မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာ Pep Guardiola ဟာ ၂၀၁၈-၁၉ ရာသီ ပရီးမီးယားလိဂ်(၁)နှစ်တာအကောင်းဆုံးနည်းပြဆုကို ဆွတ်ခူးရရှိခဲ့ပြီး ဒီဆုကို (၂)နှစ်ဆက်တိုက် ရရှိခဲ့တာလည်းဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်မှာ (၂)နှစ်ဆက်ဗိုလ်စွဲခဲ့ပြီး ၂၀၀၉ ခုနှစ်တုန်းက မန်ယူအသင်း လက်ရှိချန်ပီယံဘွဲ့ကို ထိန်းသိမ်းနိုင်ခဲ့ပြီးနောက်ပိုင်း (၁၀)နှစ်အတွင်း (၂)နှစ်ဆက်ဗိုလ်စွဲခဲ့တဲ့ ပထမဆုံးအသင်းဖြစ်ခဲ့သလို ဂွါဒီယိုလာကလည်း ဖာဂူဆန် Alex Ferguson ၊ မော်ရင်ဟို Mourinho တို့လိုပဲ ပရီးမီးယားလိဂ်ချန်ပီယံဆုကို (၂)ရာသီဆက် ရယူခဲ့တဲ့တတိယမြောက်နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ပါပြီ။ မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်စံချိန်တင်ရမှတ် (၁၀၀)၊ စံချိန်တင်သွင်းဂိုး (၁၀၆)ဂိုးနဲ့ ဗိုလ်စွဲခဲ့တာဖြစ်ပြီး ဒီနှစ်မှာလည်း ရမှတ်(၉၈)မှတ်အထိ ရရှိခဲ့တာကြောင့် (၂)ရာသီအတွင်း (၁၉၈)မှတ်အထိ ရရှိခဲ့တာပါ။

ဂွါဒီယိုလာအနေနဲ့ ပရီးမီးယားလိဂ်(၁)နှစ်တာအကောင်းဆုံး နည်းပြဆုကို ပြိုင်ဘက်တွေဖြစ်ကြတဲ့ နူနိုဆန်တို Nuno Espirito Santo ၊ ယာဂန်ကလော့ပ် Jurgen Klopp ၊ ပိုချက်တီနို Mauricio Pochettino တို့ကို ကျော်ဖြတ်ရရှိခဲ့တာဖြစ်သလို (၁၀)နှစ်အတွင်း ဒီဆုကို (၂)နှစ်ဆက်ရရှိခဲ့တဲ့ ပထမဆုံးနည်းပြဖြစ်လာခဲ့ပါပြီ။ ဆုရရှိခဲ့တာနဲ့ပတ်သက်ပြီး ဂွါဒီယိုလာက “ဒီဆုကို ဆွတ်ခူးခဲ့တာဟာ တကယ့်ကို ဂုဏ်ယူစရာပါပဲ။ ဒီဆုဟာ ကျွန်တော့်ရဲ့ ကစားသမားတွေ၊ ၀န်ထမ်းတွေနဲ့လည်း သက်ဆိုင်ပါတယ်။ လာမယ့်ရာသီမှာလည်း ခက်ခဲတဲ့ တိုက်ပွဲတွေကို ရင်ဆိုင်ကျော်ဖြတ်ပြီး ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်မယ်လို့ မျှော်လင့်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ ပရီးမီးယားလိဂ် (၁)နှစ်တာအကောင်းဆုံးနည်းပြဆုကို ၁၉၉၃-၉၄ ရာသီက စတင်ချီးမြှင့်ခဲ့တာဖြစ်ပြီး မန်ယူဂန္ထ၀င်နည်းပြဖာဂူဆန်ဟာ အကြိမ်အများဆုံးအဖြစ် (၁၁)ကြိမ်ရရှိခဲ့သလို (၃)နှစ်ဆက်ရခဲ့တဲ့ ပထမဆုံးနည်းပြအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်(၁)နှစ်တာအကောင်းဆုံး နည်းပြဆုရရှိခဲ့သူများ စာရင်းကို ကြည့်ရန်လင့်ခ်

REF:The Sun
Photo:The Sun,Nova Sport
Naing Linn(Akhayar)
www.akhayar.com