြမ္မာဆိုးကြီး ကြုံရလိမ့်မယ်လို့ ဘယ်သူမှ မထင်ခဲ့ကြပါဘူး။ ကျွန်တော်တို့တွေရဲ့ ဘဝတွေမှာလည်း ဒီလို မမြင်ရတဲ့ အချိုးအကွေ့ထောင့်တွေ ရှိမလာနိုင်ဘူးလို့ မပြောနိုင်ပါဘူး။ ဒီတော့ အတူတူ ကြုံဆုံခိုက်၊ ရှိခွင့်ရတုန်းအခိုက်အတန့်လေးမှာ တစ်ယောက်ကို တစ်ယောက်မေတ္တာတရားတွေ မျှဝေပြီး ချစ်ချစ်ခင်ခင်နေကြပါစို့ဗျာ။

 

ရိုးလူ (အခရာ)

www.akhayar.com

Ref : Business Insider

Photo Credit : Business Insider & Manchester Evening News