သြဇာအာဏာဆိုတာက ကိုယ့်ရဲ့ တာဝန်ယူမှု၊ တာဝန်သိမှုနဲ့ တိုက်ရိုက်အချိုးကျပါတယ်။ တာဝန်ယူမှု၊ တာဝန်သိမှု မြင့်မားလေလေ သြဇာအာဏာကြီးလေလေပါပဲ။ ဘောလုံးအသင်းတစ်သင်းမှာ အသင်းခေါင်းဆောင်ဆိုတာက သင်္ဘောတစ်စင်းရဲ့ ပဲ့ကိုင်ရှင်လို့တောင် သတ်မှတ်ရမှာဖြစ်ပြီး နည်းပြပြီးရင် အသင်းအတွက် အရေးပါးဆုံး ကစားသမားတစ်ယောက်လို့ဆိုရမယ်။ ရီးယဲလ်လို ကမ္ဘာ့ထိပ်သီးအသင်းတစ်သင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူရဖို့ဆိုတာက မလွယ်ကူတဲ့အပြင် အဲဒီအသင်းခေါင်းဆောင်တွေထဲမှာမှ အောင်မြင်မှုအများဆုံးဖြစ်ဖို့ဆိုတာ ပိုခက်ပါတယ်။ ဒါကြောင့် ရီးယဲလ်အသင်း သမိုင်းတစ်လျှောက်မှာ အောင်မြင်မှုရခဲ့တဲ့ အသင်းခေါင်းဆောင်တွေထဲက ပရိသတ်နဲ့ ရင်းနှီးပြီးသား ကစားသမားတွေကို ရွေးချယ်ဖော်ပြလိုက်ပါတယ် . . .

Iker Casillas – Captaincy years: 2010-2015

Iker-Casillas

Iker-Casillas

၂၀၁၀ မှာ ရီးယဲလ်အသင်းရဲ့ အသင်းခေါင်းဆောင်(၂)ဦးဖြစ်တဲ့ ရာအူးလ် Raul နဲ့ ဂူတီ Guti တို့ အသင်းနဲ့ လမ်းခွဲသွားတော့ ၀ါရင့်ဂိုးသမား ကာဆီးလက်စ်ဟာ အသင်းခေါင်းဆောင်ရာထူးကို ထိုက်ထိုက်တန်တန် ရရှိခဲ့ပါတယ်။ သူ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တဲ့ (၅)နှစ်တာကာလအတွင်း လာလီဂါ၊ စပိန်ဘုရင့်ဖလား၊ စပိန်စူပါဖလား၊ ချန်ပီယံလိဂ်၊ ဥရောပဖလား၊ ဖီဖာကလပ်ကမ္ဘာ့ဖလား ဆွတ်ခူးခဲ့ပြီး ဂိုးသမားတွေထဲမှာ အောင်မြင်မှု အများဆုံးလို့တောင် သတ်မှတ်ရမယ်။ ဒါကြောင့်လည်း ရီးယဲလ်အသင်းရဲ့ အောင်မြင်မှုအများဆုံး အသင်းခေါင်းဆောင်စာရင်းမှာ ကာဆီလက်စ်ကို မပါမဖြစ်ထည့်သွင်းခဲ့ရတာပါပဲ။

Sergio Ramos – Captaincy years: 2015 – Present

Sergio-Ramos

Sergio-Ramos

ပရော်ဖက်ရှင်မပီသတဲ့ ကစားပုံတချို့ကြောင့် ဝေဖန်မှုတွေရှိနေပေမယ့်လည်း ရာမို့စ်ဟာ ကမ္ဘာ့အကောင်းဆုံး နောက်ခံလူတစ်ဦး၊ ရီးယဲလ်အသင်းရဲ့ အသင်းခေါင်းဆောင်ကောင်းတစ်ဦးဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ အသင်းခေါင်းဆောင်အဖြစ် စတင်တာဝန်ယူခဲ့တဲ့ ၂၀၁၅ ကနေ လက်ရှိအချိန်အထိ စပိန်စူပါဖလား၊ ဥရောပစူပါဖလား(၂ကြိမ်)၊ ဖီဖာကလပ်ကမ္ဘာ့ဖလား (၂ကြိမ်)၊ ချန်ပီယံလိဂ်ကို စံချိန်တင်အဖြစ် (၃)ကြိမ်ဆက် ရယူခဲ့တာကို ကြည့်ရင် ရာမို့စ်ဟာ ရီးယဲလ်အသင်းခေါင်းဆောင် လက်ပတ်ဝတ်ဆင်ခွင့်ရဖို့ ထိုက်တန်တဲ့သူဆိုတာ အသေအချာပါပဲ။

Miguel Munoz Mozun: Captaincy years: 1948-1959

Miguel-Munoz-Mozun

Miguel-Munoz-Mozun

ရီးယဲလ်အသင်းရဲ့ ဂန္ထ၀င်ကြီး မီဂွယ်လ်မူနော့ဇ်ကတော့ ကစားသမားဘ၀မှာသာမက နည်းပြဘ၀မှာပါ ရီးယဲလ်အသင်းအတွက် အောင်မြင်မှု ရယူခဲ့သူပါ။ ရီးယဲလ်အသင်းခေါင်းဆောင်အဖြစ် ဥရောပဖလား (ချန်ပီယံလိဂ်)ကို (၃)ကြိမ်ဆက်၊ လာလီဂါချန်ပီယံ (၄)ကြိမ်ဆက်၊ Copa Latina ဖလား (၂)ကြိမ်ရရှိခဲ့တယ်။

Raul Gonzales – Captaincy years: 2003-2010

Raul-Gonzales

Raul-Gonzales

စီရော်နယ်လ်ဒို Cristiano Ronaldo ဟာ ရီးယဲလ်အသင်းမှာ ဘယ်လောက်ပဲ စံချိန်တင် အောင်မြင်မှုမှတ်တမ်းတွေ ရယူခဲ့ပါစေ၊ ရီးယဲလ်ပရိသတ်တွေရဲ့ ရင်ထဲမှာ ရာအူးလ်ဟာ ဘယ်လိုမှ အစားထိုးလို့ မရတဲ့ ကစားသမားအဖြစ် သတ်မှတ်ထားတာပါ။ သန့်သန့်ရှင်းရှင်း ကစားတတ်ပြီး ပရော်ဖက်ရှင်နယ် ပီသတဲ့၊ နိုင်လိုစိတ်ပြင်းထန်တဲ့ ရာအူးလ်ကို ရီးယဲလ်အသင်း သမိုင်းမှာသာမကဘဲ ဘောလုံးလောကမှာပါ ထာဝရအကောင်းဆုံး ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ရမှာဖြစ်ပါတယ်။

Manuel Sanchis – Captaincy years: 1988 – 2001

Manuel-Sanchis

Manuel-Sanchis

၁၉၈၀ ၀န်းကျင်ကာလတွေမှာ စပိန်ဘောလုံးလောကို ရီးယဲလ် စိုးမိုးထားချိန်တုန်းက အသင်းရဲ့ ငယ်မွေးခြံပေါက် ကစားသမား (၅)ဦးထဲမှာ မန်နူရယ်ဆန်းချစ်ကလည်း တစ်ဦးအပါအ၀င်ဖြစ်ပါတယ်။ ရီးယဲလ်အသင်းခေါင်းဆောင်အဖြစ် ချန်ပီယံလိဂ်(၂)ကြိမ်၊ လာလီဂါ (၅)ကြိမ်၊ စပိန်စူပါဖလား(၅)ကြိမ်အပါအ၀င် ဆုဖလား (၁၉)ခုအထိ ရယူခဲ့ပြီး ရီးယဲလ်အသင်းခေါင်းဆောင်တွေထဲမှာ ဖလားအများဆုံး ရယူခဲ့သူလို့တောင် သတ်မှတ်ရမှာပါ။

REF:.sportskeeda
Photo:Tuko,LaLiga,Essentially Sports,ibtimes,Twitter
Naing Linn(Akhayar)
www.akhayar.com