ဘန်လေနဲ့ကစားခဲ့တဲ့ပွဲမှာ ဂိုးသွင်းအပြီးအောင်ပွဲခံခဲ့တဲ့အပြုအမူနဲ့ပတ်သက်ပြီး ချယ်လ်ဆီးအသင်းတိုက်စစ်မှူး ဟီဂွါအင် Gonzalo Higuain ကို လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပရိသတ်တွေက စနောက်နေကြပါပြီ။ ဘန်လေနဲ့ပွဲမှာ ချယ်လ်ဆီးအသင်းဟာ (၂)ဂိုးစီသရေကျခဲ့ပြီး ဟီဂွါအင်က ပွဲချိန်(၁၄)မိနစ်မှာ အသင်းအတွက် ဦးဆောင်ဂိုးပြန်သွင်းယူခဲ့ပြီးတော့ ပရိသတ်တွေဆီပြေးသွားအောင်ပွဲခံခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ပွဲကြည့်စင်ထဲက အမျိုးသမီးပရိသတ်တစ်ဦးက ဟီဂွါအင်ရဲ့ ခေါင်းကို ရင်ဘတ်ထဲကို ဆွဲသွင်းပြီး အောင်ပွဲခံခဲ့တဲ့ပုံရိပ်က လူမှုကွန်ရက်တွေမှာ ပြန့်နှံ့သွားခဲ့တာပါ။ အဲဒီနောက်မှာတော့ ပရိသတ်တွေက ဟီဂွါအင်ကို Twitter စာမျက်နှာပေါ်မှာ စနောက်ရေးသားခဲ့ကြပြီး တစ်ဦးက “ဟီဂွါအင်ဟာ ဒီရာသီ အကောင်းဆုံးအောင်ပွဲခံတဲ့ဆုကို ရရှိသင့်တယ်”လို့ နောက်ပြောင်ရေးသားခဲ့ပါတယ်။

နောက်တစ်ဦးကလည်း “ဟီဂွါအင်ရဲ့ အောင်ပွဲခံပုံက တစ်မျိုးပါလား။ ဒီအမျိုးသမီးရဲ့ ရင်ဘတ်ထဲမှာ ဟီဂွါအင် ဘာတွေရှာနေပါလိမ့်”လို့ ရေးသားခဲ့သလို တခြားပရိသတ်တစ်ဦးက “လူစားလဲခံခဲ့ရတဲ့အချိန်မှာ ဟီဂွါအင် ဘာလို့ဒေါသထွက်လဲဆိုတာ သိပြီ။ သူလည်း ဒီအမျိုးသမီးရဲ့ ရင်သားကို နောက်ထပ်အသေအချာ ကြည့်ချင်မှာပေါ့”လို့ နောက်ပြောင်ခဲ့ပါတယ်။ အသက်(၃၁)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဟီဂွါအင်ဟာ ချယ်လ်ဆီးအသင်းအတွက် (၄)ဂိုးမြောက်သွင်းယူခဲ့တာဖြစ်ပြီး ပွဲချိန်(၇၇)မိနစ်မှာ လူစားလဲခံခဲ့ရလို့ အရန်ခုံမှာ မကျေမနပ်နဲ့ ဒေါသပေါက်ကွဲခဲ့ပါသေးတယ်။

ဟီဂွါအင်ရဲ့ အောင်ပွဲခံပုံကို ကြည့်ရန် ရုပ်သံလင့်ခ်

REF:Daily Mail
Photo:Skysports,Infobae
Naing Linn(Akhayar)
www.akhayar.com