အခရာ ပရိတ်သတ်တို့ရေ ဒီနေ့ ၂၀၁၇ မတ်လ ၈ ရက်နေ့မှာတော့ Google ဟာ International Women’s Day ကို ဂုဏ်ပြုတဲ့အနေနဲ့ သူတို့ရဲ့ Doodle Features မှာ နိုင်ငံတကာက ထူးခြားတဲ့ အမျိုးသမီး ၁၃ ဦးရဲ့ ပုံတွေနဲ့ တန်ဆာဆင်ပြီး ဖော်ပြခဲ့ပါတယ်။ သူတို့တင်ထားတဲ့ Slideshow မှာတော့ အဘွားအိုကြီးဟာ သူမရဲ့ မြေးမလေးကို စိတ်ဝင်စားဖို့ကောင်းတဲ့ အိပ်ယာဝင်ပုံပြင်တစ်ပုဒ်ကို ပြောပြနေတဲ့ ဟန် သရုပ်ဖော်ထားပါတယ်။ ဒီပုံပြင်ထဲမှာတော့ ပြီးခဲ့တဲ့ ရာစုနှစ်တွေအတွင်းမှာ ကမ္ဘာတစ်လွှားက မှတ်မှတ်ထင်ထင်ကျန်ရစ်ခဲ့တဲ့ အမျိုးသမီး ၁၃ ဦးအကြောင်းကို ညွှန်းဖွဲ့ထားပါတယ်။ သူတို့ဟာ ဘယ်သူတွေလဲ ဘာကြောင့်သူတို့ကို Google Doodle မှာ ဖော်ပြဂုဏ်ပြုထားရပါသလဲဆိုတာ လေ့လာကြည့်လို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။

Ida Wells

၁၈၆၂ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ Ida B. Wells ဟာ အမေရိကန် လူမည်းအမျိုးသမီး သတင်းစာဆရာမ၊ မဲပေးခွင့် နဲ့ အရပ်ဘက် လူ့အခွင့်အရေးလှုပ်ရှားသူလည်းဖြစ်ပါတယ်။ သူမရဲ့ ပြင်းထန်ထိရောက်တဲ့ ရေးသားပြောဆိုမှုတွေဟာ လူမျိုးရေးနဲ့ အသားအရောင်ခွဲခြားမှုတွေကို တိုက်ဖျက်တွန်းလှန်ရာမှာ ထိရောက်ခဲ့ပါတယ်။ Ida Wells ဟာ သူမဘဝတစ်လျှောက်လုံး အမေရိကန်အမျိုးသမီးထုအတွက် တန်းတူညီမျှတဲ့ အခွင့်အရေးတွေရရှိဖို့ တိုက်ပွဲဝင်ခဲ့သူလည်းဖြစ်ပါတယ်။   ပြည်သူလူထုလွတ်လပ်ခွင့် တိုးတက်ဖို့ကြိုးပမ်းမှုတွေနဲ့ သတင်းစာအတတ်ပညာပိုင်းဆိုင်ရာ အနိုင်မခံအရှုံးမပေးစိတ်ဓာတ်တွေကြောင့် သူမကို Doodle မှာ ဖော်ပြဂုဏ်ပြုရတာဖြစ်တယ်လို့ Google က ဆိုပါတယ်။

Lotfia El Nadi

Lotfia El Nadi က ပထမဆုံးသော အီဂျစ်အမျိုးသမီး လေယာဉ်မှူးဖြစ်ပါတယ်။ သူမဟာ ဖခင်ဖြစ်သူက ကန့်ကွက်နေမှုကို ဆန့်ကျင်ပြီး မိခင်ဖြစ်သူရဲ့ အကူအညီနဲ့ ၁၉၃၂ ခုနှစ်မှာ လေယာဉ်မောင်းသင်တန်းတက်ခဲ့ပါတယ်။ လအနည်းငယ်အကြာပြီးနောက် သူမအသက် ၂၆ နှစ်အရွယ်မှာ လေယာဉ်မောင်းလိုင်စင်ရပြီး လေယာဉ်မှူးဖြစ်လာပါတယ်။ ၁၉၃၃ ခုနှစ်မှာ Lotfia El Nadi ဟာ ကိုင်ရိုကနေ အလက်ဇန်းဒရီးယားကို လေယာဉ်ပျံသန်း မောင်းနှင်တဲ့ ပထမဆုံး အမျိုးသမီးဖြစ်လာခဲ့ပြီး အဲဒီခေတ်တုန်းကတော့ မဖြစ်နိုင်တဲ့ အကွာအဝေးလို့ဆိုပါတယ်။ သူမရဲ့ “လေယာဉ်ပျံမောင်းဖြစ်ရတဲ့အကြောင်းအရင်းက ကျွန်မက လွပ်လပ်မှုကို ချစ်လို့လေ” ဆိုတဲ့ စကားကလည်း နာမည်ကျော်ခဲ့ပါတယ်။ Google ကတော့ သူမရဲ့ စွမ်းဆောင်ချက်တွေဟာ အမျိုးသမီးတွေဟာ ဘယ်အရာကိုမဆို လုပ်နိုင်စွမ်းတယ်ဆိုတဲ့ သင်္ကေတဖြစ်တာကြောင့် သူမကို ထည့်သွင်းဂုဏ်ပြုခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

Frida Kahlo

မက္ကဆီကို အမျိုးသမီး Frida Kahlo ကို ၁၉၀၇ ခုနှစ်မှာ မွေးဖွားပြီးတော့ ပန်းချီဆရာမနဲ့ တက်ကြွလှုပ်ရှားသူလည်းဖြစ်ပါတယ်။ အသက် ၆ နှစ်သမီးအရွယ်ကတည်းက ပိုလီယိုရောဂါစွဲကပ်ခဲ့ပြီး ၁၈ နှစ်သမီးအရွယ်မှာတော့ ဘတ်စ်ကားမတော်တဆမှုကြောင့် သူမရဲ့ခန္ဓာကိုယ်က အရိုးအများအပြားကျိုးခဲ့ပြီး အိပ်ယာပေါ်မှာပဲ လှဲနေရတဲ့ ဘဝကိုရောက်ခဲ့ပါတယ်။ သူမဟာ အိပ်ယာပေါ်မှာလဲနေပေမယ့် မိခင်ဖြစ်သူရဲ့ အားပေးမှုနဲ့ ပန်းချီရေးဆွဲခဲ့ပြီး အမျိုးသမီး၊ အလုပ်သမားနဲ့ လက်တင်နွယ်ဖွားတွေအတွက် တရားမျှတမှုရရှိဖို့ ပန်းချီအနုပညာနဲ့ တိုက်ပွဲဝင်ခဲ့သူလည်းဖြစ်ပါတယ်။  Frida Kahlo ဟာ မြောက်များလှစွာသော အမျိုးသမီးတွေကို သူတို့ရဲ့ စိတ်အားထက်သန်မှုနဲ့ ဘဝအတွေ့အကြုံတွေကို ရဲဝံ့စွာထုတ်ဖော်ပြောဆိုလာအောင် ခွန်အားပေးခဲ့သူဖြစ်တယ်လို့ Google က ဂုဏ်ပြုပါတယ်။

Lina Bo Bardi

စွန့်ဦးတီထွင် ခေတ်ပေါ် ဗိသုကာ Lina Bo Bardi ကို ၁၉၁၄ ခုနှစ်မှာ အီတလီနိုင်ငံမှာ ဖွားမြင်ပေမယ့် သူမဘဝရဲ့ အချိန်အများစုကို ဘရာဇီးနိုင်ငံမှာ ဖြတ်သန်းခဲ့တာဖြစ်ပါတယ်။ သူမဟာ São Paulo Museum of Art လိုမျိုး ထင်ရှားပြီး အနုပညာဆန်တဲ့ အဆောက်အအုံအမြောက်အများကို ဖန်တီးခဲ့သူပါ။ သူမဟာ ဗိသုကာပါရမီရှင်သာမကပဲ စာအုပ်ထုတ်ဝေသူ၊ ကျောင်းဆရာမနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ယောက်လည်း ဖြစ်ပါတယ်။

Olga Skorokhodova

Olga Skorokhodova ကတော့ အကြားအာရုံနဲ့ အမြင်အာရုံ ချို့တဲ့ သူတွေကို အကူအညီပေးနိုင်မယ့် နည်းလမ်းတွေကို အထူးပြု လေ့လာခဲ့တဲ့ ထင်ရှားတဲ့ ရုရှားအမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ အသက် ၅ နှစ်အရွယ်မှာကတည်းက ဦးနှောက်အမြှေးရောင် ရောဂါကြောင့် အကြားအာရုံနဲ့ အမြင်အာရုံ ချို့ယွင်းခဲ့တဲ့သူမဟာ သူမလို အကြားအာရုံနဲ့ အမြင်အာရုံ ချို့တဲ့ သူတွေ ပညာသင်ကြားနိုင်ဖို့ ကြိုးပမ်းခဲ့သူပါ။ Google ကတော့ သူမဟာ ကမ္ဘာပေါ်က အခက်အခဲတွေ့နေတဲ့ ဘဝများစွာ ပြောင်းလဲလာဖို့ သူမကိုယ်တိုင် အရှုံးမပေးပဲ တိုက်ပွဲဝင်ခဲ့သူလို့ ညွှန်းဆိုပါတယ်။

Miriam Makeba

Miriam Makeba ကတော့ တောင်အာဖရိကက အမျိုးသမီး အဆိုတော်ဖြစ်သလို လူထုအခွင့်အရေးအတွက် တိုက်ပွဲဝင်သူလည်းဖြစ်ပါတယ်။ သူမရဲ့ ဂီတပါရမီကြောင့် ကျော်ကြားလှပေမယ့် ငယ်စဉ်က ခွဲခြားဆက်ဆံခံရမှုတွေကြောင့် သူမအောင်မြင်လာချိန်မှာ လုထုအခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့သူဖြစ်ပါတယ်။

Sally Ride

အမေရိကန်အမျိုးသမီး အာကာသယာဉ်မှူး Sally Ride ဟာ အာကာသထဲကို ပထမဆုံးရောက်ဖူးတဲ့ အမျိုးသမီးဖြစ်ပါတယ်။ အမျိုးသမီးပင်ဖြစ်လင့်ကစား ခက်ခဲကြမ်းတမ်းတဲ့ ကြိုးပမ်းအားထုတ်မှုတွေနဲ့ အာကာသခရီးကိုနှင်နိုင်ဖို့ ကြိုးစားခဲ့သူဖြစ်ပါတယ်။ သူမဟာ လူငယ်တွေရဲ့ အိမ်မက်တွေအတွက် စိတ်ဓာတ်ခွန်အားဖြစ်တာကြောင့် သူမကိုလည်း ဂုဏ်ပြုတာဖြစ်တယ်လို့ Google က ဖော်ပြပါတယ်။

Halet Çambel

Halet Çambel ဟာ ကမ္ဘာ့ရှေးအကျဆုံး ယဉ်ကျေးမှုတွေထဲက တစ်ခုဖြစ်တဲ့ Hittite ယဉ်ကျေးမှုအကြောင်းကို ဖော်ထုတ်နိုင်စေမယ့် Phoenician Alphabet ကျောက်စာကို ရှာဖွေတွေ့ရှိခဲ့သူ တူရကီအမျိုးသမီး သမိုင်းသုတေသနပညာရှင်ဖြစ်ပါတယ်။   သူမရဲ့ ရှာဖွေတွေ့ရှိမှုကြောင့် Hittite တွေရဲ့ အရုပ်စာတွေကို လူတွေက သာဘာပြန်ဆိုနိုင်ခဲ့ပြီး ကမ္ဘာ့သမိုင်းရဲ့ ကွင်းဆက်တစ်ခုကို အဖြေရှာနိုင်ခဲ့ပါတယ်။ ဒါ့အပြင် သမိုင်းမှတ်တမ်းတွေအရ သူမဟာ ကမ္ဘာပေါ်မှာ ပထမဆုံးသော အိုလံပစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အစ္စလာမ်ဘာသာဝင် အမျိုးသမီးလည်းဖြစ်ခဲ့ပါတယ်။ ၁၉၃၆ ခုနှစ်မှာ ဓားရေး အားကစားနဲ့ တူရကီနိုင်ငံ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။

Ada Lovelace

အမည်ရင်း Augusta Ada King-Noel လို့ခေါ်တဲ့ Lovelace မြို့စားကတော် Ada Lovelace ဟာ အင်္ဂလိပ် အမျိုးသမီး သင်္ချာပညာရှင်တစ်ဦးဖြစ်ပြီးတော့ ယနေ့ခေတ် ကွန်ပျူတာရဲ့ အစောဆုံးအိုင်ဒီယာဖြစ်တဲ့ Analytical Engine ကို ဖန်တီးရာမှာ ပါဝင်ခဲ့သူဖြစ်ပါတယ်။ ၁၈၄၃ ခုနှစ်မှာ သူမထုတ်ဝေခဲ့တဲ့ Analytical Engine နဲ့ ပတ်သတ်တဲ့ Algorithm Notes တွေဟာ ပထမဆုံးသော Computer Program လို့ သတ်မှတ်ခြင်းခံရပါတယ်။

Rukmini Devi

အိန္ဒိယအမျိုးသမီး အကပညာရှင်နဲ့ ကကွက်ဖန်တီးတင်ဆက်သူ Rukmini Devi ကို ၁၉၀၄ ခုနှစ်မှာ မွေးဖွားပါတယ်။ သူမဟာ နှစ်ထောင်ပေါင်းများစွာကတည်းက တည်ရှိလာတဲ့ အိန္ဒိယရိုးရာ Bharata Natyam အကကို ပျောက်ကွယ်လုနီးပါးအနေအထားကနေ လူကြိုက်များလာအောင် ဖန်တီးတင်ဆက်ခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် သူမဟာ အိန္ဒိယမှာ တိရိစ္ဆာန်အခွင့်အရေးအတွက် ကြိုးစားပမ်းစားဆောင်ရွက်ခဲ့သူလည်းဖြစ်သလို အိန္ဒိယ တိရိစ္ဆာန်စောင့်ရှောက်ရေးအသင်းရဲ့ ပထမဆုံးသော အမျိုးသမီးဥက္ကဌလည်းဖြစ်ပါတယ်။

Cecilia Grierson

၁၈၅၉ ခုနှစ်မှာ ဗျူနိုအေးရီးစ်မှာ မွေးဖွားခဲ့တဲ့ Cecilia Grierson ဟာ ရူပဗေဒပညာရှင်၊ တီထွင်ဖန်တီးသူ၊ စာရေးဆရာမ၊ တက်ကြွလှုပ်ရှားသူ၊ ပြုပြင်ပြောင်းလဲရေးသမားနဲ့ အမျိုးသမီးတွေကို ဆေးပညာသင်ကြားခွင့်ကန့်သတ်ထားတဲ့ အာဂျင်တီးနားမှာ ပထမဦးဆုံးသော ဆေးပညာဘွဲ့ရရှိခဲ့သူ အမျိုးသမီးလည်းဖြစ်ပါတယ်။ သူမရဲ့ ဘဝတစ်လျှောက်မှာ လူမှုဖူလုံရေးအခွင့်အရေး၊ လုပ်ငန်းခွင်ဝင်အမျိုးသမီးများ မီးဖွားခွင့်ရရှိရေးနဲ့ ကျွန်ရောင်းချမှုပိတ်ပင်ရေးစတဲ့ လူ့အခွင့်အရေးကိစ္စရပ်တွေကို မပင်မပန်းအားစိုက်လုပ်ကိုင်နေခဲ့သလို သားဖွားမီးယပ်ဘာသာရပ်နဲ့ လူ့ လှုပ်ရှားမှုတွေကို လေ့လာတဲ့ ဆေးပညာဘာသာရပ်တွေ တိုးတက်လာဖို့လည်း လေ့လာမှုတွေလုပ်ခဲ့ပါတယ်။ ဒါ့အပြင် သူမရဲ့ အထင်ရှားဆုံး တီထွင်ကြံဆမှုကတော့ ဆေးရုံကားတွေမှာ အသံမည်တဲ့ Alarm တပ်ဆင်ခဲ့တာပါပဲ။

Lee Tai-young

Lee Tai-young က ပထမဆုံးသော ကိုရီးယားအမျီုးသမီး ရှေ့နေဖြစ်ပါတယ်။ သူမဟာ ခက်ခဲလှတဲ့ ကိုရီးယားအမျိုးသားအဆင့် ဥပဒေစာမေးပွဲကို ၁၉၅၂ ခုနှစ်မှာအောင်မြင်ခဲ့ပါတယ်။ သူမဟာ ကိုရီးယားနိုင်ငံမှာ ပထမဆုံး အမျိုးသမီး တရားသူကြီးဖြစ်ခဲ့သလို ကိုရီးယားအမျိုးသမီးတွေ လူနေမှုဘဝတိုးတက်လာဖို့ ရှေ့တန်းကရပ်တည်ကြိုးစားခဲ့သူဖြစ်သလို လပ်ထပ်ခွင့်နဲ့ မိသားစုဘဝတွေနဲပ သက်ဆိုင်တဲ့ ဥပဒေတွေကို ပြင်ဆင်ခဲ့သူ တယ်။

Suzanne Lenglen

တစ်ချိန်တုန်းက တင်းနစ်အားကစားဟာ တင်းကျပ်တဲ့ ကစားနည်းတစ်မျိုးပါ။ အပျော်တမ်းကစားသမားတွေဟာ ပရိုဖက်ရှင်နယ်ကစားသမားတွေနဲ့ ယှဉ်ပြိုင်ခွင့်မရှိပါဘူး။ အရေးပါတဲ့ ပြိုင်ပွဲကြီးတွေရဲ့ လက်မှတ်ခတွေကလည်း အရမ်းကြီးလွန်းပါတယ်။ Suzanne Lenglen က ဒါတွေကို ပြောင်းလဲပစ်ခဲ့ပါတယ်။ သူမဟာ အသက်ငယ်ငယ်ရွယ်ရွယ်မှာပဲ အောင်မြင်ခဲ့သူဖြစ်သလို ရင်သပ်ရှုမောဖွယ် အောင်မြင်မှုတွေကို တသီတတန်းကြီး ရယူပြခဲ့သူပါ။ ပထမဆုံး သင်ကြားချက်ရုပ်ရှင်တွေလည်း ရိုက်ကူးခဲ့ပါတယ်။ အရေးအပါဆုံးကတော့ အဲဒီခေတ်က တင်းနစ်အားကစားလောကရဲ့ အတားအဆီးတွေကို ချိုးဖျက်ပြီး လူတိုင်းနဲ့ နီးစပ်တဲ့ အားကစားဖြစ်အောင် ကြိုးစားခဲ့တာပါပဲ။

အခရာ

(www.akhayar.com)