Google ဟာ တရုတ်နိုင်ငံအတွက် ဆင်ဆာဖြတ် Search Engine တခု ထုတ်ပေးမယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိတဦးက ပြောကြားလိုက်ပါတယ်။

Project Dragonfly လို့ လူသိများတဲ့ အဆိုပါပရောဂျက်ကို ပြီးခဲ့တဲ့နှစ်ကုန်ကတည်းက ရပ်ဆိုင်းထားတာ ဆိုပြီး သတင်းတွေ ထွက်ခဲ့တာပါ။ မရပ်ဘဲ ဆက်လုပ်နေတယ်ဆိုတဲ့ ကောလာဟလအချို့လည်း ထွက်ခဲ့ပါတယ်။

အခုတော့ Google အမှုဆောင်အရာရှိချုပ် Karan Bhatia ကိုယ်တိုင်က “Project Dragonfly ကို ဖျက်သိမ်းပြီးပြီ” ဖြစ်ကြောင်း အမေရိကန်လွှတ်တော် တရားရေးအာဏာပိုင်အဖွဲ့ကို အတည်ပြု ပြောကြားလိုက်ပါပြီ။

Dragonfly ပရောဂျက် ဆုံးခန်းတိုင်သွားပြီဖြစ်ကြောင်း ပထမဆုံးအကြိမ် လူသိရှင်ကြား ထုတ်ပြောလိုက်တာပါ။

နောက်နောင် တရုတ်နိုင်ငံအတွက် အလားတူ ဆင်ဆာဖြတ်ပရောဂျက်မျိုး ထပ်မလုပ်တော့ဘူး လို့တော့ ကတိမပေးခဲ့တာ တွေ့ရပါတယ်။

ဝေဖန်မှုတွေ ညံခဲ့တဲ့ Project Dragonfly
Google China

Photo: Beebom

Google ဟာ လွန်ခဲ့တဲ့ နှစ် ၂၀ ခန့်က တရုတ်နိုင်ငံအတွက် ‘Google China’ (Google.cn) ဆိုပြီး Search Engine တခု ထုတ်ပေးခဲ့ဖူးပါတယ်။ ဒါပေမယ့် တရုတ်ဘက်က Google အပါအဝင် အမေရိကန်နည်းပညာကုမ္ပဏီတွေကို ဆိုက်ဘာတိုက်ခိုက်မှုတွေ လုပ်ခဲ့တာကြောင့် ၂၀၁၀ မှာ တရုတ်နိုင်ငံကနေ ထွက်ခွာသွားခဲ့ပါတယ်။

၂၀၁၈ ခုနှစ်မှာတော့ Google ဟာ ‘Project Dragonfly’ အမည်နဲ့ ဆင်ဆာဖြတ် Search Engine တခု ထုတ်ပေးပြီး တရုတ်ကို ပြန်လာဖို့ ကြိုးစားနေတာကို Intercept က ဖော်ကောင် လုပ်ခဲ့ပါတယ်။ ကုမ္ပဏီတွင်းစာရွက်စာတမ်းတွေပါ ပြပြီး ဖော်ကောင်လုပ်ခဲ့တာကြောင့် Google ဘက်က မငြင်းသာခဲ့ပါဘူး။

ဒါ့အပြင် စာရွက်စာတမ်းတွေမှာ တရုတ်အစိုးရကို Search Engine ရဲ့ Content တွေကို ထိန်းချုပ်ခွင့် ပေးထားသလို၊ တရုတ်နိုင်ငံသားတွေကိုပါ စောင့်ကြည့်ခွင့် ပေးထားတာကို တွေ့ရှိခဲ့ရတာကြောင့် ဝေဖန်သံတွေ ညံခဲ့ပါတယ်။ Google လို Search Engine ကုမ္ပဏီကြီးတခုအနေနဲ့ တရုတ်အစိုးရရဲ့ အာဏာရှင်ဆန်ဆန် လုပ်ရပ်တွေကို အားပေးမကူညီသင့်ဘူးလို့ အားလုံးက ဝိုင်းဝေဖန်ခဲ့ကြပါတယ်။

Google ဝန်ထမ်းတွေကပါ ‘Project Dragonfly’ ကို ဝိုင်းဆန္ဒပြခဲ့ကြတာကြောင့် ၂၀၁၈ နှစ်ကုန်မှာတော့ ဒီပရောဂျက်ကို ရပ်ဆိုင်းပစ်လိုက်ပြီ ဖြစ်ကြောင်း သံသဲ့သဲ့ ထွက်လာပါတယ်။ Google ကတော့ ဖိအားတွေ ရင်ဆိုင်နေရတဲ့ကြားက ဒီသတင်းကို ချက်ချင်း အတည်မပြုခဲ့ပါဘူး။ အခု ၂၀၁၉ နှစ်ဝက်လောက်မှ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

Project Dragonfly စာရွက်စာတမ်းတွေအရ Google အင်ဂျင်နီယာတွေဟာ တရုတ်ဆင်ဆာဥပဒေအတိုင်း BBC နဲ့ Wikipedia အပါအဝင် နာမည်ကြီး Websites တော်တော်များများကို Filter ထုတ်ပြီး Search Results မှာ မပြဖို့ စီစဉ်နေတာကိုပါ တွေ့ခဲ့ရပါတယ်။

Ref: BBC, Washington Examiner