ဘာလိုတယ်လီ Mario Balotelli ဆိုတာက ခြေစွမ်းကောင်းပေမယ့် ဆိုးသွမ်းတဲ့အကျင့်စရိုက်ကြောင့် ထိပ်တန်းအဆင့်ကို ရောက်သင့်ရက်နဲ့ ရောက်မလာတဲ့ ကစားသမားတစ်ဦးပါပဲ။ လူငယ်ကစားသမားဘ၀မှာ အင်တာမီလန်၊ မန်စီးတီး၊ အေစီမီလန်၊ လီဗာပူးလ်စတဲ့ ထိပ်သီးအသင်းတွေမှာ ကစားခဲ့ပြီး ချန်ပီယံလိဂ်၊ စီးရီးအေ၊ ပရီးမီးယားလိဂ်လို အဓိက ဆုဖလားတွေ ရယူနိုင်ခဲ့တယ်။ ဒါပေမဲ့ ‘ကိုယ့်ကိုယ်ကိုယ်ဖျက် သံချေးတက်’ဆိုတဲ့ စကားအတိုင်း လေ့ကျင့်ရေးကွင်းမှာ အသင်းဖော်အချင်းချင်း ပြဿနာရှာတာ၊ နည်းပြကို လေးစားမှု မရှိတာ၊ စိတ်လက်မာန်ပါ လုပ်ရပ်တွေကြောင့် သူ့အနေအထားက တဖြည်းဖြည်း ကျဆင်းလာပြီး အခု ကစားသမားဘ၀ အကောင်းဆုံးအချိန်မှာ ဘရက်စီယာလို စီးရီးအေတန်းတက်အသင်းမှာ ကစားသမားဘ၀ ဖြတ်သန်းနေရပါပြီ။

ဘာလိုတယ်လီလို ခပ်ဆိုးဆိုးကစားသမားတစ်ဦးနဲ့ မော်ရင်ဟို Jose Mourinho လိုမျိုး ဆတ်ဆတ်ကြဲနည်းပြတို့ တစ်သင်းတည်းအတူ လက်တွဲခဲ့ချိန်မှာ ဘာတွေဖြစ်မလဲလို့ အားလုံးက စိတ်ဝင်စားခဲ့ကြတယ်။ အင်တာမီလန်အသင်းကို မော်ရင်ဟို နည်းပြအဖြစ် ကိုင်တွယ်ခဲ့တုန်းက ဘာလိုတယ်လီနဲ့ လက်တွဲခဲ့ရတယ်။ အဲဒီကာလအတွင်း ဘာလိုတယ်လီနဲ့ မော်ရင်ဟိုတို့ကြားက ရယ်စရာကောင်းတဲ့အဖြစ်အပျက်တစ်ခုကို ပရိသတ်တွေ သိရှိနိုင်အောင် ဖောက်သည်ချလိုက်ပါရစေ။ ၂၀၀၉-၁၀ ရာသီ ချန်ပီယံလိဂ် အုပ်စုပွဲအဖြစ် ရူဘင်ကာဇန်နဲ့ ကစားခဲ့တဲ့ ပထမအကျော့ပွဲမှာဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက အင်တာမီလန်အသင်းမှာ တိုက်စစ်မှူးတွေ ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်နေရတာကြောင့် ဘာလိုတယ်လီတစ်ယောက်သာ ဒေါင်ဒေါင်မြည် ကျန်နေတာပါ။

အဲဒီပွဲအဖြစ်အပျက်နဲ့ ပတ်သက်ပြီး မော်ရင်ဟိုက အခုလိုပြောခဲ့ဖူးတယ်။ ”ချန်ပီယံလိဂ်ပွဲအဖြစ် ရူဘင်ကာဇန်နဲ့ ကစားမယ့်ပွဲမှာပေါ့။ ကျွန်တော့်အသင်းက တိုက်စစ်မှူးတွေ အားလုံး ဒဏ်ရာရနေကြတယ်။ အီတူး Etoo ၊ မီလီတို Diego Milito တို့ မပါနိုင်ချိန်မှာ ကျွန်တော် တော်တော်လေး ဒုက္ခရောက်ခဲ့ပြီး တိုက်စစ်မှူးဆိုလို ဘာလိုတယ်လီ တစ်ဦးပဲကျန်ပါတော့တယ်။ အဲဒီပွဲ ပထမပိုင်း (၄၂)မိနစ်မှာ ဘာလိုတယ်လီက အ၀ါကတ်ထိခဲ့တာကြောင့် ပထမပိုင်းအပြီးမှာ ဘာလိုတယ်လီကို ကျွန်တော်က ‘ဘယ်သူ့ကိုမှ သွားမထိနဲ့၊ ဘောလုံးကိုပဲ အာရုံစိုက်ကစားပါကွာ။ ဘောလုံးဆုံးရှုံးသွားရင်လည်း ဘာမှ မဖြစ်နဲ့၊ တစ်ယောက်ယောက်က ဒေါသထွက်အောင် လာဆွရင်လည်း ဘာမှ ပြန်မလုပ်နဲ့၊ နောက်ဆုံး ဒိုင်လူကြီးက ဆုံးဖြတ်ချက် မှားခဲ့ရင်တောင် ဘာမှမလုပ်နဲ့ကွာ’လို့ အသေအချာ မှာခဲ့ပါတယ်။ သူ့ကို ပြောနေရတာက (၁၄)မိနစ်လောက်ကြာပါတယ်”

ဘာလိုတယ်လီဆိုတာကလည်း တစ်ခွန်းဆို တစ်ခွန်းပါပဲ။ မော်ရင်ဟို သေသေချာချာမှာနေတဲ့ကြားကနေ မိနစ်(၆၀)မှာ အ၀ါကတ်ထပ်ပြခံရပြီး အနီကတ်နဲ့ အထုတ်ခံရပါလေရော။ မော်ရင်ဟိုတစ်ယောက် ဘယ်လောက်များ ဒေါသပေါက်ကွဲမလဲဆိုတာ စဉ်းစားကြည့်ပါတော့။ အဲဒီလိုတွေဖြစ်ပြီး ၂၀၀၉-၁၀ ရာသီကုန်မှာပဲ အင်တာမီလန်အသင်းက ဘာလိုတယ်လီကို မန်စီးတီးအသင်းဆီ ရောင်းချခဲ့ပါတော့တယ်။ မော်ရင်ဟိုလို စည်းကမ်းကြီးတဲ့ နည်းပြတောင် ဘာလိုတယ်လီကို ကိုင်တွယ်လို့ မရခဲ့တာက ဒီအဖြစ်အပျက်ဟာ သက်သေပါပဲ။ ဒါက ရယ်စရာကောင်းတဲ့ဖြစ်ရပ်ဆိုပေမယ့် ဆရာသမားတွေရဲ့ စကားကို နားမထောင်ဘဲ စိတ်ထင်တိုင်းကြဲ ကိုယ့်ဘ၀ကိုယ် ဖျက်ဆီးရင် ဘာဖြစ်မလဲဆိုတာ ဘာလိုတယ်လီရဲ့အဖြစ်အပျက်က သင်ခန်းစာယူစရာလည်းကောင်းပါတယ်။

REF:SPORTbible
Photo:Getty Images
Naing Linn(Akhayar)
www.akhayar.com