အားကစားလောကမှာ ပရိသတ်တွေက ကိုယ်နှစ်သက်သဘောကျတဲ့သူကို ချစ်စနိုးနဲ့ နာမည်ပြောင်တွေ ပေးလေ့ရှိတာက ထုံးစံပါပဲ။ ဘောလုံးပရိသတ်တွေလည်း ဒီအတိုင်းပါ။ တချို့ကတော့ အဲဒီကစားသမားနဲ့ လိုက်လျော်ညီထွေတဲ့ နာမည်ပြောင်တွေ ပေးကြသလို၊ တချို့ကလည်း ကစားသမားကို နောက်ပြောင်လိုတဲ့ သဘောနဲ့ ပေးတဲ့နာမည်ပြောင်တွေလည်းရှိပါတယ်။ အဲဒါကြောင့် နာမည်ကျော် ဘောလုံးသမားဟောင်းတွေကို ပရိသတ်တွေ သတ်မှတ်ပေးထားတဲ့ နာမည်ပြောင်တွေနဲ့ပတ်သတ်ပြီး ဖော်ပြလိုက်ပါရစေ . .

‘Little Mozart’

ဒါကတော့ ချက်နာမည်ကျော် ကစားသမားဟောင်း ရိုဆစ်စကီး Tomáš Rosický ကို သူ့ ပရိသတ်တွေက ချစ်စနိုးပေးထားတဲ့ နာမည်ပြောင်ပါ။ ဂီတနဲ့ပတ်သက်ပြီး ဆရာတစ်ဆူဖြစ်ခဲ့တဲ့ မိုးဇက် Mozart လိုပဲ ဘောလုံးကစားတဲ့နေရာမှာ Skill ကောင်းလွန်းတာကြောင့် ပရိသတ်တွေက ‘Little Mozart’ ဆိုပြီး သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။

‘Hulk’

ဒီနာမည်ကို ကြားတာနဲ့ Avengers ထဲက လူစွမ်းကောင်းတစ်ဦးဖြစ်တဲ့ ‘Hulk’ ကို အရင်ဆုံးပြေးမြင်မိလိမ့်မယ်။ ဒီ ‘Hulk’ကတော့ ပေါ်တိုအသင်းတိုက်စစ်မှူးဟောင်း ဟော့ခ် ‘Hulk’ကို ပရိသတ်တွေက နာမည်ပြောင်ပေးထားတာပါ။ သူ့နာမည်အရင်းက Givanildo Vieira de Sousa ဖြစ်ပေမယ့် ၁၉၇၀ ကျော်ကာလတွေတုန်းက The Incredible Hulk အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Lou Ferrigno နဲ့ ရုပ်ချင်းဆင်တာကြောင့် အခုလို နာမည်ပြောင်ပေးခဲ့ကြတာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ဟော့ခ်ဟာ သူ့နာမည်အရင်းတောင် လူသိပ်မသိတော့ဘဲ အဲဒီနာမည်နဲ့ ပိုပြီးထင်ရှားခဲ့ပါတယ်။

‘The Magic Dwarf’

Dwarf ဆိုတာက လူပုလေးတွေကို နောက်ပြောင်ခေါ်ကြတဲ့ အသုံးအနှုန်းပါ။ ဘိုင်ယန်မြူးနစ်ပရိသတ်တွေက အသင်းရဲ့ ဂန္ထ၀င်ကစားသမား ဖိလစ်လမ်း Philipp Lahm ကို ချစ်စနိုးနဲ့ နာမည်ပြောင်ပေးထားတာက ‘The Magic Dwarf’ ဆိုပြီးတော့ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဖိလစ်လမ်းက လူကောင်သေးပေမယ့် ဘောလုံးစွမ်းရည် မြင့်မားတာကြောင့် အခုလို နာမည်ပြောင်ပေးခဲ့ကြတာဖြစ်ပါတယ်။

‘Shaggy’

Shaggy ဆိုတဲ့ ရုပ်ရှင် Character ကို နာမည်ကျော် ကာတွန်းကားဖြစ်တဲ့ Scooby-Doo ကို ကြည့်ဖူးတဲ့သူတိုင်း အမြဲအမှတ်ရနေကြမှာပါ။ ဒီနာမည်ပြောင် သတ်မှတ်ခံခဲ့ရတဲ့ နာမည်ကျော် ဘောလုံးသမားကတော့ လီဗာပူးလ်နဲ့ ရီးယဲလ် ကစားသမားဟောင်း မက်မန်နာမန် Steve McManaman ပဲဖြစ်ပါတယ်။ အကြောင်းရင်းကတော့ Shaggy က ဆံပင်ငွေရောင်စုတ်ဖွားနဲ့ဖြစ်တာကြောင့် မက်မန်နာမန်နဲ့ ရုပ်ချင်းဆင်တူလို့ပါတဲ့။

‘CR7’

ဒါကတော့ သိပ်အထွေအထူးပြောဖို့ လိုမယ် မထင်ပါဘူး။ လက်ရှိကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ဦးဖြစ်တဲ့ စီရော်နယ်လ်ဒို Cristiano Ronaldo ရဲ့ နာမည်ပြောင်ဖြစ်သလို သူ့ရဲ့ Trademark လည်းဖြစ်ပါတယ်။ ‘CR7’ နာမည်နဲ့ ထုတ်လုပ်ထားတဲ့ ကုန်ပစ္စည်းတွေရှိတဲ့အပြင် စီရော်နယ်လ်ဒိုဟာ ဒီနာမည်နဲ့ပဲ ဟိုတယ်တွေလည်း ဖွင့်လှစ်ထားပါတယ်။

‘Baby Faced Assassin’

မန်ယူအသင်းရဲ့ အမာခံပရိသတ်တွေအတွက် ‘Baby Faced Assassin’ ဆိုတဲ့ နာမည်ကြားလိုက်တာနဲ့ အခု နည်းပြ ဆိုးလ်ရှား Ole Gunnar Solskjaer ကို သတိရမိကြပါလိမ့်မယ်။ ကစားသမားဘ၀တုန်းက ခပ်အေးအေးပုံစံနဲ့ ပြိုင်ဘက်အသင်းတွေကို အသည်းခွဲခဲ့သူ ဆိုးလ်ရှားကို ပရိသတ်တွေက ‘ကလေးမျက်နှာနဲ့ လူသတ်သမား Baby Faced Assassin’ ဆိုပြီး နာမည်ပြောင်ပေးခဲ့ကြတာပါ။

နာမည်ကျော်ဘောလုံးသမားတွေကို ပရိသတ်တွေပေးခဲ့တဲ့ နာမည်ပြောင်များ (၂)ကို ဆက်လက်ဖော်ပြပါမည် . .

REF:bleacherreport
Photo:Getty Images
Naing Linn(Akhayar)
www.akhayar.com