Google ကနေ ယနေ့မှစတင်ပြီးတော့ ပြီးခဲ့တဲ့၂၀၁၇ ခုနှစ် အောက်တိုဘာလတုန်းက မိတ်ဆက်ထားခဲ့တဲ့ Google Pixel 2 နဲ့ Pixel 2 XL ဖုန်းတွေရောင်းချနေမှုကို ရပ်ဆိုင်းလိုက်ပြီဖြစ်ပါတယ်။

Google Pixel 2

ဒီ Google Pixel 2 စမတ်ဖုန်းတွေဟာ Google ကို တခြားသော ပြိုင်ဘက်ဖုန်းတွေနဲ့ယှဉ်ရင် ကင်မရာအကောင်းဆုံးဖုန်းတစ်ခုအဖြစ်သတ်မှတ်ခံခဲ့ရစေတဲ့ စမတ်ဖုန်းတွေဖြစ်ပြီးတော့ ဖုန်းထွက်ရှိပြီးနောက်ပိုင်းမှာလည်း Discount တွေ အများအပြားပြုလုပ်ပြီး ရောင်းချခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့် အခုလိုမျိုး အရောင်းရပ်ဆိုင်းလိုက်တာက သိပ်ပြီးမထူးဆန်းဘူးလို့ ပြောလို့ရမှာပါ။

အခုလိုမျိုး Pixel 2 ဖုန်းတွေ ရောင်းချမှုကို ရပ်ဆိုင်းလိုက်တဲ့အတွက် Pixel 3 နဲ့ Pixel 3 XL ဖုန်းတွေကိုလည်း တရားဝင် ဝယ်ယူနိုင်တော့မှာဖြစ်ပြီး တခြား ရွေးချယ်စရာရှိတော့မှာမဟုတ်ပါဘူး။ ဒါပေမယ့် အရောင်းရပ်ဆိုင်းလိုက်တယ်ဆိုပေမယ့် Pixel 2 ဖုန်းတွေဟာ နောက်ထပ် အနည်းဆုံး ၁ နှစ်ကျော်အထိ Software Update ရရှိနေဦးမှာပါ။

Google Pixel 2

ဒီလိုမျိုး Pixel 2 ဖုန်းတွေကို အရောင်းရပ်ဆိုင်းလိုက်တာက Google ရဲ့ ကောလဟာလထွက်ရှိတာ ကြာပြီဖြစ်တဲ့ Pixel 3a နဲ့ Pixel 3a XL လိုမျိုး Google Pixel 3 ဖုန်းတွေကို အနည်းငယ် Specification လျော့ထားတဲ့ဖုန်းတွေကို မိတ်ဆက်ဖို့ အချိန်နီးလာတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ လာမယ့် မေလအစပိုင်းမှာ Google ကနေ Google I/O 2019 Event ကို ပြုလုပ်သွားဖို့ရှိနေတဲ့အတွက် အဆိုပါအချိန်မှာ Pixel 3a ဖုန်းသစ်တွေကိုပါ တခါတည်း မိတ်ဆက်သွားနိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် လောလောဆယ်မှာ Pixel ဖုန်းတွေကို Google Store ကနေ တရားဝင် ဝယ်ယူချင်တယ်ဆိုရင်တော့ Pixel 3 ဖုန်းတွေပဲ ဝယ်လို့ရတော့မှာပါ။

Ref : GSMArena