Nimes အသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ PSG ပရိသတ်တွေဟာ အသင်းရဲ့ နာမည်ကျော်တိုက်စစ်မှူး နေမာ Neymar ကို ပြင်းပြင်းထန်ထန် လှောင်ပြောင်မှုတွေပြုလုပ်ခဲ့ကြပါတယ်။ နေမာဟာ ဒီနွေရာသီကာလအတွင်း PSG အသင်းကနေ ထွက်ခွာဖို့ အသည်းအသန်ကြိုးပမ်းခဲ့ပြီး ဘာစီလိုနာကို ပြောင်းရွှေ့မယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် လက်တွေ့မှာ ဖြစ်မလာခဲ့ပါဘူး။ ဘာစီလိုနာကို ပြောင်းမယ်လို့ လူသိရှင်ကြား ပြောဆိုခဲ့တာ၊ PSG ကို ပြောင်းရွှေ့ခဲ့တာက မှားယွင်းတဲ့ဆုံးဖြတ်ချက်ဆိုပြီး ၀န်ခံခဲ့တာတွေက ပရိသတ်တွေအတွက် ဒေါသထွက်စရာဖြစ်ခဲ့တာကြောင့် Nimes နဲ့ကစားခဲ့တဲ့ပွဲမှာ PSG ပရိသတ်တွေက နေမာကို ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

အဲဒီပွဲမှာ နေမာဟာ လူစာရင်းမှာ ပါဝင်ခဲ့ခြင်းမရှိဘဲ PSG အသင်းက (၃)ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။ PSG ပရိသတ်တွေက “နေမာ ထွက်သွား”ဆိုတဲ့ စာတန်းကို ပွဲကြည့်စင်အတွင်း ကိုင်ဆောင်ခဲ့သလို နေမာကိုလည်း “son of a b****”ဆိုပြီး ဆဲဆိုခဲ့ကြပါသေးတယ်။ ဒါ့အပြင် ပွဲကြည့်စင်နေရာ တော်တော်များများမျာလည်း နေမာကို ဆဲဆိုထားတဲ့ စာတန်းတွေကို ချိတ်ဆွဲခဲ့ကြပါတယ်။ နေမာဟာ တစ်ချိန်က PSG ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်ခဲ့ပေမယ့် အခုအချိန်မှာတော့ အမုန်းဆုံးကစားသမားဖြစ်နေပြီး သူ့ကို ဆန့်ကျင်တဲ့အနေနဲ့ Nimes နဲ့ပွဲမှာ ကာဗာနီ Edinson Cavani ကို အားပေးခဲ့ကြပါတယ်။ အခုလောလောဆယ် နေမာကို ခေါ်ယူဖို့ လာလီဂါထိပ်သီး ရီးယဲလ်အသင်းက ပစ်မှတ်ထားနေပြီး PSG အသင်းကတော့ နေမာအတွက် ယူရိုသန်း(၂၀၀)ရရင် လက်လွှတ်သွားဖို့ရှိနေပါပြီ။ အင်္ဂလန်မှာ အပြောင်းအရွှေ့ဈေးကွက်ပိတ်သွားပြီဖြစ်ပေမယ့် စပိန်နဲ့ပြင်သစ်တို့ရဲ့ နွေရာသီအပြောင်းအရွှေ့ကာလက စက်တင်ဘာ(၂)ရက်အထိ ကျန်နေသေးလို့ နေမာရဲ့အပြောင်းအရွှေ့ ဖြစ်လာမလာဆိုတ စောင့်ကြည့်ရမှာပါ။

REF:The Sun
Photo:AFP, Getty Images
Naing Linn(Akhayar)
www.akhayar.com