ရီးယဲလ်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ ဂါရတ်ဘေးလ် Gareth Bale ဟာ နည်းပြဇီဒန်း Zinedine Zidane နဲ့ ဆက်ဆံရေး အဆင်မပြေဖြစ်နေပြီး အခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်း အသင်းပြောင်းဖို့ နီးစပ်နေပြီဖြစ်ပါတယ်။ ရီးယဲလ်အသင်း ပရိသတ်တွေကိုယ်တိုင်က ဂါရတ်ဘေးလ်ရဲ့ စွမ်းဆောင်ရည်ကို အသိအမှတ်မပြုကြဘဲ ပြီးခဲ့တဲ့နှစ်တွေတုန်းကဆိုရင် ဂါရတ်ဘေးလ်ကို လှောင်ပြောင်မှုတွေတောင် လုပ်ခဲ့ကြသလို အခုလည်း လှောင်ပြောင်နေကြဆဲပါပဲ။ ဒါပေမဲ့ ရီးယဲလ်ကစားသမားဘ၀ ဂါရတ်ဘေးလ်ရဲ့ စွမ်းဆောင်ရည်မှတ်တမ်းကို ကြည့်မယ်ဆိုရင် သူဟာ ဒီထက်ပိုပြီး လေးစားမှုရသင့်တယ်လို့ပဲ ပြောရမှာပါ။ ဘာဖြစ်လို့လဲဆိုရင် ဂါရတ်ဘေးလ်ရဲ့ မှတ်တမ်းက ရီးယဲလ်ဂန္ထ၀င်ကစားသမားတွေလို့ သတ်မှတ်ရမယ့် ဇီဒန်း Zinedine Zidane ၊ ဖီဂို Luis Figo တို့ထက်တောင် သာနေလို့ပါပဲ။ အဲဒါကြောင့် ဂါရတ်ဘေးလ်၊ ဇီဒန်းနဲ့ ဖီဂိုတို့ရဲ့ တစ်ဦးချင်းစွမ်းဆောင်ရည်တွေကို နှိုင်းယှဉ်ကြည့်လိုက်ရအောင် . .

ပထမဆုံး ဇီဒန်းရဲ့ ရီးယဲလ်ကစားသမားဘ၀ မှတ်တမ်းကို ဖော်ပြချင်ပါတယ်။ ရီးယဲလ်အသင်းမှာ ၂၀၀၁ ကနေ ၂၀၀၆ ခုနှစ်အထိ ကစားခဲ့တဲ့ ဇီဒန်းဟာ (၂၂၇)ပွဲကစား၊ (၄၉)ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၄၉)ကြိမ်ပြုလုပ်ခဲ့ပြီး ချန်ပီယံလိဂ်အပါအ၀င် ဆုဖလား(၆)ခု ရယူနိုင်ခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်မှာ အခါးသီးဆုံးပြိုင်ဘက် ဘာစီလိုနာအသင်းကနေ ပြောင်းရွှေ့ခဲ့သူ ဖီဂိုကတော့ (၂၄၅)ပွဲကစား၊ (၅၆)ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၉၃)ကြိမ်ပြုလုပ်ခဲ့ပြီး သူကလည်း ချန်ပီယံလိဂ်နဲ့ တခြားအဓိကဆုဖလား (၉)ခုရယူခဲ့တယ်။ ဂါရတ်ဘေးလ်ဟာ ရီးယဲလ်ကစားသမားဘ၀ (၆)နှစ်တာကာလအတွင်း (၂၃၁)ပွဲကစားခဲ့ပြီး (၁၀၂)ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၆၅)ကြိမ် ပြုလုပ်ခဲ့သလို ဆုဖလား(၁၃)ခုအထိ ရယူနိုင်ခဲ့တယ်။ ဂါရတ်ဘေးလ် ရယူခဲ့တဲ့ ဆုဖလားတွေထဲမှာ ချန်ပီယံလိဂ်ဖလား(၄)ကြိမ်အထိ ပါဝင်ခဲ့တာက ဖီဂို၊ ဇီဒန်းတို့ထက် အများကြီး သာခဲ့ပါတယ်။ ၂၀၁၈ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အရန်ကစားသမားအဖြစ်သာ ပါဝင်ခွင့်ရခဲ့ပေမယ့် (၂)ဂိုးသွင်းယူပြခဲ့တာကြောင့် ဂါရတ်ဘေးလ်ကို ပရိသတ်တွေ လှောင်ပြောင်နေတာက မှန်ရောမှန်ရဲ့လား။ ပြီးခဲ့တဲ့ရာသီက စီရော်နယ်လ်ဒို Cristiano Ronaldo မရှိတော့တဲ့ တိုက်စစ်မှာ ဘန်ဇီမာ Benzema နဲ့အတူ အပြိုင်ထမ်းခဲ့ရတဲ့ ဂါရတ်ဘေးလ်ကို အခုအချိန်မှာ အလွယ်တကူ လက်လွှတ်မခံသင့်ဘူးဆိုတာတော့ အသေအချာပါပဲ . .

ရီးယဲလ်ကစားသမားဘ၀ ဇီဒန်းရဲ့ အောင်မြင်မှုများ

La Liga: 2002–03
Supercopa de España: 2001, 2003
UEFA Champions League: 2001–02
UEFA Super Cup: 2002
Intercontinental Cup: 2002

ရီးယဲလ်ကစားသမားဘ၀ ဖီဂိုရဲ့ အောင်မြင်မှုများ

La Liga: 2000–01, 2002–03
Supercopa de España: 2001, 2003
UEFA Champions League: 2002
UEFA Super Cup: 2002
Intercontinental Cup: 2002

ရီးယဲလ်ကစားသမားဘ၀ ဂါရတ်ဘေးလ်ရဲ့ အောင်မြင်မှုများ

La Liga: 2016–17
Copa del Rey: 2013–14
Supercopa de España: 2017
UEFA Champions League: 2013–14, 2015–16, 2016–17, 2017–18
UEFA Super Cup: 2014, 2016, 2017
FIFA Club World Cup: 2014,

REF:sportbible
Photo:Gareth Bale Facebook,Football Whispers Twitter
‏Naing Linn(Akhayar)
www.akhayar.com