အက်သလက်တီကိုတိုက်စစ်ကစားသမား ဂရစ်ဇ်မန်း Griezmann ဟာ ရာသီကုန်မှာ အသင်းကနေ ထွက်ခွာတော့မှာဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။ ဂရစ်ဇ်မန်း ဟာ ပြီးခဲ့တဲ့ ဇွန်လတုန်းက အက်သလက်တီကိုအသင်းနဲ့ (၅)နှစ်စာချုပ်သစ် ချုပ်ဆိုခဲ့ပေမယ့် လက်ရှိမှာတော့ အသင်းကနေ ထွက်ခွာတော့မှာဖြစ်ပြီး လာမယ့်စနေနေ့မှာ ကစားမယ့် လီဗန်တေးနဲ့ လာလီဂါပွဲစဉ်က သူ့ရဲ့အက်သလက်တီကိုအသင်းအတွက် နောက်ဆုံးပွဲစဉ်ဖြစ်လာမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဂရစ်ဇ်မန်း ဟာ လာလီဂါထိပ်သီး ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ဖို့နီးစပ်နေပြီး ပြောင်းရွှေ့ကြေးကတော့ ယူရို(၁၂၅)သန်းဝန်းကျင် ဖြစ်နိုင်တယ်လို့သိရပါတယ်။

ဂရစ်ဇ်မန်း က ” အသင်းမှာရှိခဲ့တဲ့ (၅)နှစ်ဆိုတဲ့ အချိန်တွေက မယုံကြည်နိုင်လောက်အောင်ပါပဲ။ အရာရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်ရဲ့ နှလုံးသားထဲမှာ အက်သလက်တီကိုအသင်းကို ယူဆောင်သွားမှာပါ ” လို့ပြောကြားခဲ့ပါတယ်။ အက်သလက်တီကိုအသင်းအတွက် ဂရစ်ဇ်မန်း ဟာ လက်ရှိအချိန်ထိ ပွဲပေါင်း(၂၅၆)ပွဲကစားထားပြီး သွင်းဂိုး(၁၃၃)ဂိုးသွင်းယူခဲ့သလို ဂိုးဖန်တီးမှုအကြိမ်(၅၀)ထိ ပြုလုပ်နိုင်ခဲ့ပါတယ်။ ရာသီကုန်မှာ အက်သလက်တီကိုအသင်းဟာ အသင်းရဲ့ အဓိကကစားသမားတွေဖြစ်တဲ့ ဂရစ်ဇ်မန်း ၊ လူးကပ်စ်ဟာနန်ဒက်ဇ် Lucas Hernandez နဲ့ အသင်းခေါင်းဆောင် ဂိုဒင် Godin တို့ကို ဆုံးရှုံးရတော့မှာဖြစ်တာကြောင့် အသင်းကို အင်အားဖြည့်တင်းမှုတွေ ပြန်လည်ပြုလုပ်ဖို့ လိုအပ်နေခဲ့ပါပြီ။

ဂရစ်ဇ်မန်း ရဲ့ အက်သလက်တီကို ကစားသမားဘ၀ အောင်မြင်မှုများ

UEFA Europa League: 2017–18
UEFA Super Cup: 2018
Supercopa de España: 2014

Ref: BBC Sports , Bleacher Report Football
Photo: The Sun , Soccer – NBC Sports , Stadium Astro
Ko Kyue(Akhayar)
www.akhayar.com