အဲဗာတန်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ပြိုင်ဘက်အသင်းနည်းပြ မာကိုဆေးလ်ဗား Marco Silva ကို ကုတ်အင်္ကျီနဲ့ ပစ်ပေါက်ခဲ့တဲ့ အာဆင်နယ်ကွင်းလယ်လူ အိုဇေးလ် Mesut Ozil ဟာ Twitter စာမျက်နှာမှာ ပရိသတ်တွေရဲ့ လှောင်ပြောင်မှုနဲ့ ရင်ဆိုင်နေရပါပြီ။ အိုဇေးလ်ဟာ အဲဒီပွဲမှာ ခြေစွမ်းပြ မကစားနိုင်ခဲ့ပေမယ့်လည်း လူပြောစရာ အပြုအမူပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ပွဲပြီးဖို့ မိနစ်ပိုင်းအလိုမှာ အဲဗာတန် ကွင်းလယ်လူ ကယ်လ်ဗတ်လေ၀န် Dominic Calvert-Lewin ကို အာဆင်နယ်နောက်ခံလူ မူစတာဖီ Shkodran Mustafi က ရည်ရွယ်ချက်ရှိရှိ ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် အဲဒီဖြစ်ရပ်အတွက် နှစ်ဖက်အသင်းနည်းပြတွေ အချင်းများနေချိန်မှာ အိုဇေးလ်က အရန်ခုံကနေပြီး သူဝတ်ထားတဲ့ အပေါ်ကုတ်အင်္ကျီနဲ့ အဲဗာတန်နည်းပြအဖွဲ့ဝင်တွေကို ပစ်ပေါက်ခဲ့တာဖြစ်ပါတယ်။

အိုဇေးလ်ရဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီး ပရိသတ်တစ်ဦးက “အိုဇေးလ်ဟာ သူ့သဘက်ကို အမြဲလိုလို လွှင့်ပစ်လေ့ရှိပြီး အခုတော့ ကုတ်အင်္ကျီကိုပါ လွှင့်ပစ်နေပါပြီ”လို့ လှောင်ပြောင်ခဲ့သလို နောက်တစ်ဦးကလည်း “မာကိုဆေးလ်ဗားကို အိုဇေးလ် ကုတ်အင်္ကျီနဲ့ ပစ်ပေါက်ခဲ့တာက ဒီပွဲမှာ အာဆင်နယ်အသင်းအတွက် ပြိုင်ဘက်ကို ခြိမ်းခြောက်နိုင်မှုအရှိဆုံး အခိုက်အတန့်ဖြစ်ခဲ့ပါတယ်”လို့ နောက်ပြောင်ရေးသားခဲ့ပါတယ်။ အဲဒီပွဲမှာ အာဆင်နယ်အသင်းဟာ နောက်ခံလူ ဆိုကရေးတစ် Sokratis ရဲ့ အမှားကနေ အဲဗာတန်ဝါရင့်နောက်ခံလူ ဂျာဂယ်လ်ကာ Jagielka သွင်းယူခဲ့တဲ့ဂိုးကြောင့် ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် လက်ကျန်ပွဲတွေမှာ ရုန်းကန်ရဖို့ရှိနေပါပြီ။ အိုဇေးလ်အနေနဲ့လည်း အခုလုပ်ရပ်ကြောင့် FA ရဲ့ အရေးယူမှုနဲ့ ရင်ဆိုင်ရဖို့ရှိနေတာကြောင့် အာဆင်နယ်အသင်းအတွက်တော့ ထိုးနှက်ချက်တစ်ခုဖြစ်လာမယ့် အနေအထားပါပဲ . . .

REF:The Sun,Daily Mail
Photo:The Sun,Daily Mail
Naing Linn(Akhayar)
www.akhayar.com