ရန်းစ်အသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်း Pierre-Emerick Aubameyang ဟာ ဂိုးသွင်းအပြီး Black Panther မျက်နှာဖုံးစွပ်ကို ၀တ်ဆင်ပြီး အောင်ပွဲခံခဲ့တယ်။ အူဘာမီယန်းဟာ အရင်တုန်းကလည်း ဂိုးသွင်းပြီးရင် Super Heroes တွေဖြစ်တဲ့ Spider Man ၊ Bat Man စတဲ့ မျက်နှာဖုံးစွပ်တွေဝတ်ပြီး ထူးထူးဆန်းဆန်း အောင်ပွဲခံတတ်သူဖြစ်ပါတယ်။ အူဘာမီယန်းလိုပဲဂိုးသွင်းပြီးရင် ထူးထူးဆန်းဆန်းပုံစံနဲ့ အောင်ပွဲခံကြတဲ့ နာမည်ကျော် ကစားသမားတွေ ရှိခဲ့ကြပြီး အဲဒီကစားသမားတွေကို ပရိသတ်တွေ ဗဟုသုတအဖြစ် သိရှိစေဖို့ ဖော်ပြလိုက်ရပါတယ် . . .

Peter Crouch

လက်ရှိ ဘန်လေအသင်းမှာ ကစားနေတဲ့ ပရီးမီးယားလိဂ်ဝါရင့်တိုက်စစ်မှူးကြီး ပီတာခရော့ခ်ျ Peter Crouch ရဲ့ ဂိုးသွင်းပြီးအောင်ပွဲခံတဲ့ ပုံစံကတော့ တကယ့်ကို ရီစရာပါ။ သူ့ရဲ့ ကလန်ကလား အရပ်နဲ့မှ မလိုက်အောင် စက်ရုပ်အကနဲ့ အောင်ပွဲခံခဲ့တာဖြစ်ပြီး ပရိသတ်တွေကတော့ တော်တော်လေး သဘောခွေ့ကြခဲ့တယ်။

Daniel Sturridge

လီဗာပူးလ်တိုက်စစ်မှူး စတာရစ်ခ်ျ Daniel Sturridge ရဲ့ အောင်ပွဲခံပုံကလည်း တစ်မျိုးထူးခြားပါတယ်။ လက်နှစ်ဖက်ကို လှိုင်းပုံစံ ကပြတာဖြစ်ပြီး အဲဒီလိုပုံစံက တခြားသူတွေ လိုက်တုဖို့ ခက်ခက်ပါပဲ။

Tim Cahill

အဲဗာတန်အသင်း နာမည်ကျော်ကစားသမားဟောင်း ကာဟေးလ် Tim Cahill ကတော့ ဂိုးသွင်းပြီးရင် ဂိုးထောင့်နားက အလံတိုင်ဆီ ပြေးပြီး လက်သီးနဲ့ထိုးတော့တာပဲ။ ဘယ်လိုရည်ရွယ်ချက်လဲဆိုတာတော့ မပြောတတ်ပါဘူး။

Miroslav Klose

ဂျာမန်တိုက်စစ်မှူးဟောင်းကြီး ကလိုဆေး Miroslav Klose ရဲ့ အောင်ပွဲခံပုံက နည်းနည်းတော့ အန္တရာယ်များတယ်။ သူက ဂိုးသွင်းပြီးရင် Somersault ပုံစံ နောက်ကျွမ်းထိုး အောင်ပွဲခံတာဖြစ်ပြီး နောက်ပိုင်းမှာတော့ ဒဏ်ရာရမှာ စိုးလို့ အဲဒီပုံစံကို ထပ်မလုပ်တော့ပါဘူး။

Nani

မန်ယူ တောင်ပံကစားသမားဟောင်း နာနီ Nani ရဲ့ အောင်ပွဲခံပုံကလည်း ကလိုဆေး Miroslav Klose နဲ့ ခပ်ဆင်ဆင်ပါပဲ။ ဒါပေမဲ့ နာနီက လေပေါ်မှာ နှစ်ပတ်ကျွမ်းထိုးပြီး အောင်ပွဲခံတာဖြစ်ပါတယ်။ မန်ယူကို စရောက်ခါစက အဲဒီလိုအောင်ပွဲခံတဲ့ပုံစံကြောင့် နည်းပြ ဖာဂူဆန် Alex Ferguson ကတောင် တားမြစ်ခဲ့ရပါသေးတယ်။

Cristiano Ronaldo

စီရော်နယ်လ်ဒို Cristiano Ronaldo ရဲ့ အောင်ပွဲခံပုံက အမျိုးမျိုးရှိပေမယ့် အခုနောက်ပိုင်းမှာတော့ လေပေါ်မှာခုန် လက်ကားတဲ့ ပုံစံနဲ့ပဲ အောင်ပွဲခံတာ များပါတယ်။ တစ်ခါတစ်လေကျရင် အင်္ကျီချွတ်ပြီး သူ့ရဲ့ Six Packs တွေကို ထုတ်ပြန်လေ့ရှိပါတယ်။

Wayne Rooney

မန်ယူဂန္ထ၀င်တိုက်စစ်မှူး ရွန်နီ Wayne Rooney ဟာ အခုနောက်ပိုင်း ဂိုးသွင်းပြီးရင် လက်နှစ်ဖက်ကို လေပေါ်မြှောက် အောင်ပွဲခံတာများတယ်။ အကြောင်းရင်းကတော့ ၂၀၁၃ ခုနှစ်တုန်းက သေဆုံးခဲ့တဲ့ ကောလင်း Coleen Rooney ရဲ့ ညီမလေး Rosie အတွက် ရည်ရွယ်တာဖြစ်ပြီး အသက်(၁၃)နှစ်အရွယ်မှာ လူ့လောကထဲကနေ ထွက်ခွာခဲ့ရလို့ ၀မ်းနည်းတဲ့အနေနဲ့ အဲဒီလို အောင်ပွဲခံတာပါ။

Photo:Twitter,The Independent,Getty Images,NBC News,Sports India Show,theworldnews
Naing Linn(Akhayar)
www.akhayar.com