အားကစားလောကမှာ ပရိသတ်တွေက ကိုယ်နှစ်သက်သဘောကျတဲ့သူကို ချစ်စနိုးနဲ့ နာမည်ပြောင်တွေ ပေးလေ့ရှိတာက ထုံးစံပါပဲ။ ဘောလုံးပရိသတ်တွေလည်း ဒီအတိုင်းပါ။ တချို့ကတော့ အဲဒီကစားသမားနဲ့ လိုက်လျော်ညီထွေတဲ့ နာမည်ပြောင်တွေ ပေးကြသလို၊ တချို့ကလည်း ကစားသမားကို နောက်ပြောင်လိုတဲ့ သဘောနဲ့ ပေးတဲ့နာမည်ပြောင်တွေလည်းရှိပါတယ်။ အဲဒါကြောင့် နာမည်ကျော် ဘောလုံးသမားဟောင်းတွေကို ပရိသတ်တွေ သတ်မှတ်ပေးထားတဲ့ နာမည်ပြောင်တွေနဲ့ပတ်သတ်ပြီး အပိုင်း(၂)အဖြစ် ဖော်ပြလိုက်ပါရစေ . .

‘The Non-Flying Dutchman’

အာဆင်နယ်အသင်းရဲ့ နယ်သာလန်ဂန္ထ၀င်တိုက်စစ်မှူး ဘားကမ့် Dennis Bergkamp ရဲ့ နာမည်ပြောင်က ထူးထူးဆန်းဆန်း ‘The Non-Flying Dutchman’ ပါတဲ့။ ဒီလို နာမည်ပြောင်ပေးခံရတာကလည်း အကြောင်းရှိပါတယ်။ ဘားကမ့်ဟာ လေယာဉ်စီးရမှာကို ကြောက်ရွံ့တာကြောင့် ကစားသမားဘ၀တစ်လျှောက်လုံး ပြည်ပမှာ ကစားမယ့်ပွဲတွေဆိုရင် ဘယ်တော့မှ လေယာဉ်မစီးဘဲ ကားနဲ့သာသွားလေ့ရှိတာကြောင့် အခုလို နာမည်ပြောင်ရထားတာပါ။

‘Cashley’

ဘောလုံးသမားဘ၀က အနားယူသွားပြီဖြစ်တဲ့ အင်္ဂလန်နာမည်ကျော် နောက်ခံလူ အက်ရှ်လေကိုးလ် Ashley Cole ကို အာဆင်နယ်ပရိသတ်တွေ နာမည်ပြောင်ပေးထားတာက ‘Cashley Cole’ဆိုပြီးတော့ပါ။ ၂၀၀၆ ခုနှစ်တုန်းက အာဆင်နယ်အသင်းကနေ အခါးသီးဆုံးပြိုင်ဘက် ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ခဲ့ချိန်မှာ အာဆင်နယ်ပရိသတ်တွေက အက်ရှ်လေကိုးလ်ဟာ ငွေမက်လို့ ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့ခဲ့တာလို့ စွပ်စွဲခဲ့ပြီး ‘Cashley Cole’လို့ လှောင်ပြောင်ခဲ့ကြတာဖြစ်ပါတယ်။

‘El Niño’

ဘောလုံးမြက်ခင်းစိမ်းတွေကို စွန့်ခွာသွားပြီဖြစ်တဲ့ အက်သလက်တီကို၊ လီဗာပူးလ် နာမည်ကျော်တိုက်စစ်မှူးဟောင်း တောရက်စ် Fernando Torres ရဲ့ နာမည်ပြောင်က စပိန်လို ‘El Niño’ လို့ အမည်ရပါတယ်။ ‘El Niño’ ဆိုတာက အင်္ဂလိပ်လို ‘Young Boy'(ကောင်လေး)လို့ အဓိပ္ပါယ်ရပြီး တောရက်စ် ဆယ်ကျော်သက်ဘ၀တုန်းက အက်သကလက်တီကိုအသင်းအတွက် ပထမဆုံးကစားခွင့်ရချိန်မှာ စီနီယာကစားသမားတွေက သူ့နာမည်ကို မသိလို့ ‘El Niño’ လို့ ခေါ်ရင်းကနေ အဲဒီနာမည်တွင်သွားတာပါပဲ။

‘Braveheart’

ဘောလုံးသမားဘ၀တုန်းက ကြမ်းပေ့ရမ်းပေ့ဆိုတဲ့ ကစားသမားတွေထဲမှာ တစ်ဦးအပါအ၀င်ဖြစ်သူ အီတလီဂန္ထ၀င်ကြီး ဂတ်တူဆို Gennaro Gattuso ရဲ့ နာမည်ပြောင်က ‘Braveheart’ဖြစ်ပါတယ်။ သူ့မှာ အဲဒီနာမည်အပြင် တခြားနာမည်ပြောင်တစ်ခုက “Rhino”(ကြံ့ကြီး)ဖြစ်ပြီး ခပ်ကြမ်းကြမ်းကစားတတ်တာရယ်၊ ဒေါသကြီးတာရယ်ကြောင့် အဲဒီလို နာမည်ပြောင်ပေးခံခဲ့ရတာပါ။

‘The King’

ဘရာဇီးလ် ဂန္ထ၀င်ကစားသမား ပီလီ Pele ရဲ့ နာမည်ပြောင်က ‘The King ဘုရင်ကြီး’ပါတဲ့။ ကမ္ဘာ့ဖလားချန်ပီယံဆုကို စံချိန်တင်အဖြစ် (၃)ကြိမ်အထိ ရယူခဲ့ပြီး ၂၀ ရာစုရဲ့ အကောင်းဆုံးဘောလုံးသမားတစ်ဦး အဖြစ် သတ်မှတ်ခံခဲ့ရသူ ပီလီဟာ တကယ်လည်း ဘောလုံးလောကရဲ့ ဘုရင်တစ်ပါးပါပဲ။ သူ့ရဲ့ နောက်ထပ် နာမည်ပြောင်တစ်ခုက ပုလဲနက် “The Black Pearl” ပဲဖြစ်ပါတယ်။

‘Spice Boy’

ဒီနာမည်ပြောင် ရထားတဲ့ နာမည်ကျော်ကစားသမားတစ်ဦးကို ပရိသတ်တွေ သိကြပါရဲ့လား။ သူကတော့ မန်ယူဂန္ထ၀င်ကစားသမား ဒေးဗစ်ဘက်ခမ် David Beckham ဖြစ်ပြီး ပရိသတ်တွေက ချစ်စနိုးနဲ့ ‘Spice Boy’လို့ နာမည်ပြောင်ပေးခဲ့ကြတာပါ။ အကြောင်းရင်းကတော့ ဘက်ခမ်ဟာ တစ်ချိန်က နာမည်ကျော် Girl Band ဖြစ်တဲ့ Spice Girls အဖွဲ့ဝင် ဗစ်တိုးရီးယား Victoria Caroline နဲ့ ရည်းစားဖြစ်ချိန်မှာ ပရိသတ်တွေက ဘက်ခမ်ကို ‘Spice Boy’ လို့ နောက်ပြောင်ပြီး နာမည်ပေးခဲ့ကြတာဖြစ်ပါတယ်။

နာမည်ကျော်ဘောလုံးသမားတွေကို ပရိသတ်တွေပေးခဲ့တဲ့ နာမည်ပြောင်များ (၃)ကို ဆက်လက်ဖော်ပြပါမည် . .

နာမည်ကျော်ဘောလုံးသမားတွေကို ပရိသတ်တွေပေးခဲ့တဲ့ နာမည်ပြောင်များ (၁) ဖတ်ရန်လင့်ခ်

REF:bleacherreport
Photo:Getty Images
Naing Linn(Akhayar)